* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 18, 2009

လူ့ကျင့်ဝတ် အခြေခံတရား

ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့ကို အနှစ်ချုပ်လေ့လာကြည့်ပါက သိက္ခာသုံးပါးကို လူသားတို့ လိုက်နာကျင့်ကြံပွားများရန် အဓိကထားသည်ကို သိမြင်နိုင်ပေမည်။ သိက္ခာသုံးပါးဟူသည် သီလ သမာဓိ ပညာတို့ကိုပင် ဖြစ်သည်။

ဤနေရာတွင် ကျွန်ုပ်တို့သည် သီလကိုတင်ပြလိုပါသည်။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် သီလ၏အနက်ကို ကိုယ် နှုတ် စိတ် အမူအရာတို့ကို ငြိမ်သက်စွာထားခြင်းဟု၎င်း၊ ကုသိုလ်တရားတို့ကို ဆောင်ခြင်းဟု၎င်း ဖွင့်ဆိုထားပေသည်။ တနည်းအားဖြင့် သီလသည် ဦးခေါင်းနှင့်တူသော အနက်၊ အေးမြချမ်းအေးခြင်းအနက်၊ အကုသိုလ်တို့ မ၀င်ရအောင် ပိတ်ပင်တားမြစ်ခြင်းအနက်၊ ဒုစရိုက်အကျင့်ပျက်၏ အိပ်စက်ကြောင်းအနက်တို့၌ ထင်ပေသည်။ အချုပ်အားဖြင့်ဆိုသော် သီလ၏အနက်မှာ အကျင့်၊ အလေ့သဘောဟု ဖြစ်လေသည်။

သီလတွင် ငါးပါးသီလသည် အဓိကဖြစ်သည်။ ငါးပါးသီလကို အခြေပြု၍ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလ စသည်ဖြင့် တိုးချဲ့ထားခြင်းဖြစ်သည်။ သက်ရှိသတ္တ၀ါတို့အား သတ်ဖြတ်ခြင်း၊ အန္တရာယ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတပါးဥစ္စာ ခိုးယူခြင်း၊ လိမ်လည်ယူခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သူတပါး သားမယား မပြစ်မှားခြင်း၊ မဟုတ်မမှန် မပြောဆိုခြင်းနှင့် သေရည်သေရက်များကို ရှောင်ကြဉ်ခြင်းတို့သည် ငါးပါးသီလပင် ဖြစ်ပေသည်။

ဗုဒ္ဓဘုရားရှင်က ငါးပါးသီလကို ကျူးလွန်ဖောက်ဖျက်သူသည် လူတို့စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားကို ကျူးလွန်ဖောက်ဖျက်ခြင်းပင် ဖြစ်သည်။ ငရဲသို့ ကျရာ၏။ ထိုငါးပါးသီလကို စောင့်ထိန်းပါက လူနတ်နိဗ္ဗာန် သုံးတန်သောအကျိုးကို ရနိုင်၏ ဟူ၍ ဆုံးမတော်မူထားပါသည်။ ငါးရာ့ငါးဆယ်ဇာတ်တော်တွင် ဓမ္မပါလ ရွာသူရွာသားတို့ ငါးပါးသီလစသော တရားတို့ကို ကျင့်သုံးနေထိုင်ကြသဖြင့် အသက်ရှည်ကြကြောင်း တရွာလုံး ငြိမ်းချမ်းသာယာ၍ တိုးတက်ကြီးပွားကြကြောင်း အထင်အရှား ဖော်ပြထားသည်။ ထို့ပြင် ဂရုဓမ္မဇာတ်တော် ၌လည်း ငါးပါးသီလစောင့်ထိန်း၍ ဆန်ရေစပါး ပေါများနေသော ဣန္ဒပတ္တနဂိုပြည်သို့ ငါးပါးသီလပျက်စီး၍ ဆန်ရေစပါး ရှားပါးနေသော ဒန္တပုရပြည်မှ ငါးပါးသီလလေ့လာရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ငါးပါးသီလ စောင့်ထိန်းခြင်းကို လေ့လာနည်းယူခဲ့ရကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားတွင် အခြေခံကျသော ငါးပါးသီလကို မကျိုးမပေါက်အောင် စောင့်ထိန်းရပေမည်။ ငါးပါးသီလသည် နိစ္စသီလမျိုးဖြစ်၍ သာသနာတော်အတွင်း၌သာမဟုတ် သာသနာပကာလ၌လည်း တည်ရှိပေသည်။ ဗုဒ္ဓဘာသာဝင်တို့နှင့်သာမက လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးနှင့်သက်ဆိုင်ပေသည်။ ငါးပါးသီလကို စောင့်ထိန်းနိုင်ပါက မိမိနေအိမ်၊ မိမိရပ်ရွာ၊ မိမိနိုင်ငံသာမက ကမ္ဘာကြီးတခုလုံး အေးချမ်းသာယာမည်မှာ မုချဖြစ်ပေသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP