* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 30, 2010

မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယ အကြိမ်မြောက်အလှူတော်အတွက် နှိုးဆော်လွှာ

ကျမ နှင်းဟေမာရဲ့ ဘလော့စာမျက်နှာလေးကို လာရောက်လည်ပတ်ကြကုန်သော ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘလော့ဂါ မောင်နှမများနဲ့ ကျမရဲ့ စာဖတ်သူ မောင်နှမများအား လေးစားစွာဖြင့် အသိပေး နှိုးဆော်အပ်ပါတယ်ရှင်.....

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မာစိုရ်တရားများအား လက်ကိုင်ထား၍ မိမိလူမျိုး၊ ဘာသာ၊သာသနာတော်အား တစ်ထောင့်တစ်နေရာမှ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ လိုအပ်လျှက် ရှိသောနေရာများအားမွန်မြတ်သောပရဟိတ လုပ်ငန်းဖြင့်ကူညီထောက်ပံ့သွားရန်နှင့်အနာဂါတ် ကလေးငယ်များ၏ဘ၀အခြေခိုင်မာမှုတို့အတွက် တက်စွမ်းသမျှဖေးမကူညီသွားကြရန် ဆိုတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ကျမတို့ သူငယ်ချင်းတစ်စု ပေါင်းစုကာဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသော မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက် အလှူတော်တစ်ခုဖြစ်သော စာသင်ကျောင်းဆောင်ကို မန္ထလေးတိုင်း ၊ တောင်သာမြို့နယ် ၊ မကြီးချို ကျေးရွာ၌ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော မူလတန်းကျောင်းဆောင်အား နိုဝင်ဘာလကုန်မှစတင်၍ ဆောက်လုပ် လှူဒါန်းလျှက်ရှိရာ... ဆောက်လုပ် ပြီးစီးမှု အသေးစိတ် အချက်အလက်များ ၊ ကုန်ကျစရိတ် နှင့် လိုအပ်ချက်များ သိရှိစေရန်အတွက် ကျမ နှင်းဟေမာကိုယ်တိုင် သွားရောက်မှာဖြစ်ပါကြောင်း အလှူရှင် အပေါင်းတို့အား အသိပေးအကြောင်းကြား အပ်ပါတယ် ...။
ဒုတိယအကြိမ်မြောက် စာသင်ကျောင်းဆောင်ဆောက်လုပ်မှုအတွက် တတပ်တအား ပါဝင်လှူဒါန်းခဲ့ကြသော မေတ္တာကမ္ဘာအသင်းသားများနဲ့ တစ်ကွ ထေရ၀ါဒ ဗုဒ္ဓလူငယ်များအသင်း ၊ ကျမ၏ ဘလော့ဂါ မောင်နှမများ ၊ ဒီနေရာလေးမှာ ကျမရေးသမျှပို့စ်လေးတွေကို အမြဲတမ်းလာရောက် ဖတ်ရှုခံစားပေးကြသော မောင်နှမများထဲက အလှူရှင်များ ၊ အလှူခံကြော်ငြာလေးကို ဖော်ဝက်အီးမေးလ်လေးတွေက တစ်ဆင့် မေတ္တာကမ္ဘာ အသင်းလေးကို ၀ိုင်းဝန်းပါရမီ ဖြည့်ဆည်း ပေးကြသူများအားလုံးကို ပါရမီထိုက်တဲ့ အလှူတော်အတွက် သာဓုခေါ်ဆိုရင်း မေတ္တာကမ္ဘာလူမှုကူညီရေး အသင်းရဲ့ကိုယ်စား ကျေးဇူးတင်စကားလေးကို ဒီနေရာလေးကနေပဲ ပြောကြား လိုက်ပါရ စေ ....။ စုစုပေါင်း လက်ခံရရှိသော အလှူငွေများအားလည်း ယခုလကုန်မှာ အပြီးလှူဒါန်းလွှဲအပ်မှာ ဖြစ်တဲ့အပြင် ကျောင်းဆောက်လုပ်မှုပြီးစီးပါက အလှူမှတ်တမ်း ဓါတ်ပုံများ ၊ အလှူရှင်ရှင်စာရင်းနှင့် အသေးစိတ် အချက်အလက်များကို ကျမရဲ့ ဘလော့နဲ့မေတ္တာကမ္ဘာအသင်းရဲ့ ၀က်ဆိုဒ်မှာ မှတ်တမ်းတင် ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်...။
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ တတိယ အကြိမ်မြောက်အလှူတော်ကိုတော့ ဖေဖော်ဝါရီလထဲမှာ စတင် အကောင်အထည်ဖော် လှူဒါန်းသွားမည်ဖြစ်ပါ ကြောင်းကိုလည်း အသိပေး အကြောင်းကြား အပ်ပါတယ်...။ကျမတို့ အသင်းရဲ့နောက်ဆုံး အစည်းဝေးမှအားလုံး၏ သဘောတူညီသောဆန္ဒအရ တတိယ အကြိမ်မြောက် အလှူတော်အား မန္ထလေးတိုင်း ၊ မတ္တရာမြို့နယ် အတွင်းမှာရှိတဲ့ အနာကြီး ရောဂါ ဝေဒနာရှင်များအတွက် ဆေးဝါးကုသစရိတ်နှင့် လိုအပ်ချက်များကို ကျမတို့အသင်းမှ တတ်စွမ်းသမျှ တတိယအကြိမ်မြောက် အလှူတော်အဖြစ် လှူဒါန်း သွားမှာ ဖြစ်ပါတယ် ...။
အနာကြီးရောဂါဝေဒနာသည်များနေထိုင်ရာ နေရာဒေသကို ကျမ ကိုယ်တိုင်အသင်းရဲ့ကိုယ်စား အလှူရှင်အားလုံးရဲ့ ကိုယ်စား သွားရောက် လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် လှူဒါန်းမှုမှတ်တမ်းနဲ့ စာရင်းရှင်းတမ်းများကို ကျမပြန်လာမှသာ ဝေေ၀ဆာဆာဖော်ပြပေးနိုင်မှာ ဖြစ်ပါကြောင်းလည်း ထပ်မံအသိပေး အပ်ပါတယ် ...။
လှူဒါန်းနိုင်မှုငွေပမာဏကတော့ ကျမတို့အသင်းမှာ အသင်းသားဦးရေ နည်းနည်းနဲ့ အသင်းရဲ့ထာဝရအလှူရှင်တို့ ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းထားခဲ့ကြတာဖြစ်လို့ ငွေပမာဏ အင်အား နည်းပါး နေပါသေးတယ်...။ ဒုတိယအကြိမ်မြောက် အလှူတော် စာသင်ကျောင်းဆောင်အတွက် လုံးပမ်းနေမှုများကြောင့် အလှူ တစ်ခုနဲ့တစ်ခု ဆက်တိုက်မသွားနိုင်ခဲ့ခြင်းအားလည်း နားလည်ကြမယ်လို့ ကျမတို့ အသင်းမှ မျှော်လင့်မိပါတယ်...။
သို့ပါသောကြောင့် ကျမတို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်းရဲ့ တတိယအကြိမ်မြောက် အလှူတော်အတွက် ကျမတို့အသင်းနဲ့အတူ ပူးပေါင်းပါဝင် လှူဒါန်းကြပါဦးလို့ အားလုံးကို တိုက်တွန်းရင်း အသင်းတစ်ဖွဲ့လုံးရဲ့ကိုယ်စား ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာအသင်းအစဉ်တည်တံ့ ခိုင်မြဲရေး ၊ မိမိတို့ နိုင်ငံမှ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော ကွက်လပ်လေးများကို တစ်ဒေါင့်တစ်နေရာကနေ ရေရှည်ကူညီဖြည့်ဆည်းသွားနိုင်ရေးအတွက် ထာဝရအလှူရှင်ပေါင်း မြောက်များစွာ ထွက်ပေါ်လာရေး တို့ကို ရှေးရှုလျှက် နိဗ္ဗာန်အကျိုးမျှော်ကာ ယခုလို နှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ် ....။
မြန်မာပြည်မှ ကိုယ်အင်္ဂါ ထိခိုက်ခံစားခဲ့ရသူ အဘိုးအဘွား များနဲ့ အနာကြီးရောဂါ (နူနာ) ဝေဒနာ သယ်များရှိရာ ကျေးရွာသို့ ကျမကိုယ်တိုင်သွားရောက် လှူဒါန်းမှုတွင် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း သို့ ပူးပေါင်းပါ ၀င်လှူဒါန်းလိုကြသော အလှူရှင်များ အနေဖြင့် ကျမ နှင်းဟေမာ ထံသို့ တိုက်ရိုက်ဆက်သွယ်၍ လည်းကောင်း အောက်ဖော်ပြပါပုဂ္ဂိုလ်များ၏ ဖုန်းနံပါတ်များသို့လည်းကောင်း ယနေ့မှစတင်ပြီး ဖေဖော်ဝါရီလအတွင်း၍ တိုက်ရိုက် ဆက်သွယ် လှူဒါန်း နိုင်ကြပါကြောင်း ၀မ်းမြောက်ဖွယ် သတင်းကောင်း ပါးအပ်ပါတယ် ...။

၁) ကိုဝေယျာလင်း - + 65 9452 2967
၂) မရတနာတင် - + 65 9271 3717
၃) ကိုသက်နိုင် - + 65 9459 8379
၎) ကိုမျိုးမင်းကျော် - + 65 9235 5291
၅) မနှင်းဟေမာ - mwf.hninhaymar@gmail.com

အများကောင်းကျိုးအတွက် အနစ်နာခံခြင်းဖြင့် လောဘဓါတ်ကို စွန့်လွှတ်ခြင်းသည် လောကကြီးကို ဟန်ချက်ညီအောင် ဒါနပြုခြင်းဖြစ်သည်နှင့် အညီ ... နိဗ္ဗာန်ကို ဦးတည်ရင်း သူတစ်ပါး အကျိုးကို ငဲ့ကာ သဒ္ဓါ နှင့် ပညာအတွဲညီစွာ လှူဒါန်းခြင်းဖြင့် ဒါနပါရမီမြောက်တဲ့အလှူရှင်များဖြစ်အောင် ၊ ပရဟိတ လူသားအကျိုးပြုလုပ်ငန်းများအား လုပ်ဆောင်ခြင်းဖြင့် ... လောက ကမ္ဘာမြေကြီးအား တစ်ထောင့်တစ်နေရာမှ တက်စွမ်းသမျှ အလှဆင်နိုင်ကြသူများဖြစ်အောင် ၊တိုတောင်းလှတဲ့ လူ့ဘ၀ခရီးတစ်ခုမှာ အဓိပ္ပါယ်ရှိရှိရှင်သန်နိုင်သည့် လူပီသတဲ့ လူသားတွေဖြစ်အောင် ကျမတို့အားလုံးပဲ ကြိုးစား ဆောင်ရွက် ကြည့်ကြပါစို့ ...။ အနာကြီးရောဂါဝေဒနာကိုခံစားနေကြပြီး စိတ်အားငယ်နေရှာတဲ့ ဝေဒနာရှင်များစွာတို့အတွက် ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ လိုအပ်ချက်လေးများကို ဖြည့်ဆည်းပေးခြင်းဖြင့် အမွန်မြတ်ဆုံး ဒါနကို ပြုကြပါစို့ ။
လူ့ဘ၀ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်ကာလလေး အတွင်းမှာ မိမိတို့ ရှာဖွေစုဆောင်းထားကြတဲ့ ချွေးနည်းစာများထဲက သဒ္ဓါတက်အားနည်းများမဆို ပါဝင်လှူဒါန်းကြပါဦးလို့ ကျမ၏ မောင်နှမအပေါင်းကို ထပ်မံတိုက်တွန်းရင်း နိဗ္ဗါန်အကျိုးမျှော်ကာ ယခုလို နှိုးဆော်လိုက်ရခြင်း ဖြစ်ပါတယ် ...။

အားလုံးပဲ မေတ္တာစိတ်ဓါတ်တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...
လေးစားစွာဖြင့်

နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
လှူဒါန်းရန် - mwf.hninhaymar@gmail.com





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP