ဆွေစကား မျိုးစကား ပေါ့ပေါ့ ပါးပါး
မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး-တဲ့ မြန်မာဆိုရိုးစကားရှိတယ်။ အကောင်းအမွန်တွေ ခမ်းခမ်းနားနား ထယ်ထယ်ဝါဝါ ချက်ပြုတ်ထားတာ ထက် အစပ်အဟပ်တဲ့၊ ကိုယ့်ခံ တွင်းနဲ့ လိုက်ဖက်ညီလို့ စား ကောင်းရင်ဖြင့် ဟင်းကောင်း။ သွေးသား တော်စပ်လို့ ဆွေမျိုး ဆိုတာထက် ကိုယ်နဲ့သင့်တင့် ညီညွတ်၊ သူ့အကျိုး ကိုယ့် အကျိုး အချင်းချင်း ပံ့ပိုးကူညီ ကာ ချစ်ချစ်ခင်ခင် နေထိုင်နိုင် သူမျိုးကိုသာ ဆွေမျိုးလို့ ဆို လိုတာဖြစ်တယ်လို့ လွယ်လွယ် နဲ့ သိနိုင်တဲ့ ဆိုရိုးစကားလေး ပါပဲ။ လိုရင်းကတော့ အရာရာမှာ ကိုယ်နဲ့၊ ကိုယ့်အကြိုက်နဲ့ သင့် တင့်မျှတ အဆင်ပြေခြင်းမျိုးကိုသာ ကောင်းတယ်လို့ ပြောလိုရင်း ဖြစ်မှာ ပါ။ ဒါပေမယ့် ဒီဆိုရိုးစကားလေးကို သုံးနှုန်းကြတာက အခြားသူတွေ ဘာပဲဖြစ်ဖြစ်နေနေ ကိုယ့်အတွက် ကောင်းလျင်၊ ကိုယ့်အပေါ်ကောင်းလျင်ဖြင့် အများတကာအပေါ် ဘယ်လိုဆိုးဆိုး ဆွေမျိုးလို့ဆိုရမယ်ဆိုတဲ့ မကောင်းတဲ့အဓိပ္ပါယ် ထွက်နိုင်တဲ့ နေရာမျိုးမှာ သုံးစွဲလေ့ မရှိတာကိုတော့ သတိပြုမိပါတယ်။ ဒါကိုကပဲ ဒီဆိုရိုး စကားလေးရဲ့ လှပပြီးချစ်ဖွယ်ကောင်းတဲ့ အနှစ်သာရတစ်ခုများ ဖြစ်နေလေမလားတော့ မဆိုနိုင်ဘူးပေါ့။
ဒီစကားလေးက အခြားသူတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ လေးနက်မှန်ကန်မယ်၊ မမှန်ကန် ဘူးဆိုတာကိုတော့ ကိုယ်မဟုတ်လို့ မခန့်မှန်းနိုင်ဘူးပေါ့။ ရောက်ရာအရပ်မှာပျော်။ ကိုယ်နဲ့ စိတ်သဘောထား တိုက်ဆိုင်ပြီး ပေါင်းလို့သင်းလို့ အဆင်ပြေချောမွေ့သူတွေကိုသာ ဆွေရင်းမျိုးရင်းလို သဘောထား၊ အစားမှာ ဆိုလည်း အများတကာတွေကောင်းလို့ ကောင်းလိုက်တာမျိုး မဟုတ်ပဲ ကိုယ်ကြိုက်လျင် ကိုယ်ကောင်းတယ် လို့ သတ်မှတ်လိုက်တဲ့ကိုယ့်အဖို့တော့ တကယ့်ကိုမှ မှန်ကန်တဲ့စကားလေးပါပဲ။ (ဒါဆိုရင် ဆန်ပြုတ်နဲ့ မုန့်ဟင်း ခါး၊ တခြားစားစရာ မရှိမှ စားလို့ အမြဲပြောတဲ့ ကိုယ့်ကိုယ် မုန့်ဟင်းခါးက သွေးမစပ်တဲ့ တစိမ်းပြင်ပြင်ပေါ့လို့ ငေါ့ထေ့အပြုံးနဲ့ လာမမေးနဲ့။ မုန့်ဟင်းခါးက စိတ်သဘောထား အခန့်မသင့်လို့ ယာယီမခေါ်နိုင်၊ မပြောနိုင်ဖြစ် နေတဲ့ ကိုယ့်ရဲ့နှမ)။
ကိုယ်မွေးဖွားတဲ့ အရပ်ကနေ ထွက်ခွါလာခဲ့တာလည်း ကြာခဲ့ပြီ။ ပြောရရင် အသက်ရဲ့ သုံးပုံနှစ်ပုံကျော်လောက် က ကိုယ့်ဇာတိမြေနဲ့ ဝေးရာအရပ်မှာ နေထိုင်ခဲ့တာ။ နေထိုင်ခဲ့တဲ့နေရာတွေမှာ ဆွေမျိုးရင်းချာဆိုတာလည်း မရှိ သလောက်။ ဒီတော့ သွေးရင်းနှီးတဲ့ ဆွေမျိုးတွေနဲ့ ဝေးဝေးမှာပဲ အမြဲရှိနေတဲ့ ကိုယ့်အဖို့ ခင်ရာမင်ရာကိုသာ ဆွေမျိုးရင်းချာလို သဘောမထားနိုင်လျင် ခက်ပဲခက်ရချည့်။ ခုတော့လည်း ရောက်ရာနေရာ၊ ကျရာ အရပ်၊ စပ် ဟပ်အောင်နေတတ်တဲ့အကျင့်က အသားကျလို့နေပြီ။ ဒီလိုနေတတ်မှုသည်ပင်လျင် ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့လည်းနေပြီ။ ဗုဒ္ဓမိန့်တော်မူတဲ့ ဝိဿာသပရမာ ဉာတိ= ချစ်ကျွမ်းဝင်ခြင်းဟာ အကောင်းဆုံး ဆွေမျိုးဆို တဲ့ စကားအတိုင်း ချစ်ကျွမ်းဝင်လို့ တော်စပ်လာတဲ့ဆွေမျိုးတွေ အများကြီးဖြစ်နေပြီ။ အရာအထောင်မျှ မက။ တဒင်္ဂမျှ တွေ့ရသူလည်း ကိုယ့်ဆွေမျိုးရင်းချာ ဖြစ်နိုင်တာပဲပေါ့။ မကောင်းဘူးလား။
ဒီလိုဆို လက်ရှိဘဝရဲ့ အဖေအမေ ညီကိုနှစ်မ သတိမရဘူးတော့တဲ့လားဆိုလျင်တော့လည်း သတိရမိတဲ့ခါ လည်း ရှိရဲ့ပေါ့။ သို့ပေမယ့်လည်း တမ်းတမ်းတတ လွမ်းလှချည်ရဲ့ ဆိုတာမျိုးနဲ့ သတိရမိတတ်တာမျိုးတော့လည်း မဟုတ်ပါဘူး။ ဘဝသံသရာ ဆွေရယ်မျိုးရယ် ကြုံဆုံလာခိုက် ကိုယ်တတ်နိုင်တာ ကိုယ်ကကူ လိုက်၊ ကိုယ် မတတ်နိုင်တာ သူ့အကူ ယူလိုက်ဆိုတဲ့ သာမန်ဘဝတစ်ခုရဲ့ တော်စပ်ရင်းနှီးမှုအရ သတိရရုံသာပါပဲ။ ဒီထက်ပို ပြီး ဒဏ်သင့်သံယောဇဉ်မျိုးနဲ့တော့ သတိရ မနေတတ်ခဲ့ပါဘူး။
ဆွေမျိုးအကြောင်းရေးမယ်ဆိုမှ ဒီရက်ပိုင်းမှာပဲ ခင်မင်တဲ့ဆရာတော်များဆီကတဆင့် စင်ကာပူကိုရောက်နေတဲ့ ဆွေမျိုးထဲက အမတစ်ဦးနဲ့ အီးမေးအဆက်အသွယ်ရတယ်။ သူ့မိသားစုရဲ့ ဓာတ်ပုံကိုလည်း ပို့ပေးလို့ တွေ့ရ တယ်။ ကိုယ်ငယ်ငယ် ရှစ်နှစ်ကိုးနှစ်သားလောက်က သူ့ကို တစ်ခါနှစ်ခါတွေ့ဖူးတာ။ သူ့မိဘတွေကတော့ ရွာကို မကြာမကြာလာပြီး လာတိုင်းလည်း အချိန်အတော်ကြာကြာနေတတ်လို့ အတော်ရင်းနှီးခဲ့တယ်။ သူတို့ သား သမီးတွေနဲ့တော့ တွေ့မြင်ဖူးကာမျှသာဖြစ်လို့ မရင်းနှီးခဲ့ဘူး။
အမမိသားစုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကတဆင့်တော့ သုံးလေးကြိမ်ထက်မနည်း သူတို့မိသားစုအကြောင်း ကြားဖူးတယ်။ ကိုယ့်ကိုယ်မေးမေးနေတယ်ဆိုတာကိုလည်း သူတို့ဆီကနေသိရတယ်။ သူတို့ပြောပြတဲ့ နာမည်နဲ့ ကိုယ့်ဆွေမျိုးထဲမှာ အခြားတစ်ယောက်လည်းရှိတယ်။ သူ့ကိုတော့ ကိုယ်ငယ်ငယ် သာမဏေစာသင်သားဘဝ က သူတို့အိမ်မှာ နှစ်ပေါင်းများစွာ ဆွမ်းခံကြွဖူးလို့ ရင်းနှီးတယ်။ သို့ပေမယ့် မိတ်ဆွေဆရာတော်တွေပြောပြတဲ့ အမအကြောင်းက အဲဒီအမပုံစံနဲ့က တခြားစီမို့ ဘယ်လိုမှ ဆက်စပ်မရနိုင်အောင်ဖြစ်နေခဲ့တယ်။ ခုတစ်ခါမတော့ စင်ကာပူကနေ သူတို့မိသားစုပုံကို ပို့ပေးလိုက်လို့ သူတို့မိခင်ကြီးကိုတွေ့လိုက်ရမှ ရှင်းရှင်းလင်းလင်း သိသွား တယ်။
ကိုယ့်သွေးသားဆွေမျိုးထဲကသူတစ်ဦးဆီကနေ စာရှည်ရှည်နဲ့ မိသားစု ဓာတ်ပုံကို ဒါပထမဆုံးရဖူးတာ။ သူ့အီး မေးကိုပြန်ရင်း သိဖူးတဲ့သူ့ညီအကိုမောင်နှမတွေအကြောင်း ပြောပြပါဦးလို့ ထည့်ရေးလိုက်တာကြောင့် ပြည့် ပြည့်စုံစုံ ညီအကိုမောင်နှမတွေအကြောင်း ရေးပြပါတယ်။ သူရေးပြလိုက်မှ အချို့နာမည်တွေက ပြန်ပေါ်လာ တော့တယ်။ တွေ့ရစဉ်ကလည်း ခဏတဖြုတ်၊ တကယ့်ကိုမှ အခိုက်အတန့်။ နောက်ပြီး သူတို့က မြို့မှာမွေး၊ မြို့မှာကြီးသူတွေ။ တောမှာမွေးကြီးသူတစ်ယောက်နဲ့ မြို့မွေးကြီးသူရဲ့ ဘဝပုံစံက တစ်ဘာသာစီ။ မတူညီတတ်။ ဒီတော့လည်း ရင်းနှီးမှု သိပ်မရှိခဲ့ကြတာလည်း အဆန်းတော့ မဟုတ်ဘူးပေါ့။ သူတို့ အငယ်ဆုံးမောင်တစ် ယောက်ပဲ ကိုယ်နဲ့လည်း အရွယ်မတိမ်းမယိမ်း။ ရွာလာတဲ့အခါလည်း သူ့မိဘတွေနဲ့ ကြာကြာနေတတ်လို့ ကိုယ်နဲ့က ရင်းနှီးတာ။
ပြန်မတွေ့တာလည်း အတန်ကြာ၊ အလွန်လည်း မရင်းနှီးခဲ့ပေမယ့် မိသားစုတွေရဲ့ နာမည်တွေကို သူရေးပြတော့ နာမည်တွေပြန်မှတ်မိတာကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်နေမိပါတယ်။ ကိုယ်က ကိုယ့်ကိုယ်ကို မေ့တတ်သူတစ် ယောက်လို့ ထင်ထားတာ။ ဒီလိုဆိုတော့လည်း ကိုယ်ထင်ခဲ့သလောက် ကိုယ်သိပ်မဆိုးသေးပါဘူးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က နာမည်တွေ ခုလောက်လွယ်လွယ် ပြန်မှတ်မိနေနိုင်သေးတာ သိပ်မမေ့တတ် သေးလို့သာပေါ့နော။ ခုဆို ကိုယ့်အမသားသမီးတွေတောင်မှပဲ အမကို ကိုယ်တွေ့ရစဉ်က အရွယ်မကတွေ ရှိနေ ကြ့ပီ။
သူရေးချင်တာတွေ ရေးလို့အားရတော့ ‘စာလည်း တော်တော်ရှည်သွားပြီ။ တပည့်တော်လည်း စာရေးဆရာ အမျိုးဆိုတော့ စာရေးတာလည်း ရှည်သွားတာထင်တယ်ဘုရား’ ဆိုပြီး သူ့စာကို အဆုံးသတ်သွားပါတယ်။ သူ့ စာကိုဖတ်ပြီး ကိုယ့်အမလည်း ခေသူဟုတ်မယ် မထင်ဘူးလို့ မှတ်ချက်ပြုမိပါတယ်။ ရတဲ့အခိုက်လေးကိုပဲ ကိုယ့် ကို ခတ်ဖြစ်အောင် ခတ်သွားလိုက်သေးတာ။ ပြောပါစေပေါ့။ ကိုယ်ကလည်း သူများတွေကို မထိတထိ အဲဒီလို ပြောပြောနေတတ်တာ။ ကိုယ့်ကိုပြောတဲ့သူလည်း တခါတလေတော့ ဒီလိုပဲတွေ့ရမှာပေါ့။
သွေးသားနီးစပ် ဆွေမျိုးတွေပေမယ့် ခုလိုနှစ်ပေါင်းရှည်ကြာ သူဘယ်နေလို့နေမှန်းမသိ၊ ကိုယ်ဘယ်ရှိလို့ ရှိ မှန်းမသိပဲ နေထိုင်တတ်ကြတာမျိုး။ ဆွေမျိုးပေမယ့် ကိုယ်ကလည်း သူ့အကျိုး ဘာမှ မဆောင်နိုင်ခဲ့သလို သူက လည်း ကိုယ့်အကျိုး ဘာမှ မဆောင်နိုင်ခဲ့ကြတာမျိုး၊ နှုတ်အားဖြင့်ပင်လျင် ဖေးမကူညီမှု မရှိနိုင်ခဲ့ကြတာမျိုး လည်း ရှိတာကိုပြောချင်တာပါ။ တချို့များဆို တစ်သက်တာလုံး တစ်ခါမျှကို ပြန်မဆုံတတ်နိုင်ကြတာမျိုးလည်း ရှိတတ်တာပါပဲ။ သို့ပေမယ့် တခါခါမှာတော့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေတွေမျိုးတွေဆိုတာ မထင်မှတ်တဲ့ နေရာကနေ မမျှော်လင့်ပဲ ပြန်လည်ဆုံလာကြုံလာတတ်တာမျိုး။ ဒါသက်သေပဲလေ။
ခုရက်ပိုင်းမှာပဲ အသိထဲက သုံးလေးယောက်ဆီကနေ နိုင်ငံခြားမှာ ဆွေမျိုးမိဘတွေနဲ့ခွဲခွါပြီး တစ်ယောက်ထဲ နေ နေရတာ တခါခါမှာ သိပ်အထီးကျန်တယ်၊ စိတ်အားငယ်မိတယ်လို့ ပြောတာကို ကြားရပါတယ်။ အလုပ်နဲ့အကိုင် နဲ့။ ကိုယ့်ဘဝကိုယ် ထိန်းကျောင်းပဲ့ပြင်နိုင်စွမ်းရှိသူတွေဆီကနေ ဒီစကားမျိုး ကြားမိတော့ အလုပ်အကိုင်မရှိ၊ နေထိုင်ခွင့်လည်း မသေချာ မရေမရာနဲ့ နိုင်ငံရပ်ခြားမှာ နေကြရ။ မြင်မြင်သမျှ အကြောက်တရားနဲ့ စွန့်စားကာ နေထိုင်လှုပ်ရှားနေကြရတဲ့သူတွေအကြောင်းကိုတွေးမိပြီး သူတို့တွေဆိုလျင်တော့ သိပ်စိတ်အားငယ်ရှာမှာပဲလို့ အမှတ်ရစွာနဲ့ စာနာစိတ်ဖြစ်မိပါသေးတယ်။
တကယ်တော့လည်း ဘဝရဲ့အဓိပ္ပါယ်ဆိုတာက သာမန်လေးကြည့်ပြီး သာမန်လောက်သိရုံလေးထက်ပိုပြီး လေး နက်ပါတယ်။ ဆန်းကြယ်လည်း ဆန်းကြယ်ပါတယ်။ ဘဝတိုတို ခဏတာလေးမျှကိုသာကြည့်ပြီး အဖေ အမေ၊ ညီအကိုမောင်နှမ သွေးသားအရင်းတွေလို့ ဆိုကြရတာ။ ဆွေမျိုးတော်စပ်တယ်လို့ ပြောကြရတာ။ သံသရာ အတိုင်းအတာနဲ့ အရှည်မျှော်ကြည့်မယ်ဆိုလျင်ဖြင့် အားလုံးက ဆွေမျိုးမတော်စပ်ဖူးတဲ့ တစိမ်းပြင်ပြင်ဆိုတာ မရှိနိုင်ဘူးတဲ့။ ဒီလိုဆိုတော့လည်း ဘယ်မှာ သင်တစ်ယောက်တည်း ဟုတ်တော့လို့လဲ။ ဆွေတွေမျိုးတွေ သင့် မှာ အများကြီး။ တကယ်တော့ ဆွေမျိုးဆိုတာ သွေးသားစပ်ကာမှ တော်လို့စပ်လို့ရတာ မဟုတ်တာ။
ဒီလိုဆိုတော့ ဟောဒီစာကိုဖတ်နေတဲ့ သင်လည်းပဲ ကိုယ့်ရဲ့ အကို၊ ညီ၊ ဒါမှ မဟုတ် နှမ အမ။ အမိ အဖ။ ကပ် လျက် အရင်ဘဝလေးကပဲ ဖြစ်ချင်လျင် ဖြစ်နေခဲ့မှာ။ မဝေးမစိမ်းလှသေးတာကြောင့်သာလျင်ပဲ ကိုယ်ကရေးလို့ သင်က ဖတ်ခွင့်ရနေတာ။ ဟော သင့်မှာ ဆွေမျိုးတစ်ယောက်တိုးသွားပြီ။ ဒီတော့ တစ်ယောက်ထည်းမို့ အား ငယ်လျင် ဘေးမှာရှိတဲ့ တစ်ယောက်ကို မိဖအရွယ်ဆိုလျင်ဖြင့် ကိုယ့်မိခင်ဖခင်။ အလားတူပဲ။ ညီအကိုမောင်နှမ ညီမအမအရွယ်တွေကို တွေ့လိုက်လျင်လည်း ကိုယ့်ညီ ကိုယ့်အမ ကိုယ့်နှမတွေလိုပဲ သဘောထားလိုက်ပေါ့။ ကိုယ့်ကိုယ်လည်း သင့်ဆွေမျိုးစာရင်းသွင်းထားဖို့ မေ့မထားနဲ့ပေါ့။ ဆွေမျိုးရှာဖို့ ဘယ်လောက်လွယ်သွားလိုက် လဲ။ ဟုတ်ဖူးလား။
တစ်ယောက်ထဲဖြစ်နေတဲ့အခါမျိုးမှာ ကိုယ်ဝါသနာ စာလေးဖတ်လို့။တခါခါတော့ ကိုယ်နှစ်သက်တဲ့ အသံငြိမ့်ငြိမ့် လေးကို နားထောင်လို့ ငြိမ်ငြိမ်လေးနေမိတတ်တယ်။ တစ်ယောက်ထဲဖြစ်ချိန် အများဆုံး နေမိတတ်တာက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်မှာ လောလောဆယ် ဘာတွေများဖြစ်နေသလဲလို့ ပြန်လည်လေ့ကြည့်နေခြင်းပဲပေါ့။ ဒီလိုကြည့်နေရင်းပဲ ကိုယ့်မှာဖြစ်နေတဲ့အရာတွေက ပတ်ဝန်းကျင်မှာရှိနေတဲ့ သက်ရှိသက်မဲ့တွေနဲ့ သူရယ်ငါ ရယ် သက်ရှိသက်မဲ့ရယ်လို့ မကွဲပြားတော့ပဲ တစ်သားတည်းဖြစ်သွားတာမျိုးကို ခံစားရပြီဆိုလျင်ဖြင့် ကိုယ့်မှာ တစ်ယောက်ထဲဆိုတဲ့ အသိမျိုး မရှိလာတော့ပါဘူး။ ကိုယ်လည်းပဲ သူ၊ သူလည်းပဲကိုယ်။ အားလုံးက တစ်ခု တည်းသာ။ ဒုတိယအရာ ရှိတယ်ထင်မှသာ အဖော်ဆိုတာ ရှာလိုစိတ်ဖြစ်မှာပါ။ တကယ်တော့ အဖော်ဆိုတာ အပြင်မှာ တမင်တကာ ရှာရမည့်အရာမျိုးမှ မဟုတ်တာ။ အဖော်မငဲ့ပဲ ပျော်တတ်လျင်ဖြင့် အဖော်မဲ့ခြင်းဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ။ မဖြစ်နိုင်တာလို့ မပြောနဲ့နော်။ ဖြစ်နိုင်လို့ ပြောတဲ့စကားပါ။ အချိန်နည်းနည်းပေးလို့ စမ်းကြည့်ဦးပေါ့။
တကယ်လို့ ဒီလောက်ထိမရင့်ကျက်သေးဘူးဆိုလျင်ဖြင့် ဆရာတော်တွေ မိန့်ကြားတတ်တဲ့ စကားလေးတွေက ဆင်ခြင်လိုက်နာဖွယ်ရာလေးတွေပါ။ တိပိဋကဓရ ယောဆရာတော်ရဲ့ ‘တစ်ယောက်ထဲပင် စွမ်းအင်အပြည့် တည်ရှိဘိ၊ သတိဖြင့်သာနေ။ အများ တကာ ဆက်ဆံရာ မေတ္တာပါမှ အဆင်ပြေ။ သတိမေတ္တာ ဤနှစ်ဖြာ လူ့ရွာ အဆိပ်ဖြေ’ဆိုတဲ့ စကားလေးက အမှတ်ရနေစေဖို့ ကောင်းတဲ့အရာ။
ခဏကြုံ ဆုံတွဲလို့
ခွဲကြရ ဒို့သူငါ
များလှဘဝါ။
လူ့ဘုံမှာ
ကြုံလာရ ခုချိန်တွင်း
သူ့လိုအင် ငါကူလို့
ငါ့ကိုပင် သူကူလို့
စိတ်ထားတူ ကြည်ဖြူကြလျင်
ကောင်းလှဘိခြင်း။ ။ ရယ်လို့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မဟာစည်နာယကဆရာတော် အရှင်သုန္ဒရ(ဘီအေ) က ကဗျာလေး စပ်ဆိုထားခဲ့တယ်။
ဘဝဆိုတာ တကယ့်ကိုမှ ခဏတာလေးမျှသာ။ အမိရယ် အဖရယ်၊ ညီအကိုမောင်နှမရယ်၊ မိတ်ဆွေသူငယ်ချင်း ရယ်၊ လုပ်ဖော်ကိုင်ဖက်ရယ်လို့ ခဏတာကြုံဆုံလာရအခိုက်လေးမှာ အပြန်အလှန်ဖေးမကူညီရင်း သင့်တင့်မျှတ စွာ နေထိုင်သွားမယ်ဆိုလျင် ဘဝဆိုတာက နေပျော်ဖွယ်ပါ။ နို့မဟုတ်လို့ သူ့အပေါ် ကိုယ်ကစီး၊ ကိုယ့်အပေါ် သူကခွါ။ အချင်းချင်းတွေကြားမှာ လှည့်စားမှုတွေ၊ ဟန်ဆောင်မှုတွေ၊ မရိုးသားမှုတွေ၊ အညာတွေ၊ မာယာတွေ ပါလာမယ်ဆိုလျင်တော့လည်း ဘယ်မှာ နေပျော်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်ပါ့မလဲ။
ရောက်ရာဘဝမှာ တွေ့ကြုံဆုံရတဲ့သူတွေနဲ့ မျှတအောင်နေ၊ သင့်တင့်အောင်ပေါင်းပြီး သူ့ကောင်းကျိုး ကိုယ်က ဆောင်၊ ကိုယ့်ကောင်းကျိုး သူကပြုလို့ လူမှုဝတ္တရား ကျေပွန်စွာ နေသွားကြဖို့သာ အရေးကြီးတာပါ။ အားလုံးက ဆွေမျိုး တွေချည်းသာပါ။ ခင်ရာမင်ရာ ဆွေဉာဖွဲ့လို့ ကြင်ကြင်နာနာ နေတတ်ဖို့သာ လိုတာပါ။ ။
(အမရေးလိုက်တဲ့စာကို တိုက်ရိုက်ပြန်ရေးဖို့စိတ်ကူးရင်း အခြားသူတွေပါ ဖတ်ပြီး တခုခု အကျိုးရှိနိုင်စေဖို့ပါ စိတ်ကူးပေါ်လာလို့ ဒီစာကို ခုလိုရေးလိုက်တာ။ သူ့အကြောင်း ထည့်ရေးရကောင်းလားလို့ ကိုယ့်အမတော့ စိတ်ဆိုးလိမ့်မယ် မထင်ပါဘူး၊ စိတ်ဆိုးဖို့ စိတ်ကူးရှိလျင် လည်း ‘စာရေးဆရာရဲ့ဆွေမျိုးဆိုတော့ ဒီလောက်ဆိုးမျိုးတော့ ခံရပေမပေါ့လေ’လို့သာ ဖြေတွေးပေးဖို့ ကိုယ့်အမကို ပြောလိုက်ပါရဲ့)

0 comments:
Post a Comment