* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

သြဝါဒ ပါတိမောက် အခါတော်နေ့

ကျေးဇူးကြီးမား လှတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတော် အစုံစုံဂုဏ်တော် အနန္တ များစွာ ထဲမှ ပေါ်လွင်ထင်ရှား တဲ့ ဂုဏ်တော် ကိုးပါးကို နေ့စဉ် ရွတ်ဆိုပူဇော် နေခဲ့တာ ကြာခဲ့ပါပြီ။ အခုရက်ပိုင်းအတွင်း ဆရာကြီး ဦးရွှေအောင် ရေးသားတဲ့ ဗုဒ္ဓ-လောကသားတို့ရဲ့ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) စာအုပ်ကို ဖတ်ရှုနေခဲ့တာ လက်က မချချင်လောက်ပါပဲ။

ဆရာကြီး ရဲ့ ထူးခြားတဲ့ အရေးအသားမှ တဆင့် အလောင်းတော် ဘဝ ကတည်း က လောကအကျိုး စီးပွားအတွက် ကြင်နာသောစိတ်ထားသက်သက်ဖြင့် အနစ်နာခံခဲ့တာတွေကို ဖတ်ရင်းမျက်ရည် ဝဲသည်ထိ ကြည်ညိုမိပါတယ်။ လှိုက်လှဲ ထက်သန်သော နက်ရှိုင်း မှု တစ်မျိုး စိတ်သန္တန် ၌ ပူးဝင်လျှက် ချက်ချင်းပဲ လေးနက်ရိုကျိုး စွာ ထိုင်လို့ ကန်တော့မိ ပါတော့တယ်။

အပ္ပမာဒ ပုံပြင်များရေးသားတဲ့ ဆရာတော် တော်ဝင်နွယ် ရဲ့ စကားလုံးများ ကလည်း မှတ်လောက်သား လောက်အောင် ထိဝင်စူးရှစေပါတယ်။

“ကျေးဇူးတော်ရှင် မြတ်စွာဘုရားရဲ့ တရားတော်တွေဆိုတာဟာ အလောင်းတော် ဘဝကတည်းကို က ကရုဏာ၊ ပညာတည်းဟူသော လက်နှစ်ဘက်နဲ့ ပါရမီ (၁၀)ပါးဆိုတဲ့ တူရွင်းကို ကိုင်ပြီး လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်းတိုင်အောင် အသက်၊သွေး၊ ချွေး၊ ဘဝ ပေါင်းများစွာ စတေးပြီး ရှာဖွေတူးဖော်ခဲ့ရတဲ့ ဓမ္မရတနာတွေပါ“….တဲ့။

အရင် ကပွားထုံ နေတဲ့ ဘုရားဂုဏ်တော် တွေ အပြင် လေးစားဖွယ် အတုယူဖွယ် ၊ စံပြုဖွယ် လုပ်ရပ်များကို နှလုံးသားထဲသို့ တိုင်အောင်စိမ့်ဝင်ရင်း ပြက်ပြက်ထင်ထင် သိမှတ်ဆင်ခြင် မိကာ ပွားများနေမိတဲ့ ဗုဒ္ဓနုဿတိဘာဝနာ ဖြစ်လာခဲ့ရပါတယ်။ သည် တရားမြတ်ရတနာတွေကို အသက်နဲ့ထပ်တူစောင့်ရှောက်မယ် ၊ပြန့်ပွားစေမယ် ဆိုပြီးလည်း ဆုံးဖြတ်ချက်ချမိခဲ့ပါတယ်။

ကျွန်မတို့အားလုံးရဲ့ ကျေးဇူးတော်ရှင် မြတ်စွာ သခင်ဟာ ဘုရားဖြစ်ပြီးတော့လည်း လောက အကျိုးစီးပွားကို သက်တော်ရှစ်ဆယ်၊ ဝါ-လေးဆယ့်ငါး မရပ်နားပဲတရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးခဲ့စမြဲပဲ မဟုတ်ပါ လား။ သည်နေ့ဟာလည်း ထူးခြားတဲ့ နေ့တစ်နေ့ဖြစ် ပြီးထူးခြားမွန်မြတ်တဲ့ဆောင်ရွက်ချက်တွေ ကိုလောက သား တို့ အကျိုးစီးပွားအတွက် ချမှတ်ခဲ့တာပါပဲ။

သည်နေ့ကျရောက်တဲ့ တပို့တွဲလပြည့် ဆိုတာကတော့ ဘုရားရှင်တိုင်းသည် တပည့်သားတို့အား သြဝါဒပေး တော်မူ သည်ကိုအကြောင်းပြု၍ အဲဒီနေ့ကို သြဝါဒပါတိမောက် အခါတော်နေ့ လို့သတ်မှတ်ရတာ ဖြစ်ပါတယ်။

တပို့တွဲ လပြည့် ရဲ့ ထူးခြားချက် တွေက တော့အများကြီး ပါပဲ။

* အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်တော်မူသောနေ့ဖြစ်ခြင်း။

* ပညာ အရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာ နဲ့ တန်ခိုးအရာ ဧတဒဂ်ရတဲ့ အရှင်မောဂ္ဂလန် တို့ ဧတဒဂ်ရတဲ့နေ့ ဖြစ်ခြင်း။

* အင်္ဂါ လေးရပ်နဲ့ ပြည့်စုံသော ရဟန်း ပရိသတ်တို့ အလိုအလျောက် စုဝေး မိသောနေ့ဖြစ်ခြင်း။

ဘုရားရှင် အဆုံးအမ သြဝါဒ နှင့် ပညတ်တော် မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်လို့ ခေါ်ပါတယ်။ ဘုရားရှင်အားလုံး သြဝါဒ ပါတိမောက် ဂါထာကို ရွတ်မြဲ ပြမြဲ ဖြစ်ပါတယ်။

အပါယ်ဘေးမှ ကင်းဝေးစေတဲ့ အဆုံးအမကို သြဝါဒလို့ခေါ်ပါတယ်။ ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒ ပါတိမောက်ပြတယ်လို့ခေါ်ဆိုရပါတယ်။

အဲဒီပါတိမောက်က သြဝါဒပါတိမောက် နဲ့ အာဏာ ပါတိမောက် ဆိုပြီး နှစ်မျိုး နှစ်စား ရှိပါတယ်။ သြဝါဒ ပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြုခွင့်ရှိပါတယ်။ တပည့်သာဝက တို့ ပြခွင့်မရှိပါဘူး။ တပည့်သံဃာတွေက အာဏာပါတိမောက်ကိုသာ ပြခွင့်ရှိပါတယ်။

သက်တော်ရှည်တဲ့ ဘုရားရှင်တို့ဟာ သြဝါဒပါတိမောက် ကို အသက်ထက်ဆုံး ပြတော်မူကြပါတယ်။ သက်တမ်းတိုသောဘုရားရှင်တို့သည် သြဝါဒပါတိမောက်ကို ဝါတော် -၂၀ အတွင်းမှာသာ ပြတော်မူကြပါတယ်။

လောဘ၊ဒေါသ ၊ မောဟ စရိုက်များများထူပြောချိန်တွင် သြဝါဒတည်မြဲရန် ခဲယဉ်းသောကြောင့် ၊ ဝါတော် -၂၀ လွန်လျှင်၊ တပည့်သံဃာတို့အား ၊ အာဏာပါတိမောက်ကို ပြစေရပါတယ်။

ဘုရားရှင်တို့သည် သြဝါဒ ပါတိမောက်ကို

  • * တပို့တွဲ လပြည့်ကြုံကြိုက်ခြင်း ။
  • * ဧဟိဘိက္ခူ ၊ရဟန်းချည်းသာ ဖြစ်ခြင်း။
  • * ဆဠာ ဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း။
  • * မည်သူမှ မပင့်ဖိတ်ပဲ စုဝေးမိခြင်း။

ဤ အင်္ဂါလေးချက်နဲ့ ပြည့်စုံမှ ပြမြဲဖြစ်ပါတယ်။ဂေါတမမြတ်စွာဘုရား သည် မဟာ သက္ကရာဇ်၊ ၁၀၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့တွင် ၊ အထက်ဖေါ်ပြပါ အင်္ဂါ လေးရပ် နှင့်ပြည့်စုံသော ကဿပညီနောင် ရှင်တစ်ထောင်၊ ရှင်သာရိပုတ္တရာ နှင့် ရှင်မဟာမောဂ္ဂလန် နှင့် တပည့်ရဟန်း ၂၅၀ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ် ၊ ဖြင့် သြဝါဒ ပါတိမောက်ပြတော်မူခဲ့ပါတယ်။

သြဝါဒပါတိမောက်ဂါထာ ဟာ သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား လို့ ပိဋကတ်သုံးပုံ အနှစ်ချုပ်တရား လို့ခေါ်ပါတယ်။ သြဝါဒ ပါတိမောက် ဂါထာ အတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် ကိုယ်၊နှုတ်၊စိတ်ယဉ်ကျေး လိမ္မာ ပြီး အို၊နာသေလွတ်တဲ့နိဗ္ဗာန်ကို မလွဲမုချရောက်ကြရမှာ အမှန်ပါ။

ဘုရားရှင် အဆူဆူတို့ဆုံးမမြဲဖြစ်တဲ့ သြဝါဒ ဂါထာ သုံးပုဒ်ကို ပူဇော်ရင်း သြဝါဒ အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ် ကြရအောင် ရေးသား ချင်ပါတယ်။

၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊

နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ

န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊

နသမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

၂။ သဗ္ဗပါပဿ အကရဏံ၊

ကုသလဿ ဥပသမ္ပဒါ။

သစိတ္တ ပရိယောဒပနံ၊

ဧတံ ဗုဒ္ဓါန သာသနံ။

၃။အနုပဝါဒေါ အနုပဃာတော ၊

ပါတိမောက္ခေ စ သံဝရော၊

မတ္တညုတာ ဟ ဘတ္တသ္မိံ။

ပန္တဉ္စ သယနာသနံ ။

အဓိစိတ္တေ စ အာယာဂေါ ၊

ဧတံ ဗုဒ္ဓါန သာသနံ။

စာကိုး ===ဤစာစုကို ဆရာတော် မာဂဓီ-သာစည်ရေးသားသော အခါတော်နေ့များ စာအုပ်မှ ကိုးကားရေးသား ပြီး အရှင်မြတ်နှင့် တကွ၊ ဆရာတော် တော်ဝင်နွယ်၊ ဆရာကြီးဦးရွှေအောင်နှင့်တကွ ဓမ္မစာပေရေးသား၍ သာသနာတော်ကိုစောင့်ရှောက်ကြသော သံဃာတော် အရှင်သူမြတ်တို့အား ရိုသေစွာ ကန်တော့လိုက်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP