* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

ချစ်တာထက်မေတ္တာပို

မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဟောကြားတော်မူသော တရားတော်တစ်ပုဒ်တွင် လူနှင့်တိရစ္ဆာန်တို့၏ အဓိကခြားနားချက်တစ်ခု ပါဝင်သည်ကို သတိထား၍ နာကြားဖူးခဲ့သည်။

စာသားအတိအကျ တင်ပြနိုင်လောက်အောင် မမှတ်မိတော့သော်လည်း၊ ဆိုလိုရင်းမှာ လူသည်သင်ကြားပေးရန် လိုသောသတ္တဝါဖြစ်သည် ဟူသောအချက်ကို ဆရာတော်ကဆိုလိုခြင်းဖြစ်သည်။

မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြသည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။

လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစုစောင့်ရှောက် သင်ကြားပေးရသည်။ မိခင်ဝမ်းမှ ကျွတ်စကလေးငယ်သည် နို့စို့ချင်သည်တော့မှန်သည်။ သို့သော် မွေးရာပါ အရည် အချင်းမရှိသောကြောင့် မိခင်ရှိရာဘက် လှမ်း၍မသွားနိုင်။ မိခင်က ပွေ့ယူချီမပေးရသည်။

သို့သော် ထိုမွေးရာပါ အရည်အချင်းရှိသော တိရစ္ဆာန်အား သင်ကြားပေးသော် အတိုင်းအတာတစ်ခုအထိသာ ရသည်။ အဆုံးမရှိ မတတ်မြောက်နိုင်။ မွေးရာပါ အရည်အချင်းမရှိသော လူသားကား သင်ကြားပေးခဲ့သော်၊ အဆုံးမရှိ တတ်သိနားလည်သွားကြ၏ဟု ဆရာတော်ကဟောကြားပါသည်။ထိုကြောင့် လူကိုသင်ကြားပေးရန် လိုသည်ဟုဆို၏။

ကျွန်တော်၏အသက်အရွယ်အရ၊ လုပ်ငန်းအတွေ့အကြုံအရ၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံ အရ ဆရာတော်၏ဟောတရားသည် အလွန်မှန်ကန်ကြောင်းတွေ့ရပါသည်။

x x x

ကျွန်တော်၏ဘဝ တစ်စိတ်တစ်ပိုင်း ဝမ်းစာရှာဖွေမှုကို ‘သင်္ဘောသား’ အလုပ်ဖြင့် ရှာဖွေခဲ့ရဖူးသည်။ အထက်ပိုင်း အရာရှိများအဖြစ် ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားသော သင်္ဘောကုမ္ပဏီတွင် လုပ်သက်စုစုပေါင်း ၂၈ လတိုင်တိုင် လုပ် ကိုင်ခဲ့ဖူးသည်။

ကျွန်တော်တို့သင်္ဘောရှိ ဂျပန်အရာရှိများအားလုံးလိုလို အလွန်အလုပ်လုပ်ကြသည်။ အလုပ်မလုပ်ရမနေ နိုင်သူ များကို Workaholics ဟုခေါ်ဝေါ်သုံးစွဲသည်ဟု ကြားဖူးပါသည်။ လက်တွေ့အနေဖြင့်မူ မကြုံဖူးခဲ့။ ဂျပန် သင်္ဘော ရောက် မှသာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ယင်းဂျပန်သင်္ဘောအရာရှိများအနက်အင်ဂျင်နီယာမှူး( Chief Engineer )မှာကား တော်တော့်ကို အလုပ် မလုပ် ရမနေနိုင်သောပုဂ္ဂိုလ်ဖြစ်သည်။

ဆိပ်ကမ်းမကပ်ရမီ သင်္ဘောကျောက်ချ၍ နှစ်ရက်၊ သုံးရက်နေခွင့်ရပြီဆိုလျှင်၊ သူ၏ ယုန်သွားလေးကိုဖြဲ၍ ပျော် နေတတ်သည်။ တိုက်ရိုက်ဆိပ်ကမ်းကပ်ရမည်ဆိုလျှင်တော့ ယုန်သွားလေးလည်း မတွေ့ရတော့။ စူပုတ်ထားသောမျက်နှာ နှင့် ဆောင့်အောင့်နေတတ်သည်။

သင်္ဘောဆိပ်ကမ်းကပ် ကုန်ချရန်ဆိုလျှင် ၂၄ နာရီမှ ၃၆ နာရီအတွင်းကြာတတ်သည်။ ကုန်တင်ရမည်ဆိုလျှင် တော့ ဆယ့်လေးငါးနာရီဖြင့် ပြီးသွားတတ်သည်။

သူ့သင်္ဘောအင်ဂျင်ကို သူ့စိတ်တိုင်းကျမကိုင်ရလျှင် သူမပျော်ရွှင်တော့။ ကျောက်ချထားချိန် ဆိပ်ကမ်းကပ်ချိန် လောက်သာ အင်ဂျင်ကလည်း ပြုပြင်မွမ်းမံ၍ရသည်။ ခရီးသွားနေစဉ် ခေတ္တနား၍ပြုပြင်မွမ်းမံရန် အခွင့်ရနိုင်သောအရာ မဟုတ်။

မိမိ၏တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခွင့်ရမှ ကြေနပ်တတ်သည့် သူ၏စိတ်ဓါတ်သည် မည်ကဲ့သို့ ရရှိလာ ပါသနည်း။

x x x

ကျွန်တော် ဂျပန်နိုင်ငံသို့ မကြာခဏရောက်ဖူးသည်။ ဆိပ်ကမ်းကပ်ပြီးနောက် အလုပ်ပြီးလျှင် ဆိပ်ကမ်းဆင်း (Go shore ဟုပြောလေ့ရှိသည်) ဈေးဝယ်၊ လည်ပတ် ဗဟုသုတရှာဖြစ်သည်။

အရပ်တကာသွားရင်း ကလေးများကျောင်းတက်ကျောင်းဆင်း သွားကြသည်ကိုလည်း တွေ့ဖူးသည်။ ကလေးများကို မိဘများက ကျောင်းလိုက်ပို့သည်ကို မတွေ့ဖူးခဲ့ပါ။ကလေးများ အုပ်စုလိုက် ကားလမ်း များ ဖြတ် ကူးသွားကြသည်။ လမ်းအချက်ပြမီးများကြည့်၍ သူတို့အားကိုးနှင့် သူတို့ဖြတ်သန်းကြသည်။ ကားမောင်းသူများကလည်း ကလေးများဖြတ်သန်းနေလျှင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြသည်ကို တွေ့ရသည်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမွေးကြဟု သင်ကြားပေးနေသကဲ့သို့ ခံစားရသည်။

အထူးခြားဆုံးကား ဂျပန်စာအုပ်ဆိုင်များဖြစ်သည်။ ကျောင်းသားကလေးများ ဝင်ရောက်လာပြီး၊ သူတို့ နှစ် သက် ရာ စာအုပ်များကိုယူ၍ ဆိုင်တွင်းတစ်နေရာရာထိုင်၍ ဖတ်နေသည်ကို စိတ်ရှည်စွာ ခွင့်ပြုထားကြသည်။ ကလေးများ အခမဲ့ ဖတ်ချင်သလောက် ဖတ်ခွင့်ပြုသည်။ ကလေးများကလည်း စာအုပ်ဆိုင်ထဲရောက်လျှင် မျက်နှာနှင့်စာအုပ်အပ်ပြီး သည်နှင့် စာအုပ်ထဲသာ စိတ်ရှိနေတတ်ကြသည်။ နောက်ပြောင်ဆော့ကစား စကားများတာတွေ မတွေ့ရ။ လူဆိုတာ စာ များများဖတ်ခြင်းဖြင့် ဗဟုသုတကိုရှာဖွေရမည်ဟု သင်ကြားပေးနေသကဲ့သို့မြင်ခဲ့ရသည်။

တခါက ဂျပန်နိုင်ငံ ဈေးတန်းတခုအတွင်း ဖြတ်သွားရင်း၊ ကျွန်တော်သတိထားခဲ့မိတာ တစ်ခုရှိသည်။

မြင်ကွင်းကား ရိုးရိုးလေးဖြစ်သည်။ ဂျပန်မိခင်တစ်ယောက် ဈေးဝယ်ထွက်လာခြင်းသာ၊ သူ၏ကလေး (လေးငါး လသားလောက်ရှိမည်ထင်သည်)ကို ကြောတွင်သိုင်းထား၍ ဈေးဝယ်နေခြင်းမျှသာ၊ ကလေးအမေက ဝယ်ယူပြီး၊ ပစ္စည်းများကို ပလပ်စတစ်အိတ်တွင်ထည့်၍ လက်မှဆွဲထားသည်။ ထို့ပြင် သူ၏ကြောပိုးအိတ်ထဲမှ ကလေးလေး၏ လက် တွင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်အလွတ်ကလေးကို ထည့်ပေးထားခြင်းကား ကျွန်တော့်အတွက်တော့ ထူးလည်း ထူးခြားသည်။ အမေ၏ဉာဏ်အမြော် အမြင်ကိုကျွန်တော် လေးစားမိသည်။

ကလေးနှင့်လိုက်ဖက်သော တာဝန်တစ်ခု ပေးတတ်ခြင်းကပင် အမေ၏ကောင်းမွန်သော ဗဟုသုတဖြစ်တော့၏။

”လူသည် အလုပ်လုပ်ရမည်၊ နိုင်ရာဝန်ထမ်းရမည်” ဟု အသံတိတ်သင်ကြားပေးနေခြင်း ဖြစ်နိုင်သည်။

ကျွန်တော် ကြုံဆုံခဲ့ဖူးသော သင်္ဘောအင်ဂျင်နီယာမှူးကြီး၏အမေသည် ကျွန်တော်တွေ့ခဲ့ဖူးသော ကြောပိုးအိတ် ထဲမှကလေးကို ကျွတ်ကျွတ်အိတ်အလွတ်တစ်လုံးကို ကိုင်ထားစေသောအမေမျိုးဖြစ်ခဲ့မှာ သေချာသလောက်ဖြစ်သည် ဟု ကျွန်တော်ထင်မိသည်။

ကျွန်တော်၏ထင်မြင်ယူဆချက် မှန်မမှန်ကိုတော့ သားသမီးများကို အလွန်ကောင်းစားစေလိုသော ကျွန်တော်တို့ အဖေ အမေများ တွေးတောဆင်ချင်စဉ်းစားကြည့်ကြစေလိုပါသည်။

ချစ်ခြင်းဆိုသည်မှာကိုယ့်အလိုကျ ကိုယ်ပိုင်ကျေနပ်ခံစားမှုက သာလွန်၍မေတ္တာဆိုသည်ကား တဖက်သား ကောင်းစားစေလိုသော သဘောသွား ပို၍အလေးကဲသည်ကိုလည်း ကျွန်တော်တို့သတိမူသင့်သည်ဟု ထင်ပါသည်။

အတွေးသစ်ဂျာနယ် အတွဲ(၉) အမှတ်စဉ်(၄၀၇) ၂၂-၀၉-၂၀၀၈


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP