* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

လာခြင်းကောင်းသောဧည့်သည်ဖြစ်ပါစေ..

ဧည့်သည်ဆိုတာ ဘယ်ကိုရောက်ရောက် ခဏတာပဲတည်းခိုခွင့်ရပြီး အချိန်တန်ရင် ကိုယ့်ရဲ့နေအိမ်ကို ပြန်သွားရတာပါပဲ။ ဒီအိမ်မှာ ဘယ်လောက်ပဲပျော်ပျော် ဘယ်လောက်ပဲနေချင်နေချင်.. အချိန်တန်လို့ အိမ်ရှင်က လက်မခံချင်ဘူး.. ကိုယ်လည်းအိမ်ပြန်ရမယ့် အချိန်ရောက်ပြီဆိုရင်တော့ နှုတ်ဆက်ပြီးပြန်သွားရမှာပါပဲ။ ကျွန်တော်တို့တွေဟာလည်း ဒီလိုပါပဲနော်။ လူ့လောကလူ့ဘောင်ကို ခဏတာလေးလာရောက်ပြီး ဧည့်သည်အဖြစ် ခဏတာနေခွင့်ရကြတဲ့ ဧည့်သည်တွေပါ။ အချို့တွေက ဧည့်သည်အဖြစ်နဲ့ ခဏတာတည်းခိုခွင့်ရကြပေမယ့် အိမ်ရှင်တွေအတွက် အကျိုးစီးပွားဖြစ်အောင် လုပ်ဆောင်သွားကြတာရှိသလို.. အချို့ကျတော့လည်း အိမ်ရှင်တွေအတွက် ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေပြီး အကျိုးမဲ့သလို တာဝန်မဲ့သလို နေထိုင်သွားကြတာတွေလည်း ရှိကြပါတယ်။ ကိုယ်ကလည်းပဲ လူ့လောကကြီးမှာ နေထိုင်တဲ့ ဧည့်သည်လူသားတစ်ယောက် ဖြစ်တဲ့အတွက်.. လူ့လောကကြီးကို အကျိုးပြုသွားတဲ့ ဧည့်သည်ကောင်းတစ်ယောက်လား.. ဒါမှမဟုတ် လူ့လောကကြီးအတွက် အပိုဝန်ထုပ်ဝန်ပိုးတစ်ယောက် ဖြစ်နေတဲ့ ဧည့်သည်ဆိုးတစ်ယောက်လားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ အရေးကြီးပြီပေါ့။

ဓမ္မဘေရီဆရာတော် ဟောပြဆုံးမသွားတဲ့ ဆုံးမသြ၀ါဒလေးတစ်ခု မှတ်သားမိပါတယ်။ "လူတွေဟာ မြေကြီးပေါ်မှာ နေထိုင်ကြီးပြင်းလာကြရတယ်.. ဒီလိုကိုယ့်ကိုနေထိုင်စေနိုင်ဖို့ အခိုင်အမာတစ်ခု ပေးထားတဲ့ မြေကြီးအတွက် ကိုယ်ဟာ ၀န်ထမ်းကောင်းတစ်ယောက်လား.. ဒါမှမဟုတ် အပိုဝန်ထုပ် တစ်ယောက်လား" ဆိုတဲ့ စကားလေးပါ။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ မြေကြီးပေါ်မှာ နေထိုင်သွားလာကြတယ်.. မြေကြီးကို အကြောင်းပြုပြီး ပေါက်ရောက်လာကြတဲ့ သစ်ပင်တွေဆီမှ အောက်ဆီဂျင်ကို ရယူပြီး အသက်ဆက်ကြရတယ်။ မြေကြီးကိုအကြောင်းပြုကြီး ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စားသောက်ကြရတယ်။ အဆုံးစွန်ဆုံး ကိုယ့်ကို အကျိုးကျေးဇူးများစွာပေးတဲ့ မြေကြီးပေါ်မှာပဲ ကျင်ကြီးကျင်ငယ်ကို စွန့်ပစ်နေကြရတယ်။ ဒီလိုမျိုး ကိုယ့်ကို အကျိုးများစေအောင် လုပ်ဆောင်ပေးနေတဲ့ မြေကြီးပေါ်မှာနေထိုင်ပြီး မြေကြီးကို အကျိုးဖြစ်စေနိုင်အောင် ဘာတွေများ လုပ်ဆောင်ပေးခဲ့ပြီလဲ။

လူ့လောကလူ့ဘောင်ကို ရောက်ရှိလာပြီး ကမ္ဘာမြေကြီးပေါ်မှာ ခြေချလိုက်ပြီဆိုကတည်းက.. ကိုယ်ဟာ ကမ္ဘာမြေကြီးအတွက် သတ္တ၀ါတွေအားလုံးအတွက် အကျိုးစီးပွားကို ထမ်းဆောင်နိုင်တဲ့ ၀န်ထမ်းကောင်းတစ်ယောက်လား ဒါမှမဟုတ် ကမ္ဘာမြေပေါ်မှာနေထိုင်တဲ့ လူဆိုတဲ့ အသိဥာဏ်ရှိတဲ့ သတ္တ၀ါမှတစ်ပါး အခြားသတ္တ၀ါတွေလို အသိဥာဏ်မဲ့တဲ့ ၀န်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အပိုဝန်ဆောင်တစ်ယောက်လား ဆိုတာလေး ပြန်ဆန်းစစ်ကြည့်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ကမ္ဘာမြေကြီးပေါ်မှာ အသိဥာဏ်မဲ့စွာပဲ တာဝန်မဲ့ နေထိုင်သွားမယ်ဆိုရင်တော့ အသိဥာဏ်ရှိတဲ့လူလို့ ပြောနေပေမယ့် အသိဥာဏ်မဲ့တဲ့ တိရိစ္ဆာန်ကောင်အလား ဘာမှထူးခြားသာလွန်သွားမှာ မဟုတ်ပါဘူးနော်။


တစ်ချို့တွေ ကမ္ဘာမြေကြီးပေါ် ရောက်လာတယ်။ လူတွေကို အကျိုးပြုဖို့နေနေသာသာ ကိုယ့်အတ္တတစ်ခုထဲကို ကြည့်ပြီး သတ္တ၀ါတွေရဲ့အသက်ကို သတ်ဖြတ်ပြစ်ကြတယ်။ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပြစ်ကြပါတယ်။ သူတို့တွေကြောင့် ကမ္ဘာကြီးဟာ မျက်ရည်ပေါင်းများစွာ ကျခဲ့ပြီး လောဘ၊ ဒေါသပေါင်းများစွာ ဖြစ်စေခဲ့ရတာပါ။ သူတို့တွေဟာ ကမ္ဘာမြေကြီးပေါ်မှာ ခဏတာတည်းခိုခွင့်ရကြတဲ့ ဧည့်သည်တွေဖြစ်ပေမယ့် ကမ္ဘာမြေကြီးအတွက် ဘာအကျိုးကျေးဇူးမှ မပြုတဲ့အပြင် ကမ္ဘာမြေကြီးကို ဒုက္ခပေါင်းများစွာတွေ ပေးသွားကြတဲ့သူတွေပါ။ လူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ အစုလိုက်အပြုံလိုက် ထည့်ပေးသွားတဲ့သူတွေလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါဆိုရင် သူတို့တွေဟာ ကမ္ဘာမြေကြီးအတွက် လာခြင်းမကောင်းတဲ့ ဧည့်သည်တွေပဲလို့ ပြောလိုက်ပါရစေ။


ဒါဆိုလာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာ ဘယ်လိုမျိုးလဲ။ လာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာကတော့ မိမိအကျိုး အများအကျိုးကို အပြည့်အ၀သယ်ပိုးဆောင်ရွက်ပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အများသူငါထက် သာလွန်ကောင်းမွန်အောင် အကျိုးပြုဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာပါ။ သတ္တလောကတစ်ခုလုံးမှာ သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အစွမ်းဆောင်နိုင်ဆုံးဟာ ဗုဒ္ဓမြတ်စွာပါပဲ။ ဗုဒ္ဓမြတ်စွာဟာ သေရာအရပ်ကို အမြဲသွားနေကြတဲ့ သတ္တ၀ါတွေအားလုံးအတွက် လမ်းဟောင်းကို ပြောင်းလဲစေပြီး မသေရာအမြတ်နိဗ္ဗာန်လမ်းကို ဆိုက်ရောက်နိုင်အောင် လမ်းမှန်ကို ချပြခဲ့တဲ့ လမ်းပြဧည့်သည်ကောင်းပင် မဟုတ်ပါလား။ အမြဲတမ်းသေရာလမ်းကိုလျောက်လှမ်းပြီး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ သတ္တ၀ါအားလုံးရဲ့စိတ်သဏ္ဍန်ကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေနဲ့ ကင်းဝေးစေအောင် တရားရေအေး အမြိုက်ဆေးတွေ တိုက်ကျွေးပြီး မသေရာ အမြတ်နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်တဲ့ မြတ်ဗုဒ္ဓဟာ လာခြင်းကောင်းသောဧည့်သည်ပါပဲ။


လာခြင်းကောင်းသော ဧည့်သည်တွေ ရှိသလို လာခြင်းဆိုးသော ဧည့်သည်တွေလည်း ရှိတတ်ပါတယ်။ လာခြင်းဆိုးသောဧည့်သည်တွေ အများအပြားရှိတဲ့အနက် ဧည့်သည်ဆိုးတစ်ယောက်ရဲ့ အကြောင်းအရာလေး တင်ပြလိုပါတယ်။ ဒီအကြောင်းလေး စတင်ဖတ်မိတော့ ရင်ထဲမှာ တော်တော်လေး အလိုမကျဖြစ်မိပါတယ်။ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတော်အနန္တနဲ့ ပြည့်စုံတော်မူပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို တုနှိုင်းမရှိ စွမ်းဆောင်သွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးအပေါ်မှာ တုန့်ပြန်လိုက်တဲ့ စကားတစ်ခွန်းပါ။ “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ တုန့်ပြန်လိုက်တဲ့ သုဘဒ္ဒရဲ့စကားတစ်ခွန်းပါ။ အင်မတန် နားခါးစေတဲ့ စကားတစ်ခွန်းပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ရှိတော်မူနေတဲ့ အချိန်မှာတောင် ဒီလိုစကားမျိုးပြောထွက်လိုက်သူရဲ့ စကားတစ်ခွန်းကြောင့် ရှင်မဟာကဿဖကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် သာသနာတော်ကြီးအတွက် ရင်လေးစေခဲ့မိတာ အမှန်ပါပဲ။


လာခြင်းဆိုးတဲ့ဧည့်သည်တွေဟာ မိမိကိုယ်တိုင်လည်း လောကအတွက် ကောင်းကျိုးမပေးသလို ကောင်းကျိုးပေးတဲ့သူတွေကိုပါ ပြစ်တင်ပြောဆိုတတ်ပါတယ်။ ဘုရားရှင်ရဲ့အဆုံးအမသာ ကျွန်တော်တို့တွေ သိခွင့်မရကြဘူးဆိုရင် ကုသိုလ် အကုသိုလ်ဆိုတာ လုံးဝမသိဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောပြီး တိရိစ္ဆာန်တစ်ကောင်လိုပဲ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားကြမယ်ဆိုတာ မလွဲပါဘူး။ လူ့လောကကြီးကို ရောက်လာတာ မြေကြီးပေါ်မှာ အသက်ရှင်နေရတုန်းမှာ ငါကောင်းစားဖို့ဆိုတဲ့ ငါဆိုတဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး “ငါ့အတွက်” “ငါ့အတွက်” ဆိုတာတွေနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်းတောက်လောင် နေကြမေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ စိတ်ထားတွေဟာ ဘယ်မှာရှာရမှာလဲလို့တောင် မေးယူရမယ် ထင်ပါတယ်။ ဒီလောက် တန်ဖိုးများစေတဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေကို ရှုပ်တယ်လို့ပြောထွက်ခဲ့တဲ့ သုဘဒ္ဒရဲ့စိတ်မျိုးဟာ လောကကြီးအတွက် သူ့ကိုထမ်းထားရတဲ့မြေကြီးအတွက် အကျိုးမဲ့စေတဲ့ လာခြင်းဆိုးဧည့်သည် တစ်ယောက်ပါပဲ။


ဒီအကြောင်းအရာလေး ပြောမိတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒလေး သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား မပွင့်ငြားက၊ ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှ အပြစ်တွေ” ဆိုတဲ့ သြ၀ါဒလေးပါပဲ။ လာခြင်းမကောင်းတဲ့ လူမိုက်ဧည့်သည်တွေအတွက်ကတော့ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ အဆုံးအမတွေဟာ တားမြစ်ထားတာလို့ထင်ကြပြီး ဘုရားအဆုံးအမတွေကို ရှုပ်တယ်လို့ ထင်ကြမှာပါပဲ။ လာခြင်းကောင်းတဲ့ ပညာရှိသူတော်ကောင်းတွေအတွက်ကတော့ ဘုရားရှင်ရဲ့အဆုံးမတွေဟာ တန်ဖိုးဖြတ်လို့ တန်ဖိုးသတ်မှတ်လို့ မရနိုင်ကောင်းအောင် အဖိုးထိုက်တန်တဲ့ ရတနာတွေပဲဆိုတာ ယုံကြည်လက်ခံနေကြမှာပါ။ လာခြင်းကောင်းတဲ့ ဧည့်သည်တွေဖြစ်ဖို့ ဘုရားရှင်ရဲ့အဆုံးအမတွေကို လိုက်နာရင်း မိမိအကျိုး အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ..။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP