* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

နတ်သဘင် အစည်းအဝေးသို့

နတ်သဘင် အစည်းအဝေးသို့ သွားနေသော ဘုမ္မစိုးနတ် မောင်နှမသုံးဦးအား ရှင်သံကိစ္စမထေရ်သည် သူ၏ တန်ခိုးတော်ဖြင့် လူထွက်ချင်သော ရဟန်းတော်လေးအား မြင်စေသည်။

ရှေ့ဆုံးမှ ဘုမ္မစိုးနတ်မင်းသည် ကိုယ်ရောင်ကိုယ်ဝါ ထည်ဝါစွာဖြင့် ဆင်ယာဉ် ကို စီး၍ ကြွပါတယ်။ ဒုတိယ ဘုမ္မစိုးနတ်မင်းလည်း တောက်ပသော ကိုယ်ရောင်ကိုယ်ဝါဖြင့် အဿတိုရ်မြင်း ကိုစီး၍ ကြွပါတယ်။ နောက်ဆုံးမှ နတ်သမီးသည် ရွှေထမ်းစင် ပေါ်တွင်စံမြန်းလျက် နတ်သဘင်အစီးအဝေးသို အသီးသီးကြွမြန်း ကြလေ တယ်။ထိုနတ်သုံးပါးကိုမြင်တွေ့ရသည်မှာ လွန်ကျက်သရေရှိပါတယ်။

ထို နတ်သုံးပါးနောက်တွင်တော့ ပြိတ္တာနှစ်ဦး သည် တစ်ဦးနှင့် တစ်ဦး တင်းပုတ်နှင့် ရိုက်နှက် နေကြသည်။ ထိုသို့ တင်းပုတ်နှင့် ရိုက်နှက်နေကြသဖြင့် ဖြစ်ပေါ်လာသော အဖုအပိန့်များကို ထိုးဖောက်၍ ယိုစီးကျလာသော သွေးများ၊ပြည်ဖုများ ကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုယက်စားသောက် ကြရသည်။ ပြီးလျှင် ရှေ့မှသွားနေသော နတ် ၃ပါးနောက်မှ အပြေးအလွှားလိုက်ကြသွားကြလေသည်။

ရဟန်းတော်ကလေးဟာ နတ်သုံးပါးနှင့် ပြိတ္တာနှစ်ဦးကို မြင်တွေ့သောအခါ လွန်စွာ အံ့သြ ထိတ်လန့်သွားပါတယ်။ အဲဒီအခါ ရှင်သံကိစ္စမထေရ်က ငါ့ရှင်.....မြင်သလား..။ မြင်ပါတယ်....ဘုရား။ ဒါဆို ဒီ ငါးဦး ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်တွေကို သင်မေးမြန်းပါ လို့ပြောပါတယ်။

ရဟန်းတော်လေးလည်း အသင် ရုက္ခစိုး၊ ဘုမ္မစိုးနတ်မင်းတို့....သင်တို့ဟာ တင်တယ်လှပပြီး ဆင်မြင်း ရွှေဝေါတွေရဲ့ အပေါ်မှာ စီးခွင့်ရတယ်။ နောက်က ပြိတ္တာနှစ်ဦးကတော့ တစ်ဦးနဲ့ တစ်ဦး ရိုက်နှက်ပြီး ထွက်လာတဲ့သွေးပြည်တွေကို စားနေရတယ်။ အဲဒါ ဘယ်လို အကုသိုလ်ကြောင့်လဲ ပြောပြပါဦး လို့မေးပါတယ်။

နတ်သုံးပါးက...
အရှင်ဘုရား၊ ဘာကြောင့်ဆိုဆာ အနောက်မှာပါလာတဲ့ ပြိတ္တာနှစ်ဦး ကိုသာမေးပါတော့ဘုရား။ ဒီအခါ ရဟန်ငယ်လည်း ပြိတ္တာနှစ်ဦးထံချဉ်းကပ်ပြီး မေးမြန်းပါတယ်။

အသင်တို့ သင်တို့ဟာ ရုပ်ရည် ရှုပကာယလည်း ကြောက်စရာကောင်းလှပါတယ်။ သင်တို့ကိုကြည့်ရတာလည်း ဆာလောင်မွတ်သိပ်နေပုံရတယ်။ တင်းပုတ်နဲ့ ရိုက်နှက်ပြီး သွေးပြည်ပုပ်တွေကို စားကြရင်း အရှေ့ကသွားနေတဲ့ ဘုမ္မစိုးနတ် သုံးပါးနောက်က အပြေးအလွှားလိုက်နေရတယ်။ သင်တို့ရဲ့ အကုသိုလ်ဟာ ကြီးမားလိုက်တာ၊ ဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့သလဲ...။ ရှေ့က နတ်သုံးပါးကတော့ သင်တို့နဲ့ဆန်ကျင်ဘက်ပါပဲ။ ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ ဆင်ယာဉ်၊ မြင်းယာဉ်၊ ရွှေထမ်းစင်တို့နဲ့ သွားခွင့်ရကြတယ်။ အဘယ်သို့သော ကုသိုလ်တွေပြုခဲ့ပါသလဲ....။

ပြိတ္တာတစ်ဦးက
အရှင်ဘုရား တပည့်တော်တို့ဟာ အရှင်ဘုရားရဲ့ ဦးလေး နဲ့ အဒေါ် တော်စပ်ပါတယ်။ အရှေ့က သွားနေတဲ့ ဘုမ္မစိုးနတ်သုံးပါဟာ တပည့်တော်ရဲ့သားသမီးတွေပါ။ အကျွန်ပ်တို့ အိမ်ပြိုကျတဲ့အတွက် မိသားစုအားလုံး သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

အကျွန်ုပ်တို့ရဲ့သားကြီးဟာ မိတ်ဆွေဖြစ်သူ ဥပါသကာရဲ့ကျေးဇူးကြောင့် ဗုဒ္ဓဘုရားနဲ့သံဃာတော်များကို ဆွမ်းလောင်းလှူခဲ့တယ်၊ တရားတော်ကို မပြတ်နာကြားပြီး တရားရဲ့အဆုံးအမမှာပျော်မွေ့နေခဲ့တယ်။ သားငယ်သမီးငယ်တို့ဟာလည်း အစ်ကိုကြီးရဲ့ ကျေးဇူးနဲ့ အလှူဒါန ကောင်းမှုကုသိုလ်တွေပြုခဲ့တယ်။ ဒါကြောင့် ဘုမ္မစိုးနတ်ဘ၀ကို ရပြီးစည်းစိမ်ချမ်းသာ ကိုခံစားရတယ်။

အကျွန်ုပ်တို့ လင်မယားကတော့ မိစ္ဆာဒိဋ္ဌိ အယူဝါဒရှိတဲ့အတွက် အလှူဒါနမရှိ၊ ကောင်းမှုကုသိုလ် မရှိတဲ့အတွက် ပြိတ္တာ ဘ၀သို့ ရောက်ခဲ့ရပါတယ်ဘုရား...။

ရဟန်းတော်လေးလည်း ပြိတ္တာတို့စကားကို ကြားရသောအခါ လွန်စွာ ထိတ်လန့် သံဝေဂရ သွားသည်။ ရေပွက်ပမာ ခဏတာ လူဘ၀လေးမှာ ငါဟာ လူထွက်ဖို့ကြိုးစားခဲ့တယ်။ ငါမှားခဲ့တယ်။ တရားကိုကြိုးစားအားထုတ် တော့မယ် ဟုဆုံးဖြတ်ကာ အရှင် သံကိစ္စမထေရ်ကို ရှိခိုးတောင်းပန်ပြီး မြတ်သော အကျင့်ကို ကျင့်ပါတော့မယ်ဘုရား ကမ္မဌာန်းတရားပေးသနားတော်မူပါဘုရား ဟု လျောက်ထားပါတယ်။ ရဟန်းတော်လေးဟာ တရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအရှင်မြတ်ဘ၀သို့ရခဲ့ပါတယ်။

ထိုပုံဝတ္တုလေးကိုဖတ်ရခြင်းအားဖြင့်.... ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ဗုဒ္ဓအဆုံးအမတော်များကို လက်တွေ့လိုက်နာ ကျင့်သုံးရပေမည်။ ရခဲလှ သော လူ့ဘ၀တွင် ဒါန သီလ ဘာဝနာ တို့ကို ဖြည့်ကျင့် ဆည်းပူးပြီး သံသရာမှ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ် ရပါမည်။ ဘုရားရှင်၏ သာသနာတော်နှင့်လည်း ကြုံတွေ့နေခိုက်...တရားတော်များကိုလည်း နာကြားကြရသည့် ရခဲလှသော ရေပွက်ပမာဘ၀ အခိုက်အတန့် လေး တွင် ဘုရားရှင်၏ အဆုံးအမနည်းလမ်းများကို အမြဲမပြတ် လိုက်နာသင့်သည်။

အနှစ်သုံးပါး
ပစ္စည်းဥစ္စာ၊ အနှစ်ရှာ၊ ပြုပါ ဒါန မှတ်
မိမိခန္ဓာ၊ အနှစ်ရှာ၊ စောင့်ပါ သီလ မှတ်
အသက်ဇီဝါ၊ အနှစ်ရှာ၊ ဘာဝနာ ဟုမှတ်
လှူပါ၊ စောင့်ပါ၊ ပွားများပါ သုံးဖြာ အနှစ်မှတ်
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP