ကြွေလင့်နှင်းဆီ
(၁)
ကျွန်မနာမည် အဖ်ဆာနာ, အသက်(၂၉)နှစ်, ကလေးနှစ်ယောက် အမေပါ၊ အသက်(၁၉)မှာ အဖေ့ကို တွေ့ဖို့ ဒေလီအသွား အဖေနဲ့ မတွေ့ရပဲ ယောင်္ကျား တစ်ယောက် ရလိုက်တယ်။ ကောက်ရသလို ပါပဲ။အဖြစ်က ဒီလိုပါ...။
(၂)
အရင်ကတော့ ကျွန်မနာမည် ဆီမာပါ။ ဟရီယားနား ပြည်နယ်က လူကုံထံ မိသားစုတစ်မှာ လူဖြစ်ခဲ့ရ တယ်ဆိုပါတော့။ ကျွန်မတို့မှာ ခြံဝင်းအကျယ်ကြီးနဲ့ တိုက်ကြီးတစ်လုံးရှိပါတယ်။ မောင်လေး(၂)ယောက်ရှိတယ်။ အဖေက ထောက်လှမ်ရေး အေဂျင်စီတစ်ခုမှာ အလုပ်လုပ်ပြီး ဒေလီမှာ တစ်ယောက်တည်းနေပါတယ်။ အမေကတော့ အဖေ့တာဝန်ပါယူရတဲ့ အိမ်ရှင်မပေါ့။ ကျွန်မတို့ အဖေ့ကို အမြဲတမ်း မျှော်လင့်နေကြပေမဲ့ အဖေ့မှာ ကျွန်မတို့အတွက် အချိန်မရှိပါဘူး။ အချစ်မေတ္တာကလွဲလို့ အိမ်မှာ အကုန်ရှိပါတယ်။
ကျွန်မရဲ့ကလေး ဘ၀ဟာ ကျဉ်းမြောင်းလွန်းလှ ပါတယ်။ ကျောင်းမှန်မှန်တက်,ကျောင်းကအပြန် အိမ်ထဲ မှာနေ,စာမှန်မှန်ဖတ် ….ဆိုတော့ အတန်းထဲမှာ မညံ့လှပါဘူး။ပညာရေးအကြောင်းပြနိုင်မှ အပြင်ထွက်ခွင့်ရတာမို့ တေးဂီတ ပြဇာတ်စတဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖြစ်ခဲ့တယ်။ဆယ်တန်းအထိ ဒီအတိုင်းပဲဖြတ်သန်းခဲ့ရတယ် ပေါ့။
ဆယ်တန်းအောင်ပြီးတဲ့နောက်မှာတော့ အဖေရောက်လာပြီး ကျွန်မပညာရေးအတွက် စီစဉ်ပါတော့ တယ်။အနီးအနားမြို့က ဘော်ဒါဆောင်တစ်ခုမှာ အပ်နှံပြီး ကောလိပ်တက်ခိုင်းပါတယ်။ကျွန်မ အဆောင်မှာ မနေချင်ပါဘူး။ဒါပေမယ့် ဘာမှမတတ်နိုင်ခဲ့ဘူးလေ။အဆောင်မှာနေရင်း ကျွန်မဟာ ရည်မှန်းချက်များနဲ့ ဆန့်ကျင်လာတယ်။ `ငါ့ဘ၀ဟာ တစ်ယောက်တည်းပါလား´လို့ အမြဲတမ်း ခံစားနေခဲ့ရတယ်။
ကျွန်မကို အိမ်က ဘယ်သူမှ လာမတွေ့ကြဘူးလေ။တခါတလေ အမေရောက်လာတတ်ပေမဲ့ သားတွေ ကို စိတ်မချလို့ဆိုပြီး ချက်ချင်းပြန်သွားလေ့ရှိတယ်။ကျွန်မမှတ်မိသလောက် အဖေကတော့ တစ်ခေါက်ပဲ ရောက် လာခဲ့ဖူးတယ်။ကျွန်မစိတ်တွေ လွင့်မျောနေပါပြီ။တစ်ယောက်တည်း ငုတ်တုတ်,ရုပ်ရှင်ကြည့်,တီဗွီကြည့်ပြီး အချိန် တွေဖြုန်းခဲ့တယ်။`သူများအဖေတွေလို ကျွန်မကို လာတွေ့ဖို့ ´အဖေ့ဆီ အကြိမ်ကြိမ်စာရေးခဲ့ပေမယ့် အချည်းနှီး ပါပဲ။တခါတလေ အဖေစိတ်ပူပြီး ရောက်လာလေမလားလို့ ကျွန်မရဲ့အခက်အခဲပေါင်းစုံကို အကြောင်းကြားပေမဲ့ ထူးမခြားနားပါပဲ။ကျောင်းပိတ်ရက်တွေဟာ ကျွန်မအတွက်တော့ ၀မ်းနည်းဖွယ်ရာနေ့တွေပေါ့ရှင်။
ကျွန်မ(၁၂)တန်းအောင်တော့`စောစောစီးစီးစာပြန်သင်ရမယ်၊အဆောင်မှာပဲနေပြီး ကောလိပ်ဆက် တက်ရမယ်´လို့ အဖေက စီရင်ချက်ချပြန်တယ်။ အဆောင်မှာ မနေချင်ဘူးလို့ ပြောပေမဲ့ ဘယ်သူမှ ဂရုမစိုက် ကြဘူး။နောက်တစ်နေ့မှာပဲ အဆောင်ရောက်ခဲ့ပြန်တယ်။ မိဘစကားကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။အကြံဉာဏ်ပေး ကြ,အားပေးကြတဲ့သူငယ်ချင်းများအတွက် စိတ်မကောင်းဖြစ်မိတယ်။ကျွန်မစာသင်ဖို့ စိတ်ကုန်သွားပါပြီ။ ဆရာ ဆရာမနဲ့ အဆောင်မှူးကို ကြောက်နေရလို့ ဟန်ပြလောက်တော့ ဖတ်နေ မှတ်နေရသေးတာပေါ့။
တစ်နေ့မှာတော့…..သူငယ်ချင်းတစ်ယောက်ရဲ့အခန်းအပြင်မှာ ကျွန်မကို အဆောင်မှုးက ဖမ်းလိုက် ပါတယ်။မှတ်စုစာအုပ်ယူပြီး ပြန်လာကြောင်းရှင်းပြပေမဲ့ လက်မခံပဲ နားပိတ်ပြီးပြန်သွားပါတယ်။ကျွန်မကို နာမည် ပျက် စာရင်းထုတ်ပြန်လိုက်ပါတယ်။အားလုံးက ကျွန်မကို မကြည်ကြတော့ဘူး။ကျွန်မကို လာရောက်ကာကွယ် ပေးဖို့ အဖေဆီစာရေးပေမဲ့ အဖြေတောင်ပြန်မရခဲ့ပါဘူး၊ရောက်လာဖို့ဆိုတာတော့ အဝေးကြီးပါ။
(B.A)ပထမနှစ် ကျပါတယ်၊ပညာတတ်အိပ်မက်တွေ တစ်စစီပြိုကွဲခဲ့ပါပြီ။ပစ္စည်းတွေကို အဆောင်မှာ ထားခဲ့ပြီး လက်ကျန်ငွေလေးနဲ့ အဖေရှိရာ ဒေလီကို ဘတ်(စ်)ကားစီးပြီးထွက်လာခဲ့တယ်။အဝေးပြေးဂိတ် ရောက်တော့ `လိုရာခရီး အရောက်ပို့ပေးမည့်အကြောင်း´တက္ကစီများ အလုအယက်ခေါ်နေကြပါတယ်။
ကိုယ်ကလည်း မသွားတတ်တာနဲ့ တက္ကစီသမားတစ်ယောက်ကို အဖေ့လိပ်စာပေးပြီး ကားထဲဝင်ထိုင်လိုက်တယ်။ ဒေလီလမ်းတွေကို ကျွန်မ မသိပါဘူး။
`မြို့ထဲမှာ ဆန္ဒပြပွဲတွေရှိတယ်၊အကြမ်းဖက်ခံရနိုင်တယ်၊ဒီနေ့တော့ အရောက်ပို့နိုင်မှာ မဟုတ်သေးဘူး´ လို့ ကားသမားက ပြောလာတယ်။ကျွန်မလည်း ကြောက်လာတာနဲ့ မီးရထားဘူတာရုံ ပို့ခိုင်းတယ်။ `ဒီနေ့ ဘယ်ရထားမှ မထွက်ဘူး´လို့ လူတစ်ယောက်က ပြောလာပြန်တယ်၊ကြောက်စိတ်တွေ မိုးပြိုပါပြီ။´သူ့အိမ်ကို သွားနိုင်ကြောင်း,မနက်ဖြန် လိပ်စာအတိုင်း ပို့ပေးမည့်အကြောင်း´ကားသမားက ကတိပေးလာတော့ ရွေးစရာ လမ်း မမြင်တာနဲ့ ကားသမားအိမ် လိုက်သွားခဲ့မိတယ်။
ကျွန်မလမ်းကြောင်း တိမ်းစောင်းခဲ့ရပြီ၊သူ့ထောင်ချောက်ထဲ ဆင်းသက်မိပြီ၊ငြင်းဆန်ပေမဲ့ မရုန်းကန် နိုင်ခဲ့ဘူး၊အနိုင်ကျင့်ခံလိုက်ရပြီ။ညနေပိုင်းရောက်တော့ သူ့အိမ်က ထွက်သွားဖို့ ပြောပါတယ်။ကျွန်မ ထွက်မသွား ပါဘူး။ကျွန်မကို လက်ထပ်ယူရမယ်လို့ ပြောလိုက်ပါတယ်။ဒီအတွက် သူလုံးဝ စဉ်းစား မထားဘူး။ခိုကိုးရာမဲ့ မိန်းကလေးတွေ သူ့ထောင်ချောက်မိတာ မနည်းလှတော့ဘူးလေ။သူငြင်းနေပေမဲ့ ကျွန်မထွက်သွားမှာ မဟုတ်ဘူး ဆိုတာ သိလို့ လက်ခံလိုက်တယ်။ ဒါနဲ့ပဲ ကျွန်မဟာ ရီယား(ဇ်)ဆိုတဲ့ မူစလင်တစ်ယောက်နဲ့ အကြောင်းပါပြီး ဆီမာ ကနေ အဖ်ဆာနာဖြစ်ခဲ့ရတာပါ။
အခု ကျွန်မအသက်(၂၉)နှစ်,အိမ်ထောင်အသက်(၁၀)နှစ်ရှိပြီး ကလေး(၂)ယောက် ရနေပါပြီ။ အခုထိ သူ့မိသားစုအကြောင်း ဘာမှ မသိခဲ့ရသေးဘူး။ကျွန်မကို ဖျက်ဆီးခဲ့တဲ့ သူနဲ့ပဲ ဘ၀တစ်ခုတည်ဆောက်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမဲ့ ဒီလူကတော့ မိန်းကလေးတွေကို ဖျက်ဆီးဖို့ ကြိုးစားနေတုန်းပါပဲ။ကျွန်မ အစွမ်းကုန်သည်းခံ နေပေမဲ့ တခါတလေ ပေါက်ကွဲပစ်လိုက်မိတယ်။
(၃)
အဖေလိုက်လာတယ်၊ရဲတွေလည်းပါလာတယ်၊ကျွန်မ ရဲတွေကို ပြန်လွှတ်လိုက်တယ်၊ကျွန်မ မိခင်တစ် ယောက်ဖြစ်နေပါပြီ။`မိသားစုကို အရှက်ခွဲတဲ့အတွက် သမီးအဖြစ်က စွန့်လွှတ်ကြောင်း´ပြောပြီး အဖေပြန်သွား တယ်။အဲဒီအချိန်ကစပြီး မိသားစုနဲ့ အဆက်အသွယ် လုံးဝပြတ်သွားပါတော့တယ်။
`ကလေးနှစ်ယောက်ကို ကိုယ်လို မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့´သာ ကျွန်မရဲ့ တစ်ခု တည်းသော ရည်မှန်းချက်ပါ။ကလေးများအတွက် ပညာသင်ပေးရုံနဲ့ မလုံလောက်ဘူး,မေတ္တာနဲ့နွေးထွေးမှု အထူး လိုအပ်တယ်ဆိုတာ ကျွန်မဘ၀နဲ့ရင်းပြီးရခဲ့တဲ့သင်ခန်းစာပါ။သူတို့ကို နာကျင်မှုတွေနဲ့ မကြီးပျင်းစေရဘူး။
ကျွန်မယောင်္ကျားလား..တက္ကစီမောင်းတုန်းပါပဲ၊ဒါပေမဲ့ အကျင့်စရိုက်တွေ အတော်အသင့် ပြောင်းလာပါပြီ၊ကလေး တွေကိုလည်း ဂရုစိုက်တတ်နေပြီ။ကျွန်မကို တစ်ခါတစ်လေ ရိုက်နှက်တတ်ပေမဲ့ ကျွန်မခွင့်လွှတ်နိုင်ပါတယ်လေ..။
ကိုနော
၁၄.၁၁.၂၀၀၈ ။
(ကိရန်း ဗေဒီ ၏ ဂလတီ ကိစကီ မှ ဥပေချိတ် ဆီမာ ကာ တယာဆဒ် တဖဆာနာ ကိုပြန်ဆိုသည်။)

0 comments:
Post a Comment