* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, December 30, 2009

အဘိဓမ္မာအပိုင်း ၂၊ အခန်း ၃ (သညာ၊ စေတနာ)

ဒီနေ့ ပြောပြမည့်... မိမိခန္ဓာမှာ ဖြစ်နေတဲ့ အဘိဓမ္မာတရားများထဲမှ သညာ=မှတ်သားမှု စေတသိက်တရားကို ပထမ ပြောပြပါမယ်။

သညာ=ဆိုတာ မှတ်သားခြင်းသဘောတရား...
မှတ်သားတယ်ဆိုတာ မိမိတို့မြင်တဲ့၊ ကြားတဲ့၊ နံတဲ့၊ အရသာ၊ ထိတွေ့မှုစသည့် အာရုံတွေအပေါ်မှာ အညို, အဖြူစသည်၊ ခွေးသံ, ငှက်သံစသည်၊ မွှေးတဲ့အနံ့, နံတဲ့အနံ့စသည်၊ ချိုတဲ့အရသာ, ငန်တဲ့အရသာ၊ သာယာနူးညံ့တဲ့အတွေ့အထိ, ကြမ်းတမ်းတဲ့ အတွေ့အထိ..ဤသို့စသည်အားဖြင့် မှတ်သိခြင်း, မှတ်သားခြင်း သဘောကို “သညာ=မှတ်သားခြင်း”လို့ ခေါ်တာပါ။
ဤသညာစေတသိက်တရားသည် ခန္ဓာ-၅-ပါးတွင် တစ်ပါး အပါအ၀င်ဖြစ်တယ်ဆိုတာလည်း သိမယ်ထင်ပါတယ်။ ရူပက္ခန္ဓာ (ရုပ်အစု)၊ ဝေဒနာက္ခန္ဓာ (ခံစားမှု အစု)၊ သညာက္ခန္ဓာ (မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုလုပ်၊ ပြုပြင်ခြင်း အစု)၊ ၀ိညာဏက္ခန္ဓာ (သိမှုအစု)။ ဒီမိမိတို့ ခန္ဓာကိုယ် (ခန္ဓာ)-၅-ပါးထဲမှ တတိယမြောက် ခန္ဓာလည်း ဖြစ်ပါတယ်။
လူတွေ ပြောပြောနေကြတဲ့ အမှတ်မှားတယ်ဆိုတာကလည်း ဒီသညာတရားပါပဲ။ ငါမှတ်ထားတာက ဒီအတိုင်းဆိုပြီး တယူသန်စွဲပြီး ငြင်းတဲ့အခါမှာလည်း ဒီသညာရဲ့ မှတ်သားမှုပါဘဲ။ တရားရှုမှတ်သူတို့အတွက်တော့ အမှတ်မှန်ဖို့တော့ လိုပါတယ်။ အမှတ်မှားလို့ သညာဝိပလ္လာသ-ဖြစ်တယ်ဆိုတာကလည်း ဒီသညာပါပဲ။
ဒီသညာ=မှတ်သားမှုနှင့်ပတ်သက်လို့... ဇာတ်တော်တစ်ခုမှာ ပုဏ္ဏား-၆-ယောက်တို့ အမှတ်မှားပုံကို ထင်ထင်ရှားရှား ပြထားတာ ဇာတ်ဥပမာ တစ်ခု ရှိပါတယ်။
မျက်စိမမြင်တဲ့ ပုဏ္ဏား -၆-ယောက် ဆိုတာပါ။ ကြားဘူးမယ် ထင်ပါတယ်။
သူတို့ -၆-ယောက် ဆင်တစ်ကောင်ရဲ့ ပုံသဏ္ဍာန်ကို ကိုယ်မြင်ဖူး မှတ်သားဖူးတဲ့အတိုင်း ငြင်းကြတဲ့ အခန်းပါ။
ဆင်ကို လှုပ်ရှားနေတဲ့ နှာမောင်းကို စမ်းကိုင်ကြည့်ဘူးသော ပုဏ္ဏားတစ်ယောက် ပြောလိုက်တာက “ဆင်ဆိုတာ မြွေနှင့်တူတယ်”။

ဒီအဆိုကို နောက်တစ်ယောက်၏ မှတ်သားချက်က ကန့်ကွက်လိုက်တယ်။ သူမှတ်သားထားတာက “ဆင်ဆိုတာ ကျည်ပွေ့နှင့် တူတယ်”လို့ ဆိုပြီး ကန့်ကွက်လိုက်တယ်။ သူက ဆင်၏အစွယ်ကို ကိုင်ပြီး ဒါဟာဆင်ပဲလို့ မှတ်သားထားလို့ပါ။

ဒီအမှတ်အသားကို နောက်တစ်ယောက်က ကန့်ကွက်လိုက်ပြန်တယ်။ သူမှတ်သားထားတာ “ဆင်သည် ဖျာသင်ဖြူးနှင့် တူတယ်”လို့ ဆိုပြီး ကန့်ကွက်တယ်။ သူက ဆင်ရဲ့ နားရွတ်ကို ကိုင်ပြီး ဒါဟာဆင်ပဲလို့သာ မှတ်သားဖူးတာကိုး။

ဒီအမှတ်အသားကို နောက်တစ်ယောက်က ကန့်ကွက်ပြန်တယ်။ သူမှတ်သားထားတာက “ဆင်ဆိုတာ အိမ်နံရံနှင့် တူတယ်”။ သူက ဆင်ရဲ့ ကိုယ်ကို ကိုင်ပြီး ဒါဟာ ဆင်ပဲလို့ မှတ်သားဖူးလို့ပါ။

ဒီအမှတ်အသားကို နောက် တစ်ယောက် ကန့်ကွက်ပြန်တယ်။ သူမှတ်သားထားတာက “ဆင်သည် အိမ်တိုင်နှင့် တူတယ်”လို့ မှတ်သားထားလို့ပါ။ သူက ဆင်ရဲ့ ခြေကိုပဲ စမ်းကိုင်ဘူးတာလေ။

ဒီအမှတ်အသားအဆိုကို နောက်တစ်ယောက်က ကန့်ကွက်ပြန်ရော.. သူမှတ်သားထားတာက “ဆင်သည် တံမြက်စည်းနှင့် တူတယ်”လို့ မှတ်သားထားလို့ပါ။ သူက ဆင်ရဲ့ အမြီးကိုပဲ စမ်းကိုင် ဘူးတာလေ။ ဒီဥပမာလေးတွေကတော့ သညာ(မှတ်သားမှု)တရား၏ မိမိမှတ်သားဘူးသည့်အတိုင်း စွဲလမ်း မှတ်ယူတတ်ပုံကိုလည်း မှတ်သားနိုင်ပါတယ်။ နောက်တခါ မိမိတို့တစ်တွေ ဤသညာမှတ်သားမှားမှုတွေကြောင့် “ကျောက်ကန် ငြင်းတတ်ပုံ၊ နောက်မှ ဆောရီးဆိုပြီး.. ငါမှားသွားလို့ပါ”ဟု ပြောကြတာလည်း အကြိမ်မနဲပါ။ ဤသဘောတရားများသည် သညာ၏ မှတ်သားမှုများနှင့် ဆိုင်ရာများ ဖြစ်ပါတယ်။ ကောင်း/ မကောင်း၊ မှန်/မမှန် မှတ်သားမှု အားလုံးသည် သညာတရား၏ မှတ်သားမှုသဘောပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို သညာစေတသိက်အကြောင်း နားလည်မယ်လို့ ထင်ပါတယ်။

နောက်တစ်ပါးက စေတနာစေတသိက်တရားဖြစ်ပါတယ်။
စေတနာတရားကတော့ လူတိုင်းစကားဝိုင်းမှာ မြန်မာစကားလို ဖြစ်နေပါတယ်။ စေတနာသည် လူတိုင်းနှင့် မတန်ဘူး၊ မင်းငါ့စေတနာကို စော်ကားတယ်။ ငါ့စေတနာ မင်းနှင့် မတန်ဘူး.. စသည်စသည်ဖြင့် ပြောဆို သုံးနှုန်းနေကြတာ။
အဲဒီတော့ စေတနာဆိုတာ ဘာလဲ? မိမိတို့တစ်တွေ ပြောဆို သုံးနှုန်းနေကြတာနဲ့ အတူတူပဲလားဆိုတာ.. ဒီအကျဉ်းမျှ အဘိဓမ္မာတရားကို လေ့လာဖတ်ရှုခြင်းဖြင့် သိနိုင်ပါလိမ့်မယ် ထင်ပါတယ်။
စေတနာဆိုတာ.. အပေါ်မှာ စေတသိက်တစ်ပါးသည်၏ အဓိပ္ပါယ်များ ပြောခဲ့စဉ်က ပြောခဲ့သလို “စေ့ဆော်ခြင်း”သဘောတရား ဖြစ်ပါတယ်။
စေ့ဆော်ခြင်းဆိုတာ... အလုပ်တစ်ခု (ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်) လုပ်ဖြစ်ဖို့ ဆိုင်ရာ(၀ီရိယ=အားထုတ်မှု) တရားစသည်များကို နှိုးဆော်၊ တိုက်တွန်း၊ စေ့ဆော်ခြင်းပါ။
သူ့ကို ဥပမာသဘောနှင့် ထင်ရှားအောင် ပြောကြည့်မယ်ဆိုရင် “လယ်စပါးရိတ်သော လယ်ပိုင်ရှင်”လိုပါပဲ၊ လယ်ပိုင်ရှင်သည် သူကိုယ်တိုင် လယ်ရိတ်သလို နောက်လိုက်ငယ်သားတွေကိုလည်း လယ်စပါးရိတ်ဖို့ တိုက်တွန်းဆော်အော် စေ့ဆော်ပေးသလို။ ဒီစေတနာစေတသိက်ကလည်း စေတနာတရားကိုယ်တိုင်လည်းပါဝင်၊ တခြားလုံးလအားထုတ်မှု (၀ီရိယ)စသည့်တို့ကိုလည်း အားထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။

နောက်ဥပမာတစ်ခုက... ကျောင်းတိုက်တစ်တိုက်က “တပည့်ကြီး” ဥပမာနှင့်လည်း တူပါတယ်။ ဘယ်လိုလည်းဆိုတော့... တပည့်ကြီးသည် အဝေးမှ ဆရာလာတာမြင်လျှင် “သူကိုယ်တိုင် စာအံစာကျက်သည့်အပြင်၊ အခြားတပည့်ငယ်များကိုလည်း “ဟေး... သူငယ်ချင်းတို့ ဆရာလာနေပြီ “စာအံ, စာကျက်ကြ”လို့ ပြောပြီး စီမံတိုက်တွန်းသည့်” ပမာလိုပါပဲ။ စေတနာစေတသိက်တရားရဲ့ အမှန်သဘောအဓိပ္ပါယ်ဆိုတာ သူကိုယ်တိုင်အလုပ်လုပ်သလို၊ တကွပါဝင်လုပ်ကိုင်ရမည့် ၀ီရိယတရားစသည်များကိုလည်း စေ့ဆော်တိုက်တွန်းပါတယ်။ ဤကဲ့သို့ စေတနာ(စေ့ဆော်ခြင်း) တရားဖြစ်တယ်ဆိုတာ မှတ်သားစေလိုပါတယ်။
စေတနာသည် လူတိုင်းနှင့် မတန်ဘူးဆိုတာ ဘာလဲ? ငါ့စေတနာ မင်းနှင့် မတန်ဘူးဆိုတာကကော ဘယ်လိုလဲ? ဆိုတဲ့ အသုံးအနှုံးများ နားလည်သွား၊ ရှင်းသွားလောက်ပါပြီ။
လူတိုင်းနှင့် တန်တဲ့ စေတနာ (လှုံ့ဆော်၊ စေ့ဆော်မှု) တရား မွေးမြူနိုင်အောင် ကြိုးနိုင်ကြပါစေ...
ဒီနေ့ ဒီ -၂-ပါးနှင့်ပဲ ရပ်ပါအုန်းမယ်...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP