* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

တမ်းတမ်းစွဲဖို့ လမ်းခွဲစို့... ပေးစာ (၂၀)

ဒီစာမှာတော့ ပညာရေး အောင်မြင်မှု ပန်းတိုင်တွေကို တက်လှမ်းနေကြတဲ့ သားတို့၊ သမီးတို့ အတွက် ရည်ရွယ်ပြီး ဘုန်းဘုန်းက ပြောပြချင်တယ်။
တမ်းတမ်းစွဲ ဖြစ်နေတာလေးကို အရင်ပြောပြမယ်။ တချို့  ကလေးတွေက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကို သိပ်စိတ်ဝင်စားကြတယ်။ တချို့ကျတာ့လည်း ၀တ္ထုပေါ့။ တချို့ကျတော့လည်း တေးဂီတ။ အမျိုးအမျိုးပေါ့။
ဘာကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားလွန်သွားတော့ အစွဲအလန်းဖြစ်သွားတယ်။ ဗီဒီယို ဆိုရင်လည်း မကြည့်ရရင် မနေနိုင်တော့ဘူး။ တမ်းတမ်းစွဲ ဖြစ်နေတာပေါ့။ အဲဒါကို ဥပါဒါန် လို့ ခေါ်တယ်။
တမ်းတမ်းစွဲ ဖြစ်သွားတဲ့ ဥပါဒါန် ဆိုတာ ဥပမာပြောရရင် မြွေက ဖားကို ကိုက်ထားသ လိုပဲ လုံးဝကို မလွှတ်တော့ဘူး။ မိမိကြိုက်တဲ့ ဇာတ်လမ်းတွေ၊ မိမိကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေ ဆိုရင် ထမင်းမေ့၊ ဟင်းမေ့ ကြည့်တတ်ကြတယ်။ အားပေးတတ်ကြတယ်။
ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ တစ်ခါတစ်လေ ကိုယ့်ရဲ့စိတ်က အဲဒီဇာတ်လမ်း အထဲမှာ နစ်မျောသွားပြီဆိုရင် ဒေါသထွက်စရာတွေ့ရင် ဒေါသထွက်မိတယ်။ ၀မ်းသာစရာ တွေ့ရင်လည်း ၀မ်းသာမိတယ်။ တစ်ခါတစ်လေ ကျပြန်တော့လည်း ၀မ်းနည်းမိပြန်ရော။ တစ်ခါတစ်လေ ဆိုရင် ဇာတ်လမ်းကြည့်ရင်း သားတို့၊ သမီးတို့ ငိုတောင် ငိုကြတယ်သေးတယ် မဟုတ်လား။
ဇာတ်လမ်းတွေ ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်က ဘာတွေဖြစ်နေတယ် ဆိုတာ ကိုယ်က မသိဘူး ဖြစ်နေတယ်။ ဘယ်သိပါလိမ့်မလဲ။ ကိုယ့်စိတ်က ဇာတ်လမ်းထဲမှာပဲ တမ်းတမ်းစွဲ ဖြစ်နေတာကိုး။ အဲဒီလို ကိုယ့်စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို မသိတာက မောဟ စိတ်ပဲလေ။ မောဟစိတ်တွေ ရှိနေတဲ့ အချိန်ဆိုရင် လောဘတက်လို့ တက်နေမှန်းလည်း မသိ။ ဒေါသထွက်လို့ ထွက်နေမှန်းလည်း မသိတော့ဘူးလေ။
သားတို့၊ သမီးတို့ ငယ်ရွယ်တဲ့ အချိန်ရဲ့  အဓိက တမ်းတမ်းစွဲ ဖြစ်ရမှာက ပညာရေးပဲ။ တစ်ခြား သာမည ကိစ္စတွေမှာ တမ်းတမ်းစွဲ ဖြစ်သွားပြီ ဆိုရင် အဓိက ဖြစ်တဲ့ ပညာရေးအတွက် အနှောက်အယှက်တွေ ဖြစ်သွားပြီ။
မိမိလုပ်တဲ့ အလုပ်တိုင်းကို အဓိကနဲ့ သာမည ခွဲခြားတတ်ဖို့တော့ လိုအပ်တယ်။ သားတို့၊ သမီးတို့ တမ်းတမ်းစွဲ ဖြစ်ရမှာက အဓိက ဖြစ်တဲ့ ပညာရေးကို ပါပဲ။ သာမညကို တမ်းတမ်းစွဲ ဖြစ်နေရင် မိမိလုပ်ရမယ့် အလုပ်ကို မပြီးစီးနိုင်တော့ဘူး။ မအောင်မြင်တော့ဘူး။
သားတို့၊ သမီးတို့ဟာ အခုအချိန် အခုအရွယ်မှာ အဓိက က ပညာရေးအောင်မြင်မှု ပန်းတိုင်ကို ထူးထူး ချွန်ချွန်နဲ့ လျှောက်လှမ်းရမှာ မဟုတ်လား? တခြား အပျော်အရွှင် ဆိုတာ သာမည အဆင့်မှာပဲ ရှိသင့်တယ်လေ။ အပျော်အရွှင် မရှိရဘူးလို့ ဘုန်းဘုန်းက မဆိုလိုပါဘူး။
ခရီးရှည်ကြီးကို သွားနေတဲ့ လှေကြီးတစ်စင်းမှာ လှေဝမ်းက အပေါက်ရှိနေပြီ ဆိုရင် အချိန်တိုင်း ရေစိမ့်ဝင်နေတော့မှာပေါ့။ လှေကြီး မမြုပ်သွား အောင် စိမ့်ဝင်လာတဲ့ ရေတွေကို အချိန်တိုင်း ခပ်ထုတ်ဖို့ လိုအပ်လာပြီ။ ဒီလိုမှ မဟုတ်ရင် လှေကြီးက ရေထဲမှာ မြုပ်သွားတော့ မှာပဲ။ ခရီးလမ်းဆုံးကို ရောက်မှာ မဟုတ်တော့ဘူး။
ပညာရေးခရီး လမ်းဆုံးကို သွားနေကြတဲ့ သားတို့၊ သမီးတို့ဟာ တခြားကိစ္စတွေကို စိတ်ဝင်စားသွားမယ်၊ ပညာရေးနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ အပေါ်မှာ တမ်းတမ်းစွဲ ဖြစ်သွားပြီ ဆိုရင် လှေကြီးထဲကို ရေတွေ စိမ့်ဝင် နေတာနဲ့ တူသွားပြီ။ လမ်းမဆုံးခင် မြုပ်သွားတော့မယ့် လှေကြီးတစ်စင်းနဲ့ တူသွားပြီ။
အဓိကဖြစ်တဲ့ ပညာရေးကိုပဲ တမ်းတမ်းစွဲ ဖြစ်မှ လိုရာခရီးကို ရောက်အောင် သွားနိုင် လိမ့်မယ်။ ဒါဆိုရင် ပညာရေးကို အောင်မြင်အောင် တမ်းတမ်းစွဲ ဖြစ်ဖို့ ကျန်တာတွေကို လမ်းခွဲလိုက်ကြစို့နော်…

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP