* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, January 6, 2010

ဆွဲအားပြင်းလွန်းတဲ့အလှ


တစ်ချိန်မျာ အရှင်အနုရုဒ္ဓါက ရဟန်း ၅၀၀ နဲ့အတူ ကပိလ၀တ်ကို သွားပါတယ်။ အဲဒီအခါ သူ့ဆွေမျိုးတွေက"မထေရ် ကြွလာပြီ" လို့ ကြားပြီး မထေရ်ထံ လာကြတယ်။ မထေရ်ရဲ့ နှမ ရောဟိနီကတော့ မလာပါ။ မထေရ်က ဆွေမျိုးတွေကို မေးပါတယ်။
" ရောဟိနိ၊ ဘယ်မှာလဲ" " အိမ်ထဲမှာပါဘုရား " ဘာကြောင့်ဒီကို မလာတာလဲ" "သူမရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ရေပြားရောဂါ ဖြစ်ပေါ်နေလို့ ရှက်တဲ့ အတွက် မလာတာပါဘုရား"
" သူမကို ခေါ်လိုက်ကြပါ" မထေရ်က အခေါ်ခိုင်းပြီး အ၀တ်သင်တိုင်းကို စွပ်ကာ လာတဲ့ ရောဟိနီကို မေးပါတယ်။
" ရောဟိနီ ဘာလို့မလာတာလဲ"
"တပည့်တော်မရဲ့ ခန္ဓာကိုယ်မှာ အရေပြားရောဂါဖြစ်ပေါ်နေလို့ ရှက်တဲ့အတွက် မလာတာပါ ဘုရား"
" သင်ဟာ ကောင်းမှုကို မလုပ်သင့်ဘူးလား "

" ဘာကို လုပ်ရပါမလဲ ဘုရား " " နေစရာ ဇရပ် ဆောက်လုပ်ပါ "
" ဘာကိုယူပြီး လုပ်ရပါမလဲ" " သင့်မှာ တန်ဆာဆင်စရာ ဘဏ္ဍာ မရှိဘူးလား"
" ရှိပါတယ် ဘုရား " " ဘယ်လောက် တန်ဖိုး ရှိသလဲ" " တစ်သောင်း တန်ဖိုး ရှိပါလိမ့်မယ်"
" ဒီလို ဆိုရင် အဲဒါကို စွန့်လွှတ်ပြီး နေစရာဇရပ် ဆောင်လုပ်ပါ"
"အရှင်ဘုရား တပည့်တော်အတွက် ဘယ်သူက ဆောက်လုပ်ပေးမှာပါလဲ"
မထေရ်က အနီးမှာတည်ရှိနေတဲ့ ဆွေမျိုးတွေကို ကြည့်ကာ " သင်တို့ရဲ့ တာဝန်ဖြစ်ပါစေ" လို့ ပြောတယ်။
"အရှင်ဘုရား အရှင်ဘုရားကကော ဘာကိုလုပ်မျာပါလဲ"
"ငါလည်း ဒီနေရာမှာပဲ ရှိမယ်။ ဒီလိုဆိုရင် သင်တို့ဟာ သူမ အတွက် သစ်သားအဆောက် အဦး တွေကို သယ်ဆောင်ကြပါ" " မှန်ပါ၊ ကောင်းပါပြီ"လို့ လျှောက်ထားကာ အဲဒီဆွေမျိုး တွေက သယ်ဆောင်လာကြပါတယ်။

မထေရ်က နေရာဇရပ်ကို စီမံရင်း ရောဟိနီကိုပြောတယ်။ " ရောဟိနီ၊ သင်ဟာ ၂ ထပ်ရှိတဲ့ နေရာဇရပ်ကို ဆောက်လုပ်စေပြီး အပေါ်ထပ်မျာ ပျဉ်ချပ်တွေကို ခင်းပြီးတဲ့အချိန် ကစပြီး ဇရပ်အောက်ထပ်မှာ အမြဲတံမြက်လှည်းပြီး နေရာတွေ ခင်းပါ။ အမြဲသောက်ရေအိုး တွေကို တည်ထားပါ"
ရောဟိနီက " ကောင်းပါပြီဘုရား"လို့ လျောက်ကာ တန်ဆာဆင်စရာ ဘဏ္ဍာကို စွန့် လွှတ်ပြီး နှစ်ထပ်ရှိနေရာဇရပ်ကို ဆောက်လုပ်စေပါတယ်။ အပေါ်ထပ်မှာ ပျဉ်ချပ်တွေကို ခင်းပြီးတဲ့ အချိန်ကစပြီး ဇရပ်အောက်ထပ် တံမြက်လှည်းခြင်း စတဲ့ အမှုတွေကို ပြုလုပ်တယ်။ အမြဲတမ်း ရဟန်းတွေက ထိုင်ကြတယ်။ အဲဒီအခါ နေရာဇရပ်ကို တံမြက်လှည်းနေစဉ်မှာပဲ သူမရဲ့ ကိုယ်ရေပြားရောဂါဟာ ညိုးနွမ်းသွားတယ်။ ရောဟိနီက နေရာဇရပ် ပြီးစီးသွားတဲ့ အခါ ဘုရားအမှုးရှိတဲ့ ရဟန်းအပေါင်းကို ပင့်ပြီး နေရာ ဇရပ်ကို ပြည့်စေကာ ထိုင်နေတဲ့ ဘုရားအမှုး ရှိတဲ့ ရဟန်းအပေါင်းအား မွန်မြတ်တဲ့စားဖွယ်၊ ခဲဖွယ်ကို လှူတယ်။ ဘုရားရှင်က ဆွမ်းကိစ္စပြီး တဲ့အခါ မေးတယ်း

" ဒီအလှူက ဘယ်သူရဲ့အလှူလဲ"
" မြတ်စွာဘုရား ၊ တပည့်တော်နှမ ရောဟိနီရဲ့ အလှူပါဘုရား"
" သူမက ဘယ်မှာလဲ" " အိမ်ထဲမှာပါ ဘုရား" " သူမကို ခေါ်လိုက်ကြပါ" လောဟိနီ မလာချင်ပါ။ မလာချင်ပေမယ့် ရောဟိနီကို ဘုရားရှင်က ခေါ်ခိုင်းလိုက်တာပါပဲ။ လာပြီးတော့ ရှိခိုးကာ ထိုင်နေတဲ့ ရောဟိနီကို မေးပါတယ်။
"ရောဟိနီ ဘာဖြစ်လို့ မလာတာလဲ"
"မြတ်စွာဘုရား၊ တပည့်တော်မရဲ့ ခန္ဓာကိုယ်မှာ အရေပြားရောဂါ ရှိလို့ ရှက်တဲ့တွက် မလာတာပါ"
" သင့်မှာ အဲဒီရောဂါ ဘာကိုမှီပြီး ဖြစ်တယ်ဆိုတာ သိလား" "မသိပါဘုရား"
"သင့်ရဲ့ဒေါသကို မှီပြီးဖြစ်တယ်"

"မြတ်စွာဘုရား၊ တပည့်တော်က ဘာကိုလုပ်ခဲ့ပါသလဲ" " ရောဟိနီ ဒီလိုဆိုရင် နားထောင်ပါ"
အဲဒီအခါ ဟောဟိနီအား ဘုရားရှင်က အတိတ်အကြောင်းအရာကို ပြောပြပါတယ်။

"ရှေးအခါက ဗာရာဏသီးမင်းရဲ့ မိဖုရားခေါင်ကြီးဟာ မင်းရဲ့ ကချေသည်မ တစ်ယောက် အပေါ် ရန်ငြိုးဖွဲ့ပြီး " အဲသည် ကချေသည်မအပေါ် ဒုက္ခဖြစ်စေမယ် "လို့ တွေးကာ ခွေးလေး ယားသီးတွေကို ဆောင်ယူခိုင်းတယ်။ အဲဒီကချေသည်မကို သူ့ထံအခေါ်ခိုင်းပြီး ကချေသည် မ မသိအောင် ကချေသည်မရဲ့ အိပ်ရာမှာရော၊ ကော်ဇောစသည်တွေရဲ့ အကြားမှာ ခွေးလှေးယား သီးအမှုန့်တွေကို ထားခိုင်းတယ်။ ပြက်ရယ်ပြောင်လှောင်မှုကို ပြုသလိုနဲ့ ကချေသည်မရဲ့ ကိုယ်ပေါ် မှာလည်း ဖြန့်ကြဲတယ်။ အဲဒီခဏမှာပဲ ကချေသည်မက ယားလို့ သွားပြီး အိပ်ယာ ပေါ်လဲလျောင်းတယ်။ အဲဒိမှာလည်း ခွေးလှေးယားအမှုန့်တွေက ခဲစားခံရလို့ ပြင်းထန်တဲ့ ဆင်းရဲ ဖြစ်ပေါ်လာတယ်။ အဲဒီအခါမှာ မိဖုရားခေါင်ကြီးက ရောဟိနီဖြစ်ခဲ့တယ်။

ဘုရားရှင်က အဲဒီအတိတ်အကြောင်းအရာကို ပြောပြပြီး " ရောဟိနီ၊ အဲဒီအခါက သင်ဟာ အဲဒီအမှုကို ပြုခဲ့တယ်။ ဒေါသ၊ ဣဿာကို အနည်းငယ်လေးတောင် မပြုလုပ်သင့် သည်သာ"လို့ မိန့်ကာ အောက်ပါတရားစကားကို မိန့်ပါတယ်။

" ဒေါသ၊ မာနကိုပယ်စွန့်ရတယ်။ သံယောဇဉ်အားလုံးကို လွန်မြောက်ရပါတယ်။ နာမ်ရုပ်မှာ မငြိကပ်ဘဲ ကိလေသာကြောင့်ကြမှု မရှိသူထံ ဆင်းရဲတွေက မကျရောက်ကြပါ"
တရားဒေသနာအဆုံးမှာ တရားနာ ပရိသတ်များစွာဟာ သေတာပန် စသည် ဖြစ်ကြပါတယ်။ ရောဟိနီလည်း သောတာပန်ဖြစ်ပါတယ်။ အဲဒီခဏမှာ ရောဟိနီရဲ့ ခန္ဓာ ကိုယ်ဟာ ရွှေအဆင်းလို အဆင်းရှိသွားပါတယ်။ ရောဟိနီဟာ လူ့ပြည်ကသေပြီး
တာဝတိံသာ နတ်ပြည်မှာ နတ်သား ၄ ယောက်ရဲ့ နယ်ပယ်အကြားမှာ ဖြစ်ပါတယ်။

သူမရဲ့ ရုပ်ရည်က စိတ်ကို ကြည်လင်စေပါတယ်။ အလွန်တင့်တယ်ပါတယ်။ နတ်သား လေးလောက်လုံးကလည်း အဲဒီ နတ်သမီးကို မြင်ပြီး ချစ်ခင်သွားကြလို့ " ငါ့နယ်ပယ်အတွင်း မှာ ဖြစ်တယ်၊ ငါ့နယ့်ပယ်အတွင်းမှာ ဖြစ်တယ်" လို့ ငြင်းခုံကာ သိကြားမင်းထံ ရောက်သွားပြီး ပြောကြတယ်။
"အရှင်သိကြားမင်း၊ ဒီနတ်သမီးကို အမှီပြုပြီး အကျွန်ုပ်တို့မှာ အငြင်းအခုံ ဖြစ်နေ ပါတယ်။ အဲဒါကို ဆုံးဖြတ်ပေးပါ"
သိကြားမင်းကလည်း အဲဒီနတ်သမီးကို မြင်မြင်ချင်းပဲ ချစ်ခင်သွားလို့ ဒီလို ပြောပါတယ်။

" ဒီနတ်သမီးကို မြင်ရတဲ့အချိန်ကစပြီး သင်တို့ရဲ့ စိတ်တွေ ဘယ်လို ဖြစ်ကြပါသလဲ"
အဲဒီအခါ နတ်သားတစ်ယာက်ပြီးတစ်ယောက် ဒီလိုပြောကြပါတယ်။
"အကျွနိုပ်မှာ ဖြစ်တဲ့ စိတ်က စစ်မြေပြင်က စည်ကြီးလိုပါပဲ။ ကောင်းကောင်းငြိမ်ဝပ် မနေနိုင်ပါ"
"အကျွန်ုပ်ရဲ့စိတ်က တောင်ကျမြစ်ရေလို အလျင်အမြန် သူမဆီပဲ တစ်စီးတည်း စီးနေ ပါတယ်"
" အကျွန်ုပ် ဒီနတ်သမီးကို မြင်ရတဲ့ အချိန်ကစပြီး ပုစွန်ရဲ့ မျက်လုံးတွေလိုပဲ ထွက်နေ ကြပါတယ်"
"အကျွန်ုပ်ရဲ့စိတ်က စေတီမှာ စိုက်ထူထားတဲ့ တံခွန်လိုပဲ မတုန်လှုပ်အောင် မရပ်တည် နိုင်ပါ။
အဲဒီအခါ အဲဒီနတ်သား ၄ ယောက်ကို သိကြားမင်းက ပြောပါတယ်။
"မိတ်ဆွေတို့၊ သင်တို့ရဲ့ စိတ်တွေကတော့ နှိပ်ကွပ်လို့ရတဲ့သဘော ရှိကြသေးတယ်။ ငါကတော့ ဒီနတ်သမီးကိုရရင် အသက်ရှင်ပါလိမ့်မယ်။ မရရင် ငါသေရပါလိမ့်မယ်"
နတ်သားတွေက " သိကြားမင်း၊ သင် သေရတာ အကျိုးမရှိပါ။ သင့်ကို မသေစေလိုပါ" လို့ ပြောကာ အဲဒီနတ်သမီးကို သိကြာမင်းအား စွန့်လွှတ်ကာ ဖဲခွာသွားကြပါတယ်။ ရောဟိနီ ဟာ သိကြားမင်းရဲ့ ချစ်ခင်မြတ်နိုးရသူလေး ဖြစ်သွားပါတယ်။ " ဘယ်ပျှော်ပွဲသဘင်ကို ငါတို့ သွားကြမယ်"လို့ ရောဟိနီက ပြောရင် သိကြားမင်းဟာ ရောဟိနီရဲ့ စကားကို မပယ်ရှား နိုင်ခဲ့ ပါ။ ( ဓမ္မပဒ၊ ဋ္ဌ၊ ဒု၊၁၉၂)

သိကြားမင်းရော အဲဒိနတ်သား ၄ယောက်ပါ ကာမဂုဏ်အာရုံတွေကို သာယာ တပ် မက်တဲ့ ကာမရာဂ မကင်းကြသေးတာမို့ ချစ်စရာလေးတွေ့တော့ ချစ်ကြပါတယ်။ အချစ်စိတ် မကုန်သေးရင် လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ချစ်စရာတွေ့က ချစ်ကြ တာဟာ ကာမဘုံသားတွေရဲ့ ဓမ္မတာပါပဲ။ နတ်တို့ရဲ့ အချစ်အင်အားကလည်း မသေးကြပါ။ သိကြားမင်းရဲ့ အချစ်အင်အားက အကြီးမားဆုံး ဖြစ်နေပါတယ်။ နတ်သား ၄ ယောက်ရဲ့ အချစ်စကားလေးတွေကလည်း ကဗျာ ဆန်နေပါတယ်။ ရောဟိနီ အလှကလည်း မြင်ရသူ နတ်သားတွေရဲ့ ရင်ကို အကြီးအကျယ် ကိုင်လှုပ် နိုင်ပါပေတယ်။ ရောဟိနီရဲ့ အလှဟာ နတ်သားတွေကိုတောင် ဒီလောက်ဖမ်းစားညှို့ ယူနိုင်ရင် လူယောင်္ကျားတွေကိုတော့ ဘယ်လောက်များ ဖမ်းညှို့ယူဖမ်းစားလေမလဲ။ ဥမ္မာဒန္တီ ရဲ့ အလှကတောင် မြင်၇သူ လူယောင်္ကျားတွေကို အရူးအမူး ဖြစ်သွားစေသေးတော့ ရောဟိနီ ရဲ့ အလှကတော့ ဥမ္မာဒန္တီရဲ့ အလှထက် အဆပေါင်း ရာ ထောင် သိန်း သန်းမက ညှို့ယူနိုင်အား ဖမ်းစား နိုင်အား ပို၍ ကြီးမားပါလိမ့်မယ်။

သာမဏေကျော်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP