သုမေဓာထေရီ အပိုင်း-၃ အဆက်
ဤသို့သော စကားဖြင့် ပြောပြ၍ အနိကရတ္တ မင်းသားအား သုမေဓာမင်းသမီးက ဆုံးမသြဝါဒပေး၍ စေလွှတ်လိုက်၏။ အနိကရတ္တမင်းသည် ပြာသာဒ်ပေါ်မှ ဆင်းသွားပြီးလျှင် တောင်းပန်၍ သုမေဓာ၏ ခမည်းတော် မယ်တော်တို့အား ပြောပြ၏။ ခမည်းတော် မယ်တော်တို့မှာ ကြံရာမရတော့၍ နန်းရင်ပြင် မြေအပြင်၌ ငိုကြွေးကြရာ အနိကရတ္တမင်းလည်း ရောနှော ငိုလေတော့သည်။ ထိုအခါ သုမေဓာမင်းသမီးသည် ရွှေနန်းတော် ပြာသာဒ်တံခါးကို ဖွင့်၍ ဤသို့ တရားဟောကြားပေ၏။
“အို မယ်တော် ခမည်းတော်၊ အကြိမ်ကြိမ် အခါခါ ငိုကြွေးကြကုန်၍ ဖြစ်ခြင်း ပျက်ခြင်းကို မသိမမြင် ကုန်သော ပုထုဇဉ်တို့အား ဖြစ်ပျက် ပြောင်းလဲ ဖောက်လှဲဖောက်ပြန် အဖန်ဖန် အခါခါ သံသရာ၌ ကျင်လည် ဖြစ်ပျက်ရခြင်းသည် အလွန် ရှည်ကြာလှ၏။ အစမထင်သော သံသရာ၌ အဖေသေ၍ ငိုရသော မျက်ရည်၊ မောင်သေ၍ ငိုရသော မျက်ရည်၊ အမိသေ၍ ငိုရသော မျက်ရည်၊ သမီးသေ၍ ငိုရသော မျက်ရည်တို့ မဟာသမုဒ္ဒရာ လေးစင်းမက များကြောင်းကို မြတ်စွာဘုရား ဟောတော်မူသော ‘အနမတဂ္ဂသုတ်’ တရားတော်ကို အောက်မေ့ကြပါကုန်လော့။
“ပဋိသန္ဓေနေ၍ မွေးလာတိုင်း စို့ရသော အမိ နို့ရည်သည် သံသရာရှည်ကြာစွာ ဘဝပေါင်းများစွာ ရှိ၍ လေးစင်းသော သမုဒ္ဒရာရေထက် များကြောင်းကို အောက်မေ့ကြလေကုန်။ တစ်ခုသော ကမ္ဘာ၏ အတွင်း၌ ဝေပုလ္လတောင်လောက် အရိုးစုများ များပြားအောင် သေရခြင်းကိုလည်း အောက်မေ့ကြပါကုန်။
“အို မယ်တော် ခမည်းတော်တို့၊ ဤ ဇမ္ဗူဒီပါကျွန်း ပထဝီမြေကြီးကို အလုံးစုံ ရွှံ့ဖြစ်အောင် ရေဖြင့်နယ်၍ ဆီးစေ့လောက် အလုံးကလေးတွေ လုံးကာ ထားပြီးလျှင် ရှေးရှေးဘဝ သံသရာက အမိဖြစ်ဖူးသော သူဟူသ၍ကို တစ်လုံးစီ ပေးပါက ဆီးစေ့မျှ လုံးထားသော ဇမ္ဗူဒီပါ မြေကြီးသည်သာ ကုန်၍ သွားရာ၏။ အမိဖြစ်ဖူးသူတို့ မကုန် မကုန်နိုင်ရာ။
“ဤသူသည် ရှေးဘဝ၌ အမိဖြစ်ဖူးသည် တစ်လုံးယူ၍ပေး၊ ဤသူသည် အမိဖြစ်ဖူးသည် ဟူ၍ တစ်လုံးယူ၍ပေး၊ ဤသို့ စသည်ဖြင့် ရှေးဘဝသံသရာ အဆက်ဆက် အမိဖြစ်ဖူးသူတို့ကို စေ့ငအောင် တစ်လုံးစီ ပေးလျှင် ပထဝီ မြေကြီးကုန်၍ သွားရာ၏။ ရှေးရှေးဘဝ သံသရာဝယ် အမိ မဖြစ်ဖူးသော သူကို ရှာ၍ ရခဲကြောင်း မရနိုင်ကြောင်းကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုတရားကို အောက်မေ့ကြဘိလော့။
“ဇမ္ဗူဒီပါ တစ်ကျွန်းလုံး၌ ရှိသော မြက်နွယ် သစ်ပင်ငယ် သစ်ပင်ကြီး ဟူသမျှတို့ကို အကုန်လုံးခုတ်၌ လေးသစ်ခန့် အတိုအစ အပိုင်းကလေးတွေ ပြုလုပ်၍ ထားပြီးလျှင် ရှေးရှေးဘဝသံသရာက အဖဖြစ်ဖူးသူ ဟူသမျှကို တစ်ခုစီပေးပါက လက်လေးသစ်ရွယ် ဖြတ်ထားသော သစ်ပင်တို့သာ ကုန်သွားရာ၏။ ရှေးရှေးဘဝ သံသရာက အဖ မဖြစ်ဖူးသောသူသည် မရှိနိုင်။ ဤသို့ ဘုရား ဟောတော်မူသည်ကို အောက်မေ့ကြပါကုန်။
“အို မယ်တော် ခမည်းတော်တို့၊ မြတ်စွာဘုရား ဟောတော်မူသော လိပ်ကန်းကြီး ဥပမာကိုလည်း ဆင်ခြင်ကြည့်ပါဦးလော့။ မဟာသမုဒ္ဒရာ၏ အရှေ့ဘက်ကမ်းအရပ်မှ လိပ်ကန်းကြီးတစ်ကောင်ကို လွှတ်၍ထား၊ မဟာသမုဒ္ဒရာ အနောက်ဘက်ကမ်း အရပ်မှ လည်ပင်း တပ်စရာ အပေါက် တစ်ပေါက်သာရှိသော ထမ်းပိုးကို ချ၍ထား။ အနှစ်တစ်ရာပြည့်မှ တစ်ခါတစ်ခါ ရေပေါ်သို့ ပေါ်၍လာသော လိပ်ကန်းကြီး၏ လည်ပင်း၌ ထမ်းပိုးပေါက်သည် စွပ်မိရာ၏။ လူ၏အဖြစ် လူ၏ဘဝကို အလွန်ရခဲ၏။ လူ၏ဘဝ၌ တရားကို အားထုတ်မှ အိုခြင်း သေခြင်း လွတ်ရာ နိဗ္ဗာန်တရားကို ရနိုင်၏။ တိရစ္ဆာန်ဘဝ၌ တရားအားထုတ်၌ နိဗ္ဗာန်ကို မရနိုင်ချေ။
“ရေမြှုပ်လုံးနှင့် တူသော ရုပ်တရားကိုလည်း အောက်မေ့ကြပါကုန်လော့။ ဤကိုယ်သည် အနှစ်သာရ ဘာမျှ မရှိ။ ရေမြှုပ်ခဲ ရေမြှုပ်လုံးကြီး၌ ခိုင်မာသော အနှစ်သာရကို ရှာ၍ မရနိုင် သကဲ့သို့ ဤကိုယ်၌ ခိုင်မာ၍ အမြဲတည်သော ရုပ်တရားကို ရှာ၍ မရနိုင်ပေ။ ဖြစ်မမြဲ ပျက်မမြဲ ပြောင်းလဲ ဖြစ်ပျက်သော ခန္ဓာငါးပါး အနိစ္စတရားကို အောက်မေ့ကြပါဘိ။ အနမတဂ္ဂ သံသရာ၌ ဆင်းရဲစွာ ငရဲခံရခြင်းတို့ကိုလည်း အောက်မေ့ကြပါကုန်လော့။
“သံသရာကာလ ထိုထိုဘဝ၌ အခါခါသေ၍ သင်္ချိုင်းမြေ တိုးပွားမြားမြောက်သည်ကိုလည်း အောက်မေ့ကြပါကုန်လော့”
သုမေဓာမင်းသမီးသည် မယ်တော် ခမည်းတော်တို့အား မြတ်စွာဘုရား ဟောတော်မူသော အနမတဂ္ဂသုတ် တရားတော်ကို အကျဉ်းချုံး၍ ဟောပြပြီးနောက် တိုင်းပြည်အလုံးစုံကို အပ်နှင်း၍ မိဖုရားကြီးအရာ၌ ထားခြင်းဖြင့် ကာမဂုဏ် စည်းစိမ်ကို ပေးအပ်သော အနိကရတ္တမင်းကိုလည်း ဤသို့ ဟောပြန်၏။
(သုမေဓာထေရီ အပိုင်း-၃ အဆက်အား တင်ပါမည်)


0 comments:
Post a Comment