စိတ်ကူးနဲ့ဘဝ
လူ၏အဖြစ်ကို ရခဲ၏၊ သတ္တ၀ါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခဲ၏၊။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာကာလကို) ရခဲ၏။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရား၊ ဓမ္မစကားပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကိုသိအောင်၊ မိမိမှာအသိညဏ်တွေတိုးလာဖို့ အထောက်အပံ့ ကောင်းတွေဖြစ်အောင် မိန့်ကြားထားတော်မူခဲ့တဲ့ ဓမ္မစကားလေးပါ။ “လူ၏အဖြစ်ကို ရခဲ၏၊” ဒါလေးကိုဖတ်ပြီးတော့ ရခဲတဲ့လူအဖြစ်မှာ လုပ်နိုင်ခဲမယ့်အလုပ်တွေ ရှိနေမယ်ဆိုတာ မဆိုင်းမတွပဲ နားလည်လိုက်ရပါတယ်။ လူအဖြစ်ကို ရတာချင်းတူကြပါတယ်။ ဒါပေမယ့် လုပ်ပေးစွမ်းနိုင်တာချင်းမတူကြပါဘူး။ တစ်ချို့က ခဲယဉ်းစွာရလာတဲ့ လူ့ဘ၀ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး သူ့ရဲ့ နေစဉ်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမှုကုသိုလ်တွေ လွှမ်းခြုံပြီး နေသွားကြပါတယ်။
ကောင်းမှုတွေ လွှမ်းခြုံထားမှတော့ မကောင်းမှုအကုသိုလ်တရားတွေ မ၀င်လာနိုင်တော့ဘူးပေါ့။ တစ်ချို့ကျပြန်တော့ မကောင်းမှုအကုသိုလ်တရားတွေကို ဘ၀မှာ အများဆုံးထုံးမွှမ်းပြီး နေသွားကြတဲ့သူတွေလဲ ရှိပြန်ပါတယ်။ မြန်မာ စကားလုံး တစ်ခုရှိပါတယ်။ “ကြုံကိုက်တယ်” ဆိုတဲ့စကားလေးပါ။ အခုဆိုရင်ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ညီအစ်အကို မောင်နှမ အားလုံးဟာ သာသာနာနဲ့လဲ ကြုံနေပြီ၊ ဒါပေမယ့် ကြုံနေတဲ့ ဘာသာတရား၊ သာသနာတရားတွေပေါ်မှာ မကြိုက်ဘူးဆိုရင်တော့ ကြုံနေတာ အလကားကြီးဖြစ်နေမှာပေါ့။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကြုံတွေ့နေတဲ့ သာသနာကို ကြိုက်တတ်ချင်တယ် ဆိုရင်တော့ ဒီလို အလုပ်တွေ လုပ်ရမယ်လို့ ညွှန်ပြထားတော်မူပါတယ်။ ဒါက ဘာလဲဆိုတော့ ကုသိုလ်ကောင်းမှုအလုပ်(၁၀) ပါးလို့ ခေါ်တဲ့ ပုညကြိယာဝတ္တု (၁၀) ကို မိန့်ကြားထားတော်မူပါတယ်။ ပုညကြိယာဝတ္တု (၁၀) ပါးဆိုတာ-
ကောင်းမှု--->ကုသိုလ်--->ပုည--->ပုန်း--->ဘုန်း သို့အဆင့်ဆင့်ကူးပြောင်းခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကံကြီးသည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်းသိအပ်ပေသည်။
(က)ဒါန
(၁)ရိုးရိုးဒါန(လှူဒါန်းခြင်း)
(၂)ပတ္တိဒါန(အမျှပေးခြင်း)
(၃)ပတ္တာနုမောဒန(သာဓုခေါ်ခြင်း)
(ခ)သီလ
(၁)ရိုးရိုးသီလ(ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂)အပစာယန(ရိုသေခြင်း)
(၃)ဝေယျာဝစ္စ(လုပ်အားပေးခြင်း)
(ဂ)ဘာဝနာ
(၁)ရိုးရိုးဘာဝနာ(မေတ္တာဘာဝနာပွားခြင်းဘုရားဂုဏ်တော်စသည်အာရုံပွားနေခြင်း)
(၂)ဓမ္မဿဝန(တရားနာယူခြင်း)
(၃)ဓမ္မဒေသနာ(တရားဟောပြောပြနေခြင်း)
(၄)ဒိဋ္ဌိဇုကမ္မ(အယူမှန်ခြင်း) တို့ဖြစ်ပါတယ်။ ဒီအလုပ်တွေကို ထည်ထည်ဝင်ဝင် နစ်နစ်ကာကာ လေးလေးနက်နက် လုပ်နေပြီးဆိုတော့ ဒီပုဂ္ဂိုလ်ဟာ သာသနာနဲ့လည်း ကြုံတယ်။ သာသနာကိုလဲ ကြိုက်တဲ့ ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်ပါတယ်။ ပုညကြိယာဝတ္တု(၁၀)ပါးမှာ အစ နံပါတ်(၁)မှာ ဒါနဆိုတာလေးကို အရင်ဆုံးဟောကြားတော်မူထားပါတယ်။ ဘာကြောင့် များ ဒါနကို နံပါတ်(၁)နေရာက တင်ထားရသလဲ ဆိုရင်တော့ တစ်လောကလုံး မြင်နေတဲ့ လောဘ အထင်လုံးကြီး လျော့ချဖို့။ နောက်တစ်နည်း လျော့ပါးသွားအောင်လုပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ စစ်မှန် ငြိမ်းအေးတဲ့ ချမ်းသာအစစ်က လိုချင်မှု၊ ငါပိုင်ဆိုင်မူ၊ အတင်းအကြပ် စွဲလမ်းစိတ်နဲ့ သိမ်းပိုက်ထားမှုတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နေရာမပေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့တွေ လောဘအထင်ကို ပစ်ဖို့အတွက် ငါ့အတွက်ကနေ စွန့်မယ်ဆိုတဲ့ အကျင့်ကို ကျင့်ဖို့ လိုအပ်ပါတယ်။ မိမိမှာရှိတဲ့ ကိုယ့်စွန့်နိုင်တဲ့အရာက စပြီး စွန့်နိုင်ပါတယ်။ တစတစ စွန့်ရဲမှသာ ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏ ဆိုတဲ့အတိုင်း စွန့်တတ်ဖို့အတွက် ဒါနကို စတင်ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ဒါနမှစပြီး ကုသိုလ်ကောင်းမူပြုသူတိုင်း အတွေးသုံးမျိုးကို ပိုင်ဆိုင်ပါတယ်။ အတွေးသုံးမျိုးရှိသူတိုင်းလည်း ဒါနက စလို့ ကောင်းမှုတွေတိုးပွားပြီး လုပ်ဆောင်ဖြစ်နိုင်ပါတယ်။ ပါဠိလိုကတော့ သမ္မာသင်္ကပ္ပ - မှန်ကန်တဲ့အတွေး လို့ခေါ်ပါတယ်။
(၁) နေက္ခမ သင်္ကပ္ပ - စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ်၊
(၂) အဗျာပါဒ သင်္ကပ္ပ - ခွင့်လွတ်သည်းခံတတ်တဲ့စိတ်၊
(၃) အ၀ိဟိံသ သင်္ကပ္ပ - သတ္တ၀ါတွေအပေါ်ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊
အဲဒီလိုစိတ်ကလေးတွေ တွေးပြီး နှလုံးသားထဲမှာမွေးကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ စိတ်ကိုမွေးတာပါ။ ကောင်းတဲ့ စိတ်ကိုမွေးရင် စိတ်ကောင်းလေးတွေ ပေါက်ဖွားလာမှာ သေချာပါတယ်။ စိတ်ကောင်းလေးတွေ အရင်းတည် ပေါက်ဖွားလာမှတော့ သူနဲ့ဆက်စပ်တဲ့ ကာယအလုပ်၊ ၀စီအလုပ်တွေလည်း ကောင်းလာမှာဖြစ်ပါတယ်။
စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ် ဆိုတာ ရယူပိုင်ဆိုင်လိုစိတ်အကို စွန့်ပစ်လိုက်တာပါ။ တနည်းပြောရင် မိမိမှာရှိတဲ့ လောဘကို စွန့်တာပါ။ အဲဒီလိုလောဘကိုစွန့်ဖို့ သင်္ကတတစ်ခုအနေနဲ့ ဒါနဆိုတဲ့ ကောင်းမှုတရားကို စတင်ပြုကြပါတယ်။ ကိုယ်နိုင်သလောက် တစ်ဆင့်ပြီးတစ်ဆင့် စွန့်သွားရင် မိမိမှာရှိတဲ့ ငါပိုင်ဆိုင်တဲ့အထင်လုံးရယ်၊ ငါ ဆိုတဲ့ အထင်လုံးရယ် လျော့နည်းကျဆင်းသွားနိုင်ပါတယ်။ ခွင့်လွတ်သည်းခံတတ်တဲ့စိတ်ဆိုတာ လောကဓံတရားရဲ့ တစ်စုံတစ်ခုအပေါ်မှာ မိမိကနေ ခွင့်လွတ်ခြင်းမရှိ၊ သည်းမခံနိုင် တဲ့အတွက် ဒေါသအနေနဲ့ တုံ့ပြန်ခြင်း ကင်းမဲ့စွာ သတိပညာနဲ့ နေနိုင်၊ တွေးကြံပြီး စိတ်ထားနိုင်တာကို ခေါ်ပါတယ်။ သတ္တ၀ါတွေအပေါ် ကိုယ့်ချင်းစားစိတ်ဆိုတာကတော့ အော် ငါလဲ သူလိုပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ၊ သူ့ခမျာ ခံစားတတ်တဲ့ ဝေဒနာရှိသလို ငါမှာလဲ ခံစားတတ်တဲ့ ဝေဒနာရှိတယ်ဆိုတာ စာနာထောက်ထားပြီး သူတို့အပေါ် မေတ္တာစိတ်မွေးတာကို ဆိုလိုပါတယ်။
တစ်လောကလုံးက လူတွေက ကိုယ်စိတ်ကူးနဲ့ ကိုယ်သိနေတာလို့ ဓမ္မဘေရီဆရာတော်ဘုရားကြီး ဟောကြားတော်မူထားပါတယ်။ ကိုယ်မှာရှိတဲ့ အသိတွေကို စိတ်ကူးက ကူညီနေတတ်ပါတယ်။ အပေါ်မှ ရေးသားခဲ့တဲ့ မှန်ကန်တဲ့ စိတ်ကူးလို့ ခေါ်တဲ့ သမ္မာသင်္ကပ္ပသာရှိမယ်ဆိုရင် စိတ်ထားတွေ မှန်သွားပါပြီ။ စိတ်ထားတွေ မှန်သွားတော့ အသိတွေလဲ မှန်သွားပါပြီး။ အသိမှန်၊ စိတ်ထားမှန်ရင် ကံအနေနဲ့ မနောကံ ကောင်းသွားပြီးလို့ ပြောလို့ရပါတယ်။ လောကကြီး တစ်ခုလုံးကို စိတ်က ဦးဆောင်တယ်ဆိုတဲ့အတွက်ကြောင့် စိတ်ကြောင့် ဖြစ်ပေါ်လာမယ် ကာယကံနှင့် ၀စီကံလဲ ကောင်းသွားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး က စိတ္တံ ဒန္တံ သုခါ ၀ဟံ = စိတ်ကိုကောင်းကောင်း ထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏ ဟု ဟောကြားတော်မူခဲ့သည်။ ဒါကြောင့် ကျွန်တော်တို့တွေ အလွန်အင်မတန်နူးညံ့တဲ့ စိတ်ကို သတိတရားထား၊ မှန်ကန်တဲ့ တွေးကြံမှုတွေနဲ့ ထိန်းသိမ်းစောင့်သွားမယ်ဆိုရင် မိမိရင်ထဲမှာ မကောင်းတဲ့ စိတ်ညစ်တွေကင်းလို့ အတော်လေးအေးချမ်းသွားမယ်လို့ ယုံကြပါတယ်။ မနောစိတ်ဆိုတာ မိမိဘ၀ရဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာရဲ့ စေခိုင်းချက်အရ ကာယကံနဲ့၀၀ီကံ လို့ခေါ်တဲ့ မင်းသားနဲ့ မင်းသမီးက နှစ်ဦးနှစ်ဖက်ကပြသရုပ်ဆောင်နေတာပါ။ ဒါရိုက်တာဆိုတဲ့ စိတ်ကလဲ သူစေခိုင်းခြင်းတိုင်း ခိုင်းတာမဟုတ်ပါဘူးတဲ့။ ဇတ်ညွှန်းရေး ဆရာရဲ့ အတိုင်းပါတဲ့။ ဇာတ်ညွှန်းအတိုင်း စိတ် ဒါရိုက်တာကလဲ စေစားတာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေမှာ မြတ်ဗုဒ္ဓ ရေးသားပေးခဲ့တဲ၊ ဇာတ်ညွှန်းကောင်းကြီးက ကျွန်တော်တို့ မျက်စိရှေ့မှာ ရှိပါတယ်။ ဒီဇာတ်ညွှန်းကောင်းကြီးသာ သေချာ စနစ်တကျ၊ နည်းနာပြသပေးမယ် ဆရာသမားတွေနဲ့ မိမိစိတ် ဒါရိုက်တာ ယူရိုက်လိုက်မယ်ဆိုရင် မိမိဘ၀ ဇာတ်လမ်းက ဧကန်မုချ မလွဲမသွေ အော်စကာ ဆုရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကလဲမကောင်း၊ ဒါရိုက်တာကလည်း သူဖြစ်ချင်တဲ့အတိုင်း စေစား၊ စေခိုင်း နေမယ်ဆိုရင် အော်စကာ ဆုမရပဲ အော့နှလုံး နာစရာ ကောင်းတဲ့ အော်စရာ ဆု ရမှာတော့ သေချာပါတယ်။
ဘ၀ဇာတ်လမ်းလှဖို့ အတွက် မြတ်ဗုဒ္ဓရဲ့ တ၇ားတော်တွေကို ဖတ်မှတ်၊ သင်ယူ၊ ကျင့်သုံး၊ နှလုံးသွင်းဖို့ အထူးအရေး ကြီးပါတယ်။ မှန်ကန်တဲ့ စိတ်ထားတွေ အခြေခံပြီး မှန်ကန်တဲ့ စိတ်ကူးတွေနဲ့သာ နေ့စဉ်မှ နေစဉ်အထိ တွေးကြံ၊ ပြောဆို၊ လုပ်ကိုင်သွားမယ်ဆိုရင်၊ လူဘ၀မှာ ဇာတ်လမ်းကောင်းနဲ့လူဖြစ်ရကျိုးနပ်ြ့ပီးပေါ့။ သာသနာနဲ့လဲ ကြုံရကျိုးနပ်ပါပြီ၊ သာသနာကို ကြိုက်တဲ့အတွက်ကြောင့်လဲ သာသာနာကို ကြိုက်ရကျိုး နပ်ပါပြီး။ “မနုဿ ဘာဝေါ ဒုလ္လဘော” ၊ ရခဲလှတဲ့ လူဘ၀မှာ စွန့်လွှတ်စိတ်၊ ခွင့်လွတ်သည်းခဲစိတ်၊ ကိုယ်ချင်းစာစိတ်တွေ မွေးပြီး မိမိဘ၀ကို အကောင်းဆုံးသရုပ်ဖော်သွားဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို မိမိမှာ ရှိတဲ့ ဒီလိုစိတ်ကူးကောင်းလေးတွကို ကျွန်တော်တို့တွေ သက်သေပြဖို့ လိုအပ်ပါ တယ်။ ဘာတွေနဲ့သက်သေပြမလဲဆိုရင် ဒါန စပြီး သက်သေပြနိုင်ပါတယ်။ ပေးကမ်းစွန့်ကြဲမှု ဒါန နဲ့စပြီး စွန့်လွှတ်အနစ်နာခံလိုစိတ်၊ ခွင့်လွှတ်သည်းခံတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်တွေ ဖြေးဖြေးချင်းမွေးယူ နိုင်မယ်ဆိုရင် စိတ်ထားတွေ ကောင်းလို့ မိမိတို့ရဲ့ ပန်းတိုင်မလွဲမသွေ ရောက်ရှိမှာဖြစ်ပါတယ်။
မိမိရဲ့ စိတ်ကောင်းကလေးတွေကို လက်တွေ့ သရုပ်ဖို့အတွက် ပါရမီမြောက်တဲ့ဒါနကစလို့ ကုသိုလ်ကောင်းမှုအလုပ်(၁၀)မျိုးလုံးကို ကိုယ်စွမ်းနိုင်တာက စဖို၊့ ဒီနေ့ဒီအချိန်ကစပြီး ပြုကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ရခဲလှတဲ့ လူဘ၀မှာ သာသနာကိုကြိုက်တဲ့ သူတော်ကောင်းတွေဖြစ်လို့ စိတ်ကူးကောင်းတဲ့ ဘ၀ ဖြစ်ပါစေလို့ ဆုမွန် တောင်းလျက်။
စိုးစံမောင်

0 comments:
Post a Comment