* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

ဘုန်းကြီးနှင့် အင်တာနက်

ချက်တင်ထဲမှာ ခဏခဏအမေးခံရတဲ့ မေးခွန်းလေးတစ်ခုကြောင့် အခုလို ခေါင်းစဉ်နဲ့ ရေုးလိုက်တာပါ။ ဦးဇင်းက အွန်လိုင်းပေါ်ရောက်ရင် ဂျီတော့လဲ ဖွင့်ထားလေ့ရှိတယ်လေ။ ဖော်ဝပ်မေးထဲက ရတဲ့ အကောင့်သစ်တွေနဲ့ စမိတ်ဆက်တဲ့အခါ မိမိကို ဘုန်းကြီးမှန်း သိလိုက်တာနဲ့ မေးလေ့မေးထရှိတဲ့ စကားလေးတစ်ခွန်းကတော့ ..ဘုန်းကြီးတွေ ချက်တင်ထိုင်တာ ၀ိနည်းတော်နဲ့ ညီပါသလား.. တဲ့။
တကယ်ဆိုရင် ၀ိနည်းနဲ့ညီ မညီဆိုတာကတော့ အင်တာနက် အသုံးပြုတဲ့ ရဟန်းအပေါ်မှာပဲ မူတည်တယ်လို့ ဦးဇင်းကတော့ ယူဆထားတယ်။ ချက်တင်ထိုင်တိုင်း ၀ိနည်းတော်နဲ့ မညီဘူးလို့ ပုံသေတွက်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချက်တင်ထဲကနေ သာသနာပြုနေတဲ့ ရဟန်းတွေကို မြင်ဖူးထားလို့ပါပဲ။ ဘယ်လို သာသနာပြုနေတာလဲဆိုတော့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေရဲ့ ဘာသာတရားနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို အမေးအဖြေ လုပ်နေတာကို ကိုယ်တိုင် မြင်တွေ့ထား လို့ပါ။ ပြည်ပမှာဆိုတော့ ရဟန်းသံဃာတွေနဲ့ အပြင်မှာ ဆုံတွေ့ မေးမြန်းဖို့ဆိုတာ မလွယ်ပါဘူး။ ချက်တင်ထဲမှာ ဆိုရင်တော့ အလွယ်တကူ တွေ့နိုင်စရာ အကြောင်းရှိပါတယ်။ ခုခေတ်စာသင်သား အများစုဟာ ချက်တင်ထဲကနေ သာသနာတော်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေကို ကိုယ်တတ်စွမ်းနိုင် သလောက် ဖြေရှင်းပေးနေကြပါတယ်။ အဲဒီ ချက်တင်ကနေ ဖြေရှင်းပေးတဲ့ နည်းကတော့ ထိပ်တိုက် ဆွေးနွေးနိုင်တဲ့ အပြင် မေးပို့ထားပြီး အားတဲ့အခါမှ ဆွေးနွေးလို့လဲ အဆင်ပြေတဲ့နည်းပါ။
နောက်တစ်ခုကတော့ ဘာသာတရားနဲ့ ပတ်သတ်တဲ့ ပို့စ်ရေးပြီး ဖြန့်တဲ့နည်းပါ။ အဲဒီလို ဖြန့်တဲ့ နေရာမှာလဲ ချက်တင်ထဲကနေ ဖြန့်ရင် ပိုပြီး ပြန့်လွယ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်ပြီး ပြည်တွင်း ပြည်ပရောက် ဗုဒ္ဓဘာသာတွေ အွန်လိုင်းကနေတစ်ဆင့် ဖတ်နိုင်ပါစေ..ဆိုတဲ့ စေတနာနဲ့ တစ်ချို့ စာသင်သားတွေဟာ သူတို့ရဲ့ မလောက်ငတဲ့ ငွေကြေးနဲ့ အိပ်ချိန်ထဲက အချိန်နဲ့ အားလပ်တဲ့ အချိန်တွေကို အင်တာနက် အသုံးပြုဖို့ အတွက် နှုတ်ယူပြီး ဓမ္မနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဘလော့ရေးနေတဲ့ ကိုယ်တော်တွေကို ၀ိနည်းတော်နဲ့ မညီဘူးလို့ ပြောသင့်ပါသလား။
တကယ်တော့ စောစောက မေးခွန်းကို မေးလေ့ရှိတဲ့ သူတွေဟာ ပြည်တွင်းကလူ အများစုပဲ ဖြစ်ပါတယ်။ ပြည်ပမှာ နေထိုင်ကြတဲ့ သူတွေကတော့ ခေတ်အကြောင်းကို တော်တော်များများ နားလည်ထားကြပါတယ်။ ပြည်တွင်းမှာတော့ အင်တာနက်သုံးသူ အများစုဟာ ချက်တင်ထဲကနေ အီစီကလီလုပ်နေပြီး အချိန်ကို အကျိုးမဲ့ဖြုန်းတည်းနေကြတော့ သူများတွေကိုလည်း သူတို့လို ထင်ပြီး ဘုန်းကြီးတွေ အင်တာနက်ဆိုင်လာတိုင်း ချက်တင်မှာ ကြူဖို့ပဲ ထင်နေကြသလားမသိပါဘူး။
တခြားမြို့တွေမှာတော့ မသိဘူး။ ဦးဇင်းတို့ မုံရွာ အင်တာနက် ဆိုင်တွေမှာ အသုံးပြုသူ အများစုကတော့ ချက်တင်ထိုင်ခြင်း၊ ဂိမ်းဆော့ခြင်းနဲ့သာ အချိန်နဲ့ ငွေကို ဖြုန်းတီးပစ်လေ့ ရှိပါတယ်။ ချက်တင်ထိုင်တဲ့သူ အများစုကတော့ အကျိုးရှိတဲ့စကားတွေကို ဆွေးနွေးနေတာထက် အကျိုးမဲ့ စကားတွေနဲ့သာ အချိန်တွေကို ကုန်လွန်နေကြပါတယ်။ အင်တာနက်ကနေ ရသင့်ရထိုက် သိသင့်သိထိုက်တဲ့ ပညာရပ်တွေကို လေ့လာလေ့ရှိတဲ့သူကတော့ 100 မှာ 10 တောင် မပြည့်ပါဘူး။ ဒါဟာ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာရဲ့ အားနည်းချက် တစ်ရပ်ပါပဲ။ လူငယ်တွေကို နှိမ်ချတဲ့သဘောမျိုးနဲ့ ပြောနေတာမဟုတ်ပါဘူး။ ပြုပြင်သင့်တဲ့ အချက်တွေကို ထောက်ပြနေတာပါ။
တခြားဘာသာဝင်တွေဟာ သူတို့ဘာသာ ပြန့်ပွားဖို့ ရှေးဟောင်းနည်းရော ခေတ်ပေါ်နည်းတွေနဲ့ပါ အစွမ်းကုန် ကျိုးစားနေတဲ့အချိန် ဗုဒ္ဓဘာသာ လူငယ်အများစုကတော့ မိရိုးဖလာ ဘာသာတရားနဲ့ တင်းတိမ်ရောင့်ရဲနေကြဆဲပါ။ အားတက်သရော ကျိုးစားတဲ့ လူငယ် အနည်းစုပဲ ရှိပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကို သာသနာတော်အတွက် ပေးဆပ်နေကြတဲ့ လူငယ်တွေရဲ့ ဘလော့တွေကို ဖတ်လိုက်ရရင်တော့ ၀မ်းမြောက်မိလှပါတယ်။ ဒါကလည်း တကယ့်ကို အနည်းစုလေးပါ။ ဘာသာရေးအသိအမြင်ကို သူများရေးထားတာတောင် မဖတ်ဘဲ ချက်တင်နဲ့ ဂိမ်းအတွက်ပဲ အချိန်ပေးထားကြတဲ့ ခေတ်လူငယ်တွေကတော့ အများအပြားပါပဲ။
အခု အပြင်မှာရော အွန်လိုင်းပေါ်မှာပါ ဦးဇင်း တွေ့နေရတဲ့သူ အများစုကတော့ ဘုန်းကြီးနဲ့ချက်တင် ဘာမှမဆိုင်ဘူးလို့ ထင်နေကြတဲ့လူတွေ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်း အင်တာနက်ဆိုင်ထဲကို ၀င်သွားပြီဆိုရင် အသုံးပြုနေသူတွေက ထူးထူးဆန်းဆန်း မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။ သူတို့လို ချက်တင်ထိုင် ဂိမ်းဆော့ဖို့ပဲ လာတာနေမှာပါဆိုတဲ့ အထင်သေးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တာကို ပထမ ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယရင်ဆိုင်ခဲ့ရ တာကတော့ ဂျီတော့မှာ လူအသစ်တွေနဲ့ စမိတ်ဆက်တဲ့အခါ ..မင့်ဘယ်သူလဲ.. လို့တစ်ဘက်လူက မေးတဲ့အခါ ..ငါဘုန်းကြီးတစ်ပါးပါ… လို့ပြန်ဖြေလိုက်တော့ ..ဆောရီးနော်၊ ဘုန်းကြီးတွေနဲ့ စကားမပြောတတ်လို့.. ဆိုပြီး ဘလော့သွားတဲ့သူတို့၊ ..ဟာ ဘုန်းကြီးတွေက ချက်တင်ထိုင်ကောင်းသလားဟ.. ဆိုပြီး အံ့သြတဲ့သူတို့၊ …ဘုန်းကြီးတွေ ချက်တင်ထိုင်တာ ၀ိနည်းတော်နဲ့ ညီပါသလား.. ဆိုပြီး မေးတဲ့သူတို့။ အဲသလို အမြင်မကျယ်သေးတဲ့ ဗုဒ္ဓဘာသာ လူငယ်တွေကိုပဲ တွေ့နေတာများပါတယ်။
အထက်ပါ မေးခွန်းတွေအတွက် ဦးဇင်းရဲ့ အဖြေကတော့ မိမိသည် http://ashinsasana.multiply.com/ဆိုတဲ့ ၀က်ဆိုက်မှာ ပို့စ်ရေးနေပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်ပြီး ကိုယ်သိထားသလောက် တခြားသူတွေ သိပါစေဆိုတဲ့ သဘောမျိုးနဲ့ ရေးနေတာပါ။ ဦးဇင်းလိုပဲ.. သီတင်းသုံးဖော်တစ်ပါးကလဲ http://dhammaanalysis.multiply.com/ ဆိုတဲ့ဆိုက်မှာ သူစွမ်းနိုင်သလို ရေးနေပါတယ်။ ဦးဇင်းက မိမိရဲ့ အကောင့်ထဲက လူတွေကို ဖြန့်ဝေပါတယ်။ ဖတ်တာ မဖတ်တာကတော့ သူတို့ရဲ့ သဒ္ဓါတရားနဲ့ ပါရမီအပေါ်မှာပဲ မူတည်ပါတယ်။ မိမိရဲ့ ဂျီမေးထဲ ဖော်ဝပ်မေးက ပါလာတဲ့ အကောင့်တွေကိုလဲ အက်ထားပါတယ်။ အကောင့်မှာ လူဦးရေ များလေ ဘာသာတရားတိုးပွားဖို့ အခွင့်များလေလို့ ယူဆထားလို့ပါ။ ချက်တင်ထဲက လူတွေမေးတဲ့ ဘာသာရေးနဲ့ ဗဟုသုတတွေကိုလဲ ကိုယ်သိသလောက် သူတို့ကျေနပ်တဲ့အထိ ဖြေရှင်းပေးနေပါတယ်။ ဗဟုသုတရစေမဲ့ ဆိုက်တွေကိုလည်း ဖြန့်ဝေနေပါတယ်။
အဲဒီလိုနည်းလမ်းနဲ့ ဘာသာတရား ပြန့်ပွားအောင် ဖြန့်နေတာကို ၀ိနည်းတော်နဲ့ ညီမညီ ဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားကြည့်ပါ။ သေချာတာတစ်ခုကတော့ ..ယောပနဘိက္ခု - အကြင်ရဟန်းသည်၊ န၀ံ နယေန - ခေတ်ပေါ်နည်းလမ်းဖြင့်၊ ၀ါ - အင်တာနက်ဖြင့်၊ သာသနံ - သာသနာတော်ကို၊ ၀ဍ္ဎနံ - ကြီးပွားအောင်၊ န ကာရေတဗ္ဗော - မပြုလုပ်အပ်၊.. (ရဟန်းတို့.. အင်တာနက်နဲ့ သာသနာမပြုရ) ဆိုတဲ့ ဗုဒ္ဓရဲ့ တားမြစ်ချက်တော့ မရှိတာ အမှန်ပါပဲ…။
အခုလို အချိန်ကုန်ခံပြီး ဖတ်ပေးတဲ့အတွက် သာဓုခေါ်ပါတယ်။
အရှင်သာသန (မုံရွာ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP