* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

အ၀ီစိသို့ ကျမည့်ဆဲဆဲ

ရှေးက ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုအားလျော်စွာ သုဗြဟ္မာနတ်သား၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ် ခမ်းနားလှ၏။ သူ၏အခြံအရံ အလုပ်အကျွေး နတ်သမီးများမှာ တထောင်တိတိ ရှိကြလေသည်။ တနေ့သောအခါ သုဗြဟ္မာနတ်သားသည် မိမိဘုံဗိမာန်မှ ထွက်လာ၍ နတ်သမီးတထောင်နှင့်တကွ နန္ဒနဥယျာ်ဉ်သို့ ၀င်ရောက် သည်။ ပျော်ရွှင်မြူးတူးစွာ လှည့်လည်ခံစားပြီးလျှင် ပင်လယ်ကသစ်ပင်ရိပ်မှာ အသင့်ခင်းထားသည့် နေရာ၌ ထိုင်နေ၏။

ထိုအချိန်တွင် နတ်သမီးငါးရာတို့သည် ပန်းပင်များပေါ်သို့ တက်ပြီးလျှင် အစီအရီ ဖူးပွင့်နေကြသော ပန်းတို့ကို ဆွတ်ခြွေကာ အောက်သို့ချပေးကြ၏။ တကယ်တော့ဖြင့် နတ်တို့သည် ကမ္မဇိဒ္ဓိတန်ခိုးရှိသူများ ဖြစ်သည်။ သူတို့ကသာ အလိုရှိလျှင် ပန်းပင်များက အလိုလို ကိုင်းညွတ်လာရမည်သာ ဖြစ်၏။ သို့ရာတွင် ထိုနတ်သမီး တို့သည်ကား မြူးတူးပျော်ပါးရန် စိတ်သန်နေကြသဖြင့် ပန်းပင်များပေါ်သို့ တက်ကြခြင်း ဖြစ်ပေသည်။ ပျော်ပျော်မြူးမြူး ပန်းခူးရင်းကလည်း သာယာနာပျော်ဖွယ်သော သံစဉ်တို့ဖြင့် သီချင်းသီဆို၍ နေကြလေသည်။

ဤသို့ ပန်းခူးရင်း သီချင်းဆိုရင်းကပင်လျှင် လောလောလတ်လတ် ကပ်၍ သတ်ဖြတ်တတ်သော ဥပဃာတက ကံကြောင့် နတ်သမီးငါးရာလုံး စုတိစိတ်ကျသွားကြ၏။ နတ်တို့ ကွယ်လွန်သောအခါ လူတို့ကဲ့သို့ ဥတုဇရုပ် ကလာပ် မကျန်ရစ်ဘဲ တခါတည်း ကွယ်ပျောက်သွားကြ၏။ ထောပတ်ကို မီးလောင်သောအခါ မီးသွေးတို့၊ ပြာတို့ မကျန်ခဲ့သကဲ့သို့ ဖြစ်၏။

ထို့ကြောင့် သူတို့၏ အရှင်သုဗြဟ္မာနတ်သားသည် ရုတ်တရက် သတိမပြုသေးဘဲ အတန်ကြာမှ-ဒီနတ်သမီးတွေရဲ့ အသံလဲ မကြားရတော့ပါလား၊ ပန်းပွင့်တွေလဲ မကျလာတော့ပါလား၊ သူတို့ ဘယ်များရောက်ကုန်ကြပါလိမ့်။ ဤသို့ စဉ်းစားမိရာမှ ဆက်လက်၍ ကြည့်ရှုလိုက်သောအခါ နတ်သမီးငါးရာလုံး နတ်ပြည်က စုတိစိတ်ကျကာ မဟာအ၀ီစိငရဲမှာ ကျရောက်၍ ဒုက္ခကြီးစွာ ခံစားနေသည်ကို တွေ့လိုက်ရပေသည်။

ချစ်လှစွာသော နတ်သမီးငါးရာတို့နှင့် ရုတ်တရက် ကွဲကွာသွားလိုက်ရသဖြင့် သုဗြဟ္မာနတ်သားမှာ ဆောက်တည်ရာမရလောက်အောင် ဖြစ်သွားရ၏။ နှလုံးကြေကွဲဝမ်းနည်းရ၏။ ထိုမှ ဆက်လက်၍-
ဒီနတ်သမီးတွေ သူတို့ကံအတိုင်း ငရဲကျရတာတော့ ဟုတ်ပါပြီ။ ဒီလိုဆိုရင် ငါ့ရဲ့ ရှေ့ရေး အလားအလာကရော ဘယ်လိုရှိပါ့မလဲ။

ဤသို့ဆက်လက်၍ စဉ်းစားလိုက်သည်တွင် မိမိကိုယ်တိုင်လည်း ခုနစ်ရက်စေ့သည်နှင့် တပြိုင်နက် ကျန်သေးသည့် နတ်သမီးငါးရာနှင့် တကွ စုတိစိတ်ကျကာ မဟာအ၀ီစိငရဲသို့ ကျရောက်ရမည့်အဖြစ်ကို မြင်လိုက်ရပေသည်။ သုဗြဟ္မာနတ်သားသည် တအံ့တသြ ဖြစ်သွားရ၏။ ဆောက်တည်ရာမရအောင် တုန်လှုပ်သွား၏။ စိတတ်ဆင်းရဲခြင်းကြီးစွာ ခံစားရ၏။

မရှူနိုင်-မကယ်နိုင်ဖြစ်အောင် ခံစားရပြီးမှ ဒီလိုခံစားရတဲ့ စိတ်ဆင်းရဲခြင်းကို ပယ်ဖျောက်နိုင်ဖို့ဆိုတာ ဘုရားရှင်တပါးတည်းသာ ရှိတယ်။ ဘုရားရှင်ကို ဖယ်ထားလို့ကတော့ လူ့ပြည်မှာလဲ ရှာမရနိုင်ပါ။ နတ်ပြည်မှာလဲ ရှာမရနိုင်ပါ။ ဤသို့စဉ်းစားပြီးလျှင် နတ်သမီးငါးရာတို့နှင့်တကွ ဘုရားရှင်ထံမှောက် ၀င်ရောက်၍ ရိုသေစွာ ရှိခိုးပြီးလျှင်-
နိစ္စံ ဥတြသ္တမိဒံ စိတ္တံ၊ နိစ္စံ ဥဗ္ဗိဂ္ဂိဒံ မနော။
အနုပ္ပန္နေသု ကိစ္ဆေသု၊ အထော ဥပ္ပတိ တေသု စ။
သစေ အတ္ထိ အနုတြသ္တံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။
ဤသို့ တပုဒ်ခွဲမျှသော ဂါထာဖြင့် မေးမြန်းလျှောက်ထား၏။ ထိုဂါထာ၏ မြန်မာပြန် အနက်အဓိပ္ပါယ်မှာ-

အရှင်ဘုရား-ဖြစ်ပေါ်ခဲ့ပြီးသော ဆင်းရဲဒုက္ခတို့ကြောင့်၎င်း၊ ဖြစ်ပေါ်လတံ့သော ဆင်းရဲဒုက္ခတို့ကြောင့်၎င်း၊ တပည့်တော်၏ စိတ်သည် အမြဲတမ်း ကြောက်ရွံ့နေပါ၏။ အမြဲတမ်း ထိတ်ခန့်နေပါ၏။ အကယ်၍ ကြောက်ရွံ့ထိတ်ခန့်ခြင်းမှ ကင်းလွတ်ရာတရားရှိပါလျှင် ထိုကင်းလွတ်ရာ တရားကို ဟောကြားတော် မူပါဘုရား-ဟူ၍ ဖြစ်ပေသည်။

သုဗြဟ္မာနတ်သား လျှောက်ထားသည့်စကားထဲက ဖြစ်ပေါ်ခဲ့ပြီးသော ဆင်းရဲဒုက္ခဟူသည်မှာ နတ်သမီးငါးရာတို့ ငရဲကျသွားရခြင်းကို ဆိုလိုပါသည်။ ဖြစ်ပေါ်လတံ့သော ဆင်းရဲဒုက္ခဟူသည်မှာ ခုနစ်ရက်စေ့လျှင် ကျန်ရစ်သော နတ်သမီးငါးရာနှင့်တကွ မိမိကိုယ်တိုင် ငရဲကျရမည့်အရေးပင် ဖြစ်ပေသည်။

ဘုရားရှင်သည် သုဗြဟ္မာနတ်သား၏ လျှောက်ထားချက်ကို မဟာကရုဏာဖြင့် ကြားနာတော်မူပြီးလျှင်-
နာညတြ ဗောဇ္ဈာ တပသာ၊ နာညတြိန္ဒြိယ သံဝရာ။
နာညသြဗ္ဗနိဿဂ္ဂါ၊ သောတ္ထိံ ပဿာမိ ပါဏိနံ။
ဤဂါထာတပုဒ်ဖြင့် ဖြေကြားတော်မူ၏။ ဤဂါထာ၏ မြန်မာပြန် အနက်အဓိပ္ပါယ်မှာ-
ဒါယကာနတ်သား၊ သစ္စာလေးပါးကို သိမြင်သည့်မဂ္ဂင်ရှစ်ပါး မြတ်တရားကိုကြဉ်ထား၍
ကိလေသာကို ပူပန်စေတတ်သော သလ္လေခအကျင့်ကို ကြဉ်ဖယ်၍
ကိလေသာတွေ ၀င်မလာရအောင် ဣနြေ္ဒခြောက်ပါးတို့ကို စောင့်စည်းခြင်းကို ကြဉ်ထား၍
နိဗ္ဗာန်တရားတော်ကို ကြဉ်ထား၍ သတ္တ၀ါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မြင်တော်မမူပေ။

ဤဂါထာကို ကြားနာရင်းပင် သုဗြဟ္မာနတ်သားသည် မိမိ၏ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်စဉ်ကို လက္ခဏာယာဉ်သို့ တင်၍ သုံးသပ်လာခဲ့ရာ ဒေသနာတော်အဆုံးမှာပင် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ထို့ကြောင့် ခုနစ်ရက်စေ့လျှင် စုတိစိတ်ကျရမည့်ဘေး မဟာအ၀ီစိငရဲသို့ ကျရောက်ရမည့် ဘေးတို့မှ ကင်းဝေးကာ တည်ငြိမ်ခိုင်ခံ့သည့် စည်းစိမ်ချမ်းသာကို ရရှိလာပေသည်။

( စိတ်ဆင်းရဲခြင်း ကင်းဝေးရာသို့ )
ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာတွင် သတိပဋ္ဌာန်လေးပါး ပွားများရခြင်းကြောင့် စိတ်ဆင်းရဲခြင်းမှ ကင်းဝေးရပုံကို ဤပုံဝတ္ထုဥပမာဖြင့် ဖွင့်ပြထားပေသည်။ သုဗြဟ္မာနတ်သား၏ ၀တ္ထုမှာ သဂါထာဝဂ်၊ ဒေ၀ပုတ္တသံယုတ် အဋ္ဌကထာတွင် ပါရှိပါ၍ အမေးအဖြေ ဂါထာတို့မှာ သဂါထာဝ်၊ ဒေ၀ပုတ္တ သံယုတ်ပါဠိတော် သုဗြဟ္မာသုတ်တွင် ပါဝင်ပေသည်။

သတိပဋ္ဌာန် အကျိုးပြပုံဝတ္ထု အသီးသီးကို ပြဆိုလာခဲ့ရာတွင် ဥပမာပုံဝတ္ထု တခုခုသည် ပူးတွဲဖော်ပြ ထားသည့်ဥပမေယျ အကျိုးတရားတခုတည်းနှင့်သာ သက်ဆိုင်သည်ဟု မယူဆသင့်ပါ။ အဋ္ဌကထာဆရာမြတ်ကြီးက ဖော်ပြလိုသော အကျိုးတရားနှင့် အဆီအလျော်ဆုံးဖြစ်သည့် ပုံဝတ္ထုအဖြစ်ဖြင့်သာ ဖွင့်ပြထားခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပုံဝတ္ထုတခု တခုသည် သတိပဋ္ဌာန်အကျိုးအားလုံးနှင့် သက်ဆိုင်နိုင်ပါသည်။ သတ္တာနံ ၀ိသုဒ္ဓိယာ၊ သောကပရိဒေ၀ါနံ သမတိက္ကမာယ စသည်ဖြင့် ပါဠိတော်၌ ဖော်ပြထားသည့် အကျိုးတရားတို့သည်ပင် တခုနှင့်တခု ကွင်းဆက်ဖြစ်နေကြသဖြင့် ထိုဥပမေယျတို့၏ ဥပမာ ပုံဝတ္ထုတို့သည်လည်း တခုနှင့်တခု ဆက်စပ်လျက်သာ ရှိနေကြပေသည်။

(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP