* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 22, 2009

ကျမသိပါပြီ (ဒေါက်တာ ဒေါ်သင်းသင်း)

ကျမသိပါပြီ


နံနက်(၆)နာရီတွင် အိမ်မှထွက်ခဲ့ကြသည်။ အမေပြန်မည့်နေ့ မို့  လေယာဉ်ကွင်းသို့  စောစော ထွက်ခဲ့ကြခြင်းဖြစ်၏။ လေယာဉ်သုံးစီး ရှေ့ ဆင့်နောက်ဆင့် ထွက်ကြမည်ဖြစ်သဖြင့် လေယာဉ် ကွင်းတွင် ခရီးသည်များ ပစ္စည်းများနှင့် လိုက်ပို့ ကြသူများ ကြက်ပျံမကျ စည်ကားလျက်ရှိ၏။ ကောင်တာတွင်နေစရာမရှိအောင် ပစ္စည်းများ လူများဖြင့် ရှုတ်ရှက်ခက်နေသဖြင့် ကျမသည် ခုံလွတ်တစ်နေရာတွင် ဝင်ထိုင်ကာ စာဖတ်နေမိသည်။ ဒေါ်ကြီးတစ်ယောက်လုံး ရှိနေသဖြင့် ပစ္စည်းချိန်ရန် ကျမမှာ စိတ်ချနေ၏။

အမေပြန်သွားပြီး သုံးလေးရက်ကြာလျင် မောင်လေးဆီကို အမေ့စာရောက်လာသည်။ ကျမသည် ဝတ္တရားမကျေကြောင်း၊ လေယာဉ်ကွင်းတွင် သူ့ ကိုလျစ်လျှူရှုပြီး စာအုပ်သာတွင်တွင်ဖတ်နေ ကြောင်း မကျေမနပ်စာရေးလာသည်။ အမေ့အမြင်ကတော့ ဟုတ်ပေလိမ့်မည်။ သို့ သော်... ကျမက တမင်တကာ လျစ်လျူရှုသည်တော့မဟုတ်။

လူ့ စိတ်သဘာဝသည် အပြင်လောကတွင် အလွန်ကျက်စားလိုသည်။ အမှန်တော့ ကျမအမေ သည် သူ၏စိတ်ချမ်းသာမှု လုံခြုံမှုကု သမီးဖြစ်သူကျမဆီက ရှာနေခြင်းပင်ဖြစ်၏။ သူများဆီကရ သော စိတ်ချမ်းသာမှုသည် ရသည့်အခါရ၍ မရသည့်အခါမရ ဖြစ်တတ်သဖြင့် မရသည့်အခါတွင် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်လေသည်။ ဟိုသူက ဝတ္တရားမကျေတာ၊ သည်သူကတာဝန်မသိတာ စသည်ဖြင့် ပတ်ဝန်းကျင်ကိုချည်း အပြစ်မြင်လေသည်။

ကျမကိုယ်တိုင်ကလည်း အမေ့ဆီတွင် လုံခြုံမှုကိုရှာခဲ့သည်။ ရသည့်အခါရသလို မရသည့်အခါမရခဲ့ပါ။ အမေ မကျေနပ်သလို ကျမလည်း မကျေမနပ်ဖြစ်ခဲ့သည်။ အမေ့တွင်သာမက ပတ်ဝန်းကျင် အနှံ့ ကိုလည်း ကိုးကွယ်ရာရှာခဲ့ပါသည်။

ကျမတွင် ရှေ့ သိနောက်သိ သိနိုင်သော အဒေါ်တစ်ယောက်ရှိပါသည်။ သူနှင့်တွေ့ ရလျင် ကျမအလွန်စိတ်ချမ်းသာသည်။ ကျမကိုလည်း နားလည်သည်ကတစ်ကြောင်း ကျမသိလိုသော ရှေ့ ဖြစ်နောက်ဖြစ်များကိုလည်း သူ့ ကိုမေးနိုင်သည်ကတစ်ကြောင်း ကြောင့်ပင်ဖြစ်သည်။ သူ့  ကိုမေးရသည်မှာ ကြာတော့ အားမရဖြစ်လာသည်။ ကျမတွင်လည်း ဤသတ္တိမျိုး ရှိလာနိုင်သည် ဟုပြောသည်။ သို့ ဖြင့်ကိုယ့်ဘာသာကိုယ် ရှာခဲ့သည်။ တွေ့ သင့်သလောက်တော့ တွေ့ ခဲ့သည်။ သို့ သော် မလိုလားအပ်သော စိတ်အလေ့အကျင့်များ ပါလာပြန်သည်။ ဒွိဟစိတ်များနှင့် မိမိစိတ် ကိုမိမိ ဆုံးမဖြတ်နိုင်သော မလုံခြုံမှုများပင်ဖြစ်၏။ ကြာတော့မဖြစ်ချေဟူ၍ သည်ဘက်ကို လက်လွှတ်လိုက်ရသည်။

တခါ မိတ်ဆွေများထံတွင် လုံခြုံမှုကိုရှာမိပြန်သည်။ အမေ့ဆီကမရသော လုံခြုံမှုကို အမေနှင့်အမ နှင့်တူသော လူများဆီကရလေမလားဟု မျှော်လင့်မိသည်။ အမေ့လိုပင် ရသည့်အခါရ၍ မရ သည့်အခါမရသည်ကို တွေ့ လာရပြန်သည်။ ပတ်ဝန်းကျင်အမျိုးမျိုးတွင် ရှာမှုအမျိုးမျိုးဖြင့်ရှာခဲ့ သည်။ ဘယ်နေရာရှာရှာ တွေ့ သည်ကတစ်မျိုးတည်းပင်။ (ရသည့်အခါရ၍ မရသည့်အခါ မရ)။ သို့ ကြောင့် အသိတစ်ခုတော့ရလာသည်။ (ပတ်ဝန်းကျင်ဆိုသည်မှာ မိမိအချိန်ပြည့် စိတ်အားကိုး ၍မရ။ မိမိကိုယ်တိုင်က ပတ်ဝန်းကျင်ကို အချိန်ပြည့် အားကိုးမှုမပေးနိုင်သလို ပတ်ဝန်းကျင်က လည်း မိမိကို အချိန်ပြည့် လုံခြုံမှု စိတ်ချမ်းသာမှု မပေးနိုင်ဆိုသော အသိပင်ဖြစ်၏။)

နောက်ဆုံးရှာစရာ တစ်နေရာသာကျန်တော့သည်။ တရားဓမ္မသာ ကိုးကွယ်ရာဟု ဆိုစမြဲအတိုင်း တရားဓမ္မ၌ ကိုးကွယ်ရာရှာရန် အားထုတ်ခဲ့သည်။ စာပေကျမ်းဂန်များ သင်ဆရာမြင်ဆရာများဆီ မှ လေ့လာဆည်းပူးခဲ့သည်။ ကိုယ်တိုင်လည်းအနည်းအကျဉ်း တရားအားထုတ်ခြင်းပြုခဲ့သည်။ အားထုတ်သည့်အချိန် လေ့လာနေသည့်အချိန်တွင်တော့ ငြိမ်းချမ်းမှုကို အတော်ကလေးရသည်။ သို့ သော်...လောကဓံနှင့် ရင်ဆိုင်တိုးမိတိုင်း တိုးမိတိုင်း ရှာထားသောတရားများသည်လည်း ဘယ်ဆီရောက်ကုန်မှန်းမသိတော့။ လမ်းကုန်နေသဖြင့် နောက်ဆုံးလုပ်စရာ တစ်ခုသာကျန်တော့ သည်။

အမှန်တော့ ကျမဟာ အင်မတန်နုံတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ကိုကိုယ်နုံမှန်း အခုမှဘဲ သိတော့တယ်။ ပညာတွေတတ်ပြီး တရားကလေးဘာလေး နည်းနည်းပါးပါးသိတာနဲ့  ကိုယ့်ကိုကိုယ် ဟုတ်လှပြီ အောင်းမေ့နေတာ။ အခြောက်တိုက် ဘဝင်မြင့်နေတာ။ တကယ်စင်စစ်တော့ ကျမဟာ သူတောင်းစားနှင့် ဘာမှမခြားခဲ့ပါဘူး။ သူများဆီလိုက်ပြီး စိတ်ချမ်းသာမှုပေးကမ်းကြပါ၊ ဝေငှကြပါလို့  လိုက်တောင်းနေတာနှင့် အတူတူဘဲ။ တရားကိုလည်း ဒီလိုဘဲ သွားတောင်းတာဘဲ။ အမှန်တော့ တရားဟာ တရားဘဲ။ စိတ်ချမ်းသာမှုမှ မဟုတ်ဘဲ။ တရားမှာသွားတောင်းရင် တရားဘဲရမှာပေါ့။ စိတ်ချမ်းသာမှုတော့ ဘယ်ရပါ့မလဲ။ ဒါကို အခု ကျမ သဘောပေါက်ပါပြီ။ ဒါကြောင့် ကျမစိတ်ကိုကျမ ဒုန်းဒုန်းချလိုက်ပြီ။

ယခု ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာစရာ ရပါပြီ။ ဘယ်လိုရသလဲ။ ဘယ်တုန်းကရသလဲလို့  မေးလျင် တစ်ခွန်းဘဲ ဖြေစရာရှိပါသည်။

ကျမ ကိုးကွယ်ရာ စိတ်ချမ်းသာရာကို မရှာတော့တဲ့နေ့ က စပြီး ကိုးကွယ်ရာ စိတ်ချမ်းသာရာ ရတာဘဲ။ ယခုကျမ သူတောင်းစား မဟုတ်တော့ပါဘူး။


ဒေါက်တာသင်းသင်း
၁၉၇၈ ခု၊ ဇန်နဝါရီလ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP