* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

သတိၿမဲစြာ ပထမာ (၃)



အထက်ဖော်ပြပါ နံပါတ် (၅)ပုံသည် ယခင်ပြဆိုခဲ့ပြီးသော နည်းသုံးနည်းအနက် ကသိုဏ်းအဓိက၊ အာရုံသာမည ဖမ်းယူရှုမှတ်ရသောနည်းကို ပြသထားသောပုံဖြစ်ပါသည်။ ထိုသို့အားထုတ်ရှုမှတ်ရင်း ထွက်သောလေ၊ ၀င်သောလေတို့သည် ထိခတ်မိရာ နှာသီးဖျားအရပ်၌ တိုးထိတိုင်း တိုးထိတိုင်း လွတ်သွားသည်ဟူ၍ မရှိဖြစ်လာပေလိမ့်မည်။ အမှတ်အသိစိတ်၍လာသောအခါ သတိသမာဓိလည်း ခိုင်မြဲလာပေလိမ့်မည်။

ထိုသမာဓိ၏ တန်ခိုးသတ္တိကြောင့် သမာဓိတည်ရာဖြစ်သော ကသိဏဌာနမှ ရွေးစေ့ခန့်လောက်သော်လည်းကောင်း သို့မဟုတ် ခဲချောင်းကလေးရေးထားသကဲ့သို့လည်းကောင်း အစတွင် မှေးမှေးမှိန်မှိန်ရှိသော အလင်းကလေး ပေါ်ထွက်လာတတ်သည်။ ဆက်လက်၍ အားထုတ်ရှုမှတ်သောအခါ ပျောက်တစ်ခါ-ပေါ်တစ်လှည့် (အမှတ် ၅-ပုံတွင် တွေ့မြင်ရသည့်အတိုင်း) တကယ့်အလင်းနိမိတ်ကို တွေ့မြင်လာရပေလိမ့်မည်။ ဆက်လက်၍ ၀ီရိယစိုက်အားထုတ်ရှုမှတ်လျှင် အမြဲလင်းထိန်နေသော အလင်းနိမိတ်ကို တွေ့မြင်လာရတတ်ပါသည်။

အထူးဖော်ပြလိုသည်မှာ အချို့ယောဂီများသည် ကသိုဏ်းဝန်း(နှာသီးဖျား)ကိုပင် မထင်မမြင်နိုင်ဖြစ်နေသောကြောင့် စိတ်ဖြင့် “မီးတောက်မီးခဲကလေး နှာသီးဝတွင် ရှိသည်၊ ၀င်လေထိသောအခါ လင်းသွားသည်၊ ထွက်လေထိသောအခါ လင်းသွားသည်”ဟုပင် ဥပါဒ်ပေးကြရ၊ ဖန်ဆင်းပေးကြရကုန်သည်။ အချို့ယောဂီများသည် နှာသီးဖျားတွင် စက္ကူဝိုင်း၊ ထုံးကွက်စသည်တို့ကို တကယ်ထားပြီး မှန်နှင့်ကြည့်ပြီးနောက် မျက်စိမှိတ်ပြီး စိတ်နှင့်စွဲယူကြရသည်။ မည်သို့ပင် အားထုတ်သည်ဖြစ်စေ အကျိုးများဖို့သာ လိုရင်းဖြစ်ပါသည်။ အကျယ်သိလိုလျှင် ယောဂိပါရဂူကျမ်း၊ အာနာပါနပါရဂူကျမ်းတို့တွင် ကြည့်ရှုနိုင်ပါသည်။

သတိ၊ သမာဓိခိုင်မြဲစွာ တည်သည်နှင့်တစ်ပြိုင်နက် ထိုကသိုဏ်းကွက်၊ ကသိုဏ်းတန်းကလေးသည် လင်းထိန်လာတတ်သည်။ ထိုအခါမျိုးတွင် ရွှင်လန်းအားတက်ခြင်းများ အလွန်ဖြစ်ပေါ်၍ အမြဲမပြတ်ဆက်လက်အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ အားထုတ်ရသည်မှာလည်း အလွန်ရှင်းလင်းကြည်လင်လာတတ်ပါသည်။


ရရှိထားသော ခိုင်မြဲသောသမာဓိကို အရင်းတည်၍ ၀ီရိယစိုက်ကာ ဆက်လက်အားထုတ်လျှင် နှာသီးဖျားကသိုဏ်းကွက်မှ နံပါတ်(၆)ပုံအတိုင်း အရောင်တလက်လက် ကြည်လင်ပြတ်သားစွာ ပေါ်ထွက်၍ လာပေလိမ့်မည်။ ထို့နောက် ကသိုဏ်းကွက် အရောင်အလင်းအတွင်း၌ ထွက်လေ၊ ၀င်လေဟူသော အာရုံတန်းကလေးသည် ပုံတွင်ပါသည့်အတိုင်း ရှေ့တိုးနောက်ဆုတ်၊ ရှေ့တိုးနောက်ဆုတ်နှင့် ဝင်ထွက်နေသည်ကိုလည်း တွေ့မြင်လာရတတ်ပါသည်။ ဤနည်းအတိုင်း ကသိုဏ်းနှင့်နိမိတ်လေတို့ အစုံအစုံပေါ်လာရခြင်းကိုပင် ပါမောဇ္ဖ(ရွှင်လန်းဝမ်းမြောက်ခြင်း)အခြင်းအရာဟု အဋ္ဌကထာတွင် ပြဆိုထားပါသည်။ ထိုအခြင်းအရာ ထိုအဆင့်ထူးကို ရောက်ရှိသော ယောဂီပုဂ္ဂိုလ်အား အန္ဓပုထုဇဉ်နယ်မှ ကလျာဏပုထုဇဉ်နယ်သို့ ဧကန်မုချ တတ်လှမ်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပါတော့သည်။

ဤအခန်း၌ပင် အချို့ပါရမီထူးသောယောဂီများသည် ကံ၊ ဉာဏ်၊ ၀ီရိယကြောင့် အာနာပါနအမှတ်ပြ ကသိုဏ်းတန်းကလေးသည် အရောင်တလက်လက်ဖြာထွက်ကာ ထင်းစည်း၊ ကောက်လှိုင်းစည်းများ၏ စည်းဖွဲ့ကြိုးပမာ အာရုံလေတန်းကို အလယ်က စည်းထားသကဲ့သို့ ငုံ့လျှိုးထွက်ဝင်လျှက် နေပါတော့သည်။
အထူးသတိပြုရန်မှာ ထိုကသိုဏ်းအလင်းတန်းကလေး၏ ရှေ့ကိုလည်း လက်တစ်သစ်ခန့်၊ နောက်ကိုလည်း လက်တစ်သစ်ခန့်ထက်ပို၍ အတို၊ အရှည်ဖြစ်မသွားစေဖို့ပင် ဖြစ်ပါသည်။

ဤနေရာ၌ အချို့ယောဂီများမှာ ကသိုဏ်းအလင်းတန်းက စ၍ပေါ်ပြီးနောက် လေအာရုံတန်း ပေါ်လာတတ်ကြသည်။ အချို့ယောဂီများမှာ လေအာရုံတန်းကလေး ၀င်လိုက်ထွက်လိုက်ပေါ်ပြီးနောက် ကသိုဏ်းအလင်းတန်းပေါ်လာတတ်ကြကုန်သည်။ တစ်ဦးတစ်ဦးမတူညီတတ်၊ အမျိုးမျိုးဖြစ်တတ်ပါသည်။ မည်သည့်အရာကစ၍ပေါ်ပေါ် အမှန်ဟုသာ မှတ်ယူရပါမည်။ ထင်ရှားစွာပေါ်ခဲ့ရခဲ့ပါလျှင် ဧကန်ပါရမီအထူးရှိသူဟု မှတ်ယူနိုင်ပါတော့သည်။ ဝီရိယထားကာ ကြိုးစားအားထုတ်လိုက်ကြစေလိုပါသည်။
အနုတ္တရိယတရား (၆)ပါးတို့တွင် ဤကဲ့သို့ထင်မြင်မှုမျိုးကို ဒဿနာနုတ္တရိယ (မြင်ခြင်းတကာတို့တွင် ထူးခြားမြင့်မြတ်သောမြင်ခြင်း)၊ မြတ်စွာဘုရားရှင်၏ ဓမ္မရောင်ခြည်ကို ဖူးတွေ့ရခြင်းတို့ကြောင့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ခေါ်ဆိုထိုက်ကြောင်း အဋ္ဌကထာများတွင် ရေးသားတော်မူကြသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိသူအတွက် ထိုနေ့ထိုအချိန်သည် ပျော်မွေ့ဖွယ်ရာအကောင်းဆုံး၊ အရသာအရှိဆုံး၊ လူဖြစ်ရကျိုးအနပ်ဆုံးအချိန်ဟု ထင်မှတ်နေတတ်သည်ဖြစ်၍ ၀မ်းမြောက်ဖွယ်ဖြစ်ပါတော့သည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP