* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

မဟာစည်ဆရာတော်နှင့်ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃) - စာရေးသူ (အရှင်) သာမဏေကျော်

မဟာစည်ဆရာတော်နှင့် ယနေ့ခေတ်ဝိပဿနာရှုနည်းများ (၃) -
စာရေးသူ (အရှင်) သာမဏေကျော်



၈ ။ ။မေး။ ။သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒဥာဏ်အစစ် ဖြစ်ပါသလား။

ဖြေ။ ။ သရုပ်သချာင်္ဖြင့် ဆင်ခြင်၍ သိရုံမျှဖြင့် နာမရူပပရိစ္ဆေဒ ဥာဏ်အစစ်မဖြစ်။ တကယ်ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ရှုမှတ်နေစဉ် သိစရာရုပ်နှင့် အသိစိတ်နာမ် တခြားစီ ခွဲခြား၍ သိမှသာ နာမရူပပရိစ္ဆေဒဥာဏ်အစစ် ဖြစ်ကြောင်း မှတ်သားကြရမယ်။ (ဓမ္မစကြာတရားတော်ကြီး)

ကိုယ်ပိုင်အသိဥာဏ်က ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်မှ ဖြစ်တယ်။ ကြံတွေး ကြည့်ရုံနဲ့တော့ မဖြစ်ဘူး။ လောကီစိတ်က ၈၁ ခုနဲ့ စေတိသိက် ၅၂ ခုက နာမ်၊ ရုပ် ၂၈ ခုက ရုပ်၊ ဒီနာမ်ရုပ် ၂ ပါးမျှသာ ရှိတယ် လို့ ဒီလိုဆင်ခြင်ကြံတွေးကြည့်တာကတော့ သညာသိပဲ။ ကိုယ်ပိုင်ဥာဏ်ပညာသိမဟုတ်ဘူး။ စဉ်းစားကြည့်ပါ။ လောကီစိတ် ၈၁ ခုဆိုတာ ဘယ်ကစိတ်တွေလဲ။ မိမိသန္တန်မှာ အကုန်လုံးဖြစ်ဖူးရဲ့လား။ မဟဂ္ဂုတ်ကုသိုလ် ကြိယာစိတ်တွေဟာ ဈာန်ရပုဂ္ဂိုလ်တွေ သန္တန်မှာသာ ရှိတယ်။ ကာမာဝစရ ကြိယာဇောစိတ်တွေတောင်မှ ရဟန္တာပုဂ္ဂိုလ်၏ သန္တန်မှာသာ ရှိတယ်။ မိမိသန္တန်မှာ မရှိတဲ့ အဲဒီစိတ်တွေကို အမှန်တကယ်သိနုင်ပါ့မလား။ ရုပ် ၂၈ ခုထဲမှာလည်း ဣထိဘာဝရုပ်ဆိုတာ မိန်းမတို့သန္တန်မှာသာ ရှိတယ်။ အဲဒီရုပ်ကို ယောကျာ်းတွေ ကိုယ်တိုင်တွေ့အားဖြင့် သိနိုင်ပါ့မလား။

အဲဒီလိုမသိနိုင်တာတွေကို ဆင်ခြင်ပြီး သိတာဟာ ပရမတ်အစစ်ကို သိတာ ဟုတ်ပါ့မလား။ အမည်ပညတ်လောက် သိနေတာ မဖြစ်ပေဘူးလား။ "ပရမတ်တရားတို့၏ အမည်ပညတ်မျှကိုသာ သိခြင်းဖြစ်ပါတယ်"လို့ ရိုးသားစွာ ဖြေရပေလိမ့်မယ်။ အဲဒီလို ပညတ်ကိုသိရုံနဲ့ နာမရူပပရိစ္ဆေဒဥာဏ်အစစ် မဖြစ်ဘူးဆိုတာကတော့ ရှင်းနေပါပြီ။ ဒါကြောင့် ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမှတ်တဲ့သူတွေမှာ အောက်ဆုံးအခြခံ ၀ိပဿနာပညာဖြစ်တဲ့ နာမရူပပရိစ္ဆေဒဥာဏ်တောင် မရှိနိုင်ဘူး။ ၀ိပဿနာပညာ ကင်းမဲ့နေကြတယ်။ (သလ္လေခသုတ်တရားတော်ကြီး)


၁၁။ ။ မေး။ ။ပထမစပြီး ၀ိပဿနာရှုကတည်းက အနိစ္စ စသည်ကို သိမြင်ပါသလား။

ဖြေ။ ။ ၀ိပဿနာ ယာနိက၏ ရှုပုံကိုတော့ ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။

ဒီမှာလည်း ဥပစာရသမာဓိ၊ ဈာန်အပ္ပနာသမာဓိကို မဖြစ်စေတော့ဘဲ ဥပါဒါနက္ခန္ဓာငါးပါးကို ပထမစပြီး ရှုကတည်းက အနိစ္စစသည်ကို သိမြင်တယ်လို့တော့ မယူရဘူး။ နီဝရဏ ကိလေသာ စိတ်ကူးတွေ မကင်းသေးရင် ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတောင် ကောင်းကောင်း မသိနိုင်သေးပါဘူး။ နီဝရဏကိလေသာ စိတ်ကူးတွေကို ကင်းစေနိုင်တဲ့ ၀ိပဿနာ ခဏိက သမာဓိ ကောင်းကောင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီခဏိက သမာဓိ ဖြစ်တဲ့အခါကျမှ နီဝရဏ ကိလေသာစိတ်ကူးတွေ ကင်းပြီး စိတ္တ၀ိသုဒ္ဓိဖြစ်တယ်။

စိတ္တ၀ိသုဒ္ဓိဖြစ်တဲ့အခါကျမှ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကောင်းကောင်းကြီးသိပြီး နာမရူပပရိစ္ဆေဒဥာဏ်ဖြစ်တယ်။ အဲဒီကနောက် အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဥာဏ်ဖြစ်ပြီးတော့ အနိစ္စစသည်ကို သိတဲ့ သမ္မသနဥာဏ် စသည်ဖြစ်တယ်။ အဲဒီလို ဖြစ်ပုံက ၀ိသုဒ္ဓိမဂ်မှာ အကျယ်ပြထားပြီး ရှိနေတဲ့အတွက် ဒီအဋ္ဌကထာမှာတော့ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စစသည်တို့ဖြင့် ရှုတယ်လို့ အကျဉ်းချုပ်ပြထားတယ်လို့ မှတ်ရမယ်။

အဲဒီလိုမယူဘဲနဲ့ စပြီးရှုကတည်းက အနိစ္စစသည်ကို သိမြင်တဲ့ဥာဏ်ဖြစ်တယ်လို့ ယူရင် ၀ိသုဒ္ဓိမဂ်နဲ့ဆန့်ကျင်တယ်။ ၀ိသုဒ္ဓိ ၇ ပါး ဖြစ်စဉ်နဲ့လည်း ဆန့်ကျင်တယ်။

ဆန့်ကျင်ရင် အစစ်အမှန်မဟုတ်ဘူး။ အတုအယောင် အမှားပေါ့။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)


၁၂။ ။ မေး။ ။တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲ ဖြစ်ပျက်ဖြစ်ပျက် ဆိုရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ် ဖြစ်နိုင်ပါသလား။

ဖြေ။ ။ ရုပ်နာမ် အစစ်ရဲ့ သဘော အထည်ကိုယ်ကို မတွေ့ရသေးဘဲနဲ့ အဲဒီအဖြစ်အပျက်ကို မသိမြင်နိုင်ဘူး။ ဥပမာ လျှပ်ရောင် လက်နေတုန်း မကြည့်မိ မမြင်မိပါဘဲနဲ့ အဲဒီလျှပ်ရောင်ရဲ့ ပေါ်လာပုံ ဖြစ်ပုံကို သိနိုင်ပါ့မလား။ မသိနိုင်ပါဘူး။ အဲဒါလိုပဲ ဖြစ်ခိုက် ရုပ်နာမ်ကို မရှုမသိပါဘဲ အဲဒီရုပ်နာမ်၏ အဖြစ်အပျက်ကို မသိနိုင်ဘူးဆိုတာ သိနားလည်ထားကြရမယ်။ ဒါကြောင့် တကယ်ဖြစ်ပျက်တဲ့ ရုပ်နာမ်ကို မရှုပါဘဲနဲ့ ဖြစ်ပျက်ဖြစ်ပျက်ဆိုနေရုံမျှဖြင့် တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ် မဖြစ်ဘူး။ ဖြစ်ဆဲရုပ်နာမ်ကို ရှုမှတ်ပြီး တကယ်ဖြစ်ပျက်သွားပုံကို တွေ့ပါမှ တကယ်အဖြစ်အပျက်ကို သိတဲ့ ၀ိပဿနာဥာဏ်အစစ်ဖြစ်တယ်ဆိုတာကိုလည်း ကိန်းသေမှတ်ထားကြရမယ်။ (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်)


စာရေးသူ-(အရှင်)သာမဏေကျော်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP