* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

( ၁၃) ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်း

ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
ကြီးပွားခြင်း၏ အကြောင်းတရပ်ဖြစ်သည်။
အချိန်ကို သိနားလည်ခြင်း၊ သင့်လျော်အောင် ပြုတတ်ခြင်း၊ မပျင်းရခြင်း၊ လုံ့လရှိခြင်း၊ ပျက်စီးအောင် မပြုခြင်းတို့သည် ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရ့ပ်စွာ အလုပ်လုပ်ခြင်းတွင် အကျုံးဝင်ပေသည်။

တရံရောအခါ ဗာရာဏသီပြည်မှ လှည်းမှူးကြီးတဦးသည် လှည်းသားငါးရာကို ဦးဆောင်၍ ကုန်သွယ်သွားသည်။ သူတို့သည် ကျယ်ဝန်းလှသော သဲကန္တာရကြီးကို ဖြတ်သန်းသွားရသည်။ သဲကန္တာရမှာ နေ့အခါ ပူပြင်းလှ သောကြောင့် လှည်းသားတို့သည် ခရီးမသွားနိုင်။ တဲဆောက်၍ နားနေကြရသည်။ ညဘက်သို့ရောက်သော အခါတွင်မှ ကြယ်များကိုကြည့်လျက် လမ်းညွှန်သူ၏ အကူအညီဖြင့် သွားကြရသည်။

ဤသို့သွားရာမှ သဲကန္တာရခရီးဆုံးရန် တညသာလိုတော့သည်အထိ ခရီးပေါက်လာခဲ့သည်။ ဤတွင် နောက်ဆုံးညခရီး ဖြစ်သဖြင့် ထိုညအတွက် ညာစာစားပြီးနောက် ထင်း-ရေ စသည်တို့ကို စွန့်ပစ်ကာ ခရီးဆက်ကြသည်။ လမ်းညွှန်သူသည် ညများစွာ မအိပ်ရသဖြင့် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားလေသည်။ ထိုအခါ လမ်းမှားပြီးလျှင် လာခဲ့သည့်လမ်းအတိုင်း ပြန်၍ လာမိကြသည်။ လမ်းညွှန်သူသည် အရုဏ်တက်မှ နိုးသည်။ လမ်းမှားနေသည်ကို သိသဖြင့် ပြန်လှည့်ကြ၊ ပြန်လှည့်ကြ-ဟူ၍ ဆို၏။

ဤသို့ပြော၍ လှည်းများကို ပြန်လှည့်ရန် စီစဉ်နေဆဲမှာပင် နေထွက်လာသည်။ အနီးဝန်းကျင်ကို ကြည့်လိုက်သောအခါ ယခင်ည ထွက်ခွာခဲ့ရာ စခန်းသို့ ပြန်ရောက်နေသည်ကို တွေ့ရသည်။ အားလုံးပင် စိတ်အားငယ်၍ စိတ်ဓာတ်ကျကုန်ကြသည်။ စိတ်ပျက်လက်ပျက်ဖြင့် တဲဆောက်၍ အိပ်ကြသည်။ ရေမရှိဖြင့် လူရောနွားပါ ဒုက္ခရောက်တော့မည့် အခြေအနေသို့ ရောက်နေသည်။

ထိုအခါ လှည်းမှူးကြီးက-ငါ ၀ီရိယလျှော့သော် အားလုံး ပျက်စီးရှာကြတော့မည်။ မဖြစ်မနေ ငါကြိုးစားမှ ဖြစ်မည်-ဟု ဆိုကာ ရေရနိုင်မည့်နေရာကို လှည့်လည်ရှာဖွေသည်။ မကြာမီ နေစာမြက်တခုကို တွေ့မြင်သည်။ သည်နေရာတွင် ရေရှိရမည်-ဟူ၍ တွက်ဆကာ လှည်းသားများအား တူးစေသည်။

လှည်းသားမျာသည် ကြိုးစားတူးဖော်ကြသည်။ အတောင် ၆၀-အရောက်တွင် ရေမတွေ့ဘဲ ကျောက်ဖျာကြီးကို တွေ့လေသည်။ စိတ်ပျက်၍ အားလျှော့ကြသည်။ လှည်းမှူးကြီးကား အားမလျှော့၊ တွင်းထဲသို့ ဆင်း၍ ကျောက်ဖျာကို နားဖြင့် ကပ်လျက် ထောင်၏။ ထိုအခါ ရေစီးသံကို ကြားရသည်။ ချက်ချင်း တွင်းပေါ်သို့ ပြန်တက်ကာ တပည့်လုလင်တဦးအား-အမောင် စိတ်မလျှော့နှင့် စိတ်လျှော့လျှင် အားလုံး ပျက်စီးကြလိမ့်မည်။ ဤသံတူဖြင့် ကျောက်ဖျာကို ကြိုးစားထုခွဲပါ။ ၀ီရိယအကျိုးကို ငါတို့ မုချခံစားရလိမ့်မည်-ဟူ၍ ဆို၏။

လုလင်လည်း လှည်းမှူးကြီး၏ စကားကို နာယူသည်။ သံတုဖြင့် ကျောက်ဖျာကို ထုခွဲ၏။ ခဏကြာသော် ကျောက်ဖျာကွဲ၍ ရေများ ဒလဟော ထွက်လာလေသည်။ လှည်းသမားတို့သည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ရေကို သုံးစွဲ၍ ထမင်းချက်စားကြသည်။ နေ၀င်သော် ခရီးဆက်ကြရာ သဲကန္တာရကို လွန်မြောက်၍ အလိုရှိရာအရပ်သို့ ရောက်ရှိကြလေသည်။
ကျမ်းကိုး။ ။ ၅၅၀-၀ဏ္ဏပထဇာတ်။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၂-ခု သြဂုတ်လ)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP