* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၃ အဆက်


လက်ျာတော်ရံ အရှင်မြတ်သည် သဲပုံပေါ်မှ သပြေခက်ကို မြင်၍ သူငယ်တို့ကို မေးလျှင် ဘဒ္ဒါကုဏ္ဍလကေသာ မှာထားခဲ့သော စကားကို သူငယ်တို့က လျှောက်ထားကြသည်။ ယင်းသို့ ဖြစ်သော် ဤ သပြေကို နင်းချိုးဖျက်ဆီးလော့ဟု မိန့်တော်မူကာ အရှင်မြတ်သည် ဆွမ်းခံဝင်ရန် ကြွသွားလေသည်။

ဘဒ္ဒါ ပြန်လာသောအခါ သပြေခက်လည်း ကျိုးကြေ စဉ်လွင့်နေသည်။ သဲပုံလည်း ပြိုပျက်နေသည်။ မည်သူ ဖျက်ဆီးသနည်းဟု သူငယ်တို့ထံ စုံစမ်းရာ အရှင်သာရိပုတ္တရာ ဖျက်ဆီးသွားကြောင်း သိရလေသည်။ ထိုအခါ ဘဒ္ဒါပရိဗိုဇ်မသည် တစ်ယောက်တည်း ရင်မဆိုင်ရဲ သဖြင့် နောက်လိုက် အဖော်သဟဲ ရစေရန် “အို လူအပေါင်းတို့၊ ငါသည် သာကီဝင်မင်းသား ဖြစ်သော ရဟန်းနှင့် အယူဝါဒ ယှဉ်ပြိုင်အံ့” ဟု လမ်းစဉ်လျှောက်၍ ကြွေးကြော်ရာ လူများ ဝိုင်းအုံလာတော့သည်။

ဘဒ္ဒါပရိဗိုဇ်မသည် လူအပေါင်းတို့ ဝန်းဝိုင်း ခြံရံလျက် လာခဲ့ရာ တစ်ခုသော သစ်ပင်ရင်း၌ နေတော်မူသော အရှင်သာရိပုတ္တရာကို မြင်လျှင် အပါးသို့ ချဉ်းကပ်ပြီးလျှင် သင့်တင့်သော ပဋိသန္ဓာရစကားကို ပြောဆိုကာ စတင် မေးမြန်းသည်။

“အရှင်ဘုရားတို့သည် ကျွန်ုပ်၏ သပြေခက်ကို နင်းချိုးဖျက်ဆီးသလော”
“ဟုတ်၏၊ ငါ နင်းချိုး စေခိုင်းခဲ့သည်”

“ဤသို့ ဖြစ်သော် ကျွန်ုပ်၏ အယူဝါဒနှင့် အရှင်တို့ အယူဝါဒကို ယှဉ်ပြိုင် ပြောဆိုရပါအံ့”
“ယှဉ်ပြိုင်လိုလျှင် ယှဉ်ပြိုင်လော့၊ အဘယ်သူက မေး၍ အဘယ်သူက ဖြေဆိုရမည်နည်း”

“ကျွန်ုပ် မေးပါအံ့၊ အရှင် ဖြေဆိုပါလော့”
“မေးလော့ ဒါယိကာမ”

အရှင်သာရိပုတ္တရာက ခွင့်ပြုလျှင် ဘဒ္ဒါသည် မိမိသိသော ပြဿနာတို့ကို တစ်ခုပြီးတစ်ခု တင်လာရာ ရှင်သာရိပုတ္တရာသည် တစ်ခုပြီးတစ်ခု လွယ်ကူစွာ ဖြေတော်မူသည်။ နောက်ဆုံး၌ ဘဒ္ဒါပရိဗိုဇ်မတွင် ပြဿနာများ တစ်ခုမျှ မရှိတော့မှ အရှင်မြတ်သည် မိန့်တော်မူ၏။

“သင်ကား မေးလိုသမျှ မေး၍ ပြီးလေပြီ၊ ငါသည်လည်း သင့်အား တစ်ခုသော ပုစ္ဆာပြဿနာကို မေးတော့အံ့”
“မေးပါလော့ အရှင်”

“ဒါယိကာမ ‘တစ်ခု’ ဆိုသည်ကား အဘယ်နည်း”

ဘဒ္ဒါပရိဗိုဇ်မသည် ထိုပြဿနာ၏ အစကို လည်းကောင်း၊ အဆုံးကို လည်းကောင်း မမြင်နိုင်ဘဲ မှောင်မိုက်တွင်းသို့ ဝင်မိသကဲ့သို့ ဖြစ်၍ ဝန်ခံရတော့သည်။

“အို အရှင် ကျွန်ုပ်မသိပါ”
“သင်သည် ဤတစ်ခုကိုမျှ မသိပါဘဲနှင့် တစ်ပါးသော အရာကို အဘယ်မှာလျှင် သိနိုင်ပါတော့မည်နည်း”

အရှင်သာရိပုတ္တရာသည် ထိုသို့ မိန့်တော်မူပြီးနောက် ဆက်လက်၍ တရားဟောတော်မူရာ ကုဏ္ဍလကေသာသည် အရှင်မြတ်အား ရိုသေစွာ ရှိခိုးလျက် ခြေတော်ရင်း၌ ဝပ်စင်းလေ၏။

“အရှင်မြတ်ဘုရား၊ တပည့်တော်မသည် အရှင်ဘုရားကို ကိုးကွယ် ဆည်းကပ်ပါသည် ဘုရား”
“ဒါယိကာမ၊ နတ်နှင့်တကွသော လူတို့ပြည်၌ အမြတ်ဆုံးသော မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်လေတော့”
“ကောင်းပါပြီ အရှင်ဘုရား”

အရှင်မြတ်ထံ ဝန်ခံပြီးနောက် ဘဒ္ဒါသည် ညချမ်းသောအခါဝယ် ဇေတဝန်ကျောင်းတော်သို့ လာခဲ့၍ တရားဟောတော်မူသော မြတ်စွာဘုရား အနီး၌ ရပ်၍ ငါးပါးသော တည်ခြင်းဖြင့် ရိုသေစွာ ရှိခိုးနေလေသည်။ မြတ်စွာဘုရားသည် ပရိဗိုဇ်မ၏ ပါရမီဉာဏ်ရင့်ပြီးသည်ကို သိတော်မူသဖြင့် သတ္တဝါ၏ အနုအရင့်နှင့် တန်သောတရားကို ဟောတော်မူရာ ဘဒ္ဒါပရိဗိုဇ်မသည် ရပ်လျက်သာလျှင် ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေကာ ဘိက္ခုနီမထံတွင် ရဟန်းပြုလေ၏။

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၄ နိဂုံးအား ဆက်တင်ပါမည်)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP