* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 19, 2009

သွေးရောင်လွှမ်းတဲ့ရေ ...

Posted by ညခင်း နှင့် လမင်း Nov 18, 2009 မှတ်ချက်ပေးရန် (8)


ကောလိယမြို့တွင် ဖွားမြင်တော်မူသော အရှင်ရေ၀တ သည် သကျမင်းသားတစ်ပါးဖြစ်၏။ သာသနာတွင်းသို့ရောက်ရှိပြီး သောအခါ ၀ိနည်းကျင့်ဝတ်ကို အင်မတန်လေးစား၏။ တစ်ခါသော် အရှင်ရေ၀တသည် ဆွမ်းကိစ္စ ပြီးပြည့်စုံ၍ ဂင်္ဂါမြစ်ကမ်းသို့ ပြန်ကြွလာစဉ် ထူးထွေ ဆန်းပြားသော အသွင်သဏ္ဍာန်တစ်ခု ရွေ့လျားမှုကိုတွေ့မြင်ရတော့၏။

ထိုသဏ္ဍာန်သည် ဂင်္ဂါမြစ်ကမ်းတစ်လျှောက် အခေါက်ခေါက် အခါခါ ပြေးလွှားနေ၏။ ထိုသူသည် ဂင်္ဂါမြစ်ထဲမှ ရေကြည်ရေအေးကို တစ်ဝကြီးသောက်ရန် အားခဲရင်း ပြေးလွှားပြီး အခေါက်ခေါက်အခါခါကြိုးစားသော်လည်း သူရဲ့ ၀ဋ်ကြွေးကြောင့် ချီတုံချတုံ အစုန်အဆန် ရွေ့လျားနေရသူဖြစ်၏။

အရှင်ရေ၀တ သည် ရုပ်နာမ်နှစ်ဖြာ သူ့ ခန္ဓာနှင့် ဆောက်တည်ရာမရ ရွေ့လျားနေသော အသွင်ကို အနီးကပ်ဆုံးတွေ့ရသောအခါ ရုပ်ရည် ဆိုးရွားရုံမက ကိုယ်မှ ထွက်ပေါ်လာသော အနံ့ကြီးကလည်း ပုပ်ဟောင်ဟောင်နေသည်ကို သတိပြုမိရတော့သည်။

ပြိတ္တာမတစ်ယောက်ပေပဲ

တပည့်တော်မ ရေဆာလွန်းလှပါပြီ၊ ရေပေးပါ၊ အမြန်ရေပေးပါဘုရား....အငမ်းမရ ဆင်းရဲစွာ ပူဆာသည်ကိုတွေ့ရသဖြင့်....

ဟဲ့..ဟဲ့ ဒကာမ ဟိမ၀န္တာတောင်ကြီးကို အခြေပြုပြီး စီးဆင်းလာတဲ့ အေးလည်းအေးတဲ့၊ ကြည်လည်းကြည်လင်တဲ့ ဂင်္ဂါမြစ်ကြီးအန်ီးရှိနေပါလျက်နဲ့ ရေဆာတယ်လို့ ပူဆွေးနေရသလား။

မှန်လှပါ ဘုရား၊ တပည့်တော် ကိုယ်တိုင် ကိုယ်ကျ သောက်လို့မရပါဘုရား၊ တပည့်တော်မ ရေသောက်ဖို့ပြင်ဆင်လိုက်တာနဲ့ သွေးရောင်လွှမ်းပြီး အညှီနံ့များ နံလာပါတယ်ဘုရား..

အို...အကုသိုလ်တယ်ကြီးပါလား ဒကာမ၊ ဒီဘ၀ကို မရောက်ခင်က ဘာတွေများပြုလုပ်ခဲ့လို့ပါလိမ့်။

မှန်လှပါ ဘုရား၊ ဟိုဘ၀က တပည့်တော်မရဲ့ ခင်ပွန်းဟာ ဥဇ္ဖေနီပြည်ကို အစိုးရတဲ့ ဥတေနမင်းကြီး အားကိုးယုံကြည်ရတဲ့ အမတ်ကြီးတစ်ဦးဖြစ်ပါတယ်။ အမတ်ကြီးကွယ်လွန်တဲ့အခါ အမတ်ကြီးရဲ့ ရာထူးကို သားတော် ဥတ္တရလုလင်ကို ပေးအပ်ပါတယ်။ တိုတိုပြောရရင်...ဥတ္တရလုလင်ဟာ နန်းအသစ်တည်ဆောက်ဖို့ တောထဲမှာ သစ်ဝါးရှာဖွေ ဖို့ အမိန့်အရသွားရင်း ၊ ရဟန္တာ အရှင်မဟာကစ္စည်းအရှင်မြတ်ကြီးနဲ့တွေ့ပြီး တရားတော်နာယူပြီး သရဏဂုံဆောက်တည်ကာ ဥပဿကာအဖြစ်ခံယူခဲ့တယ်။ မကြာခင်မှာပဲ သားရဲ့ ပင့်ဖိတ်မှုကြောင့် ရဟန္တာမထေရ်ကြီးနဲ့ နောက်ပါ သံဃာတွေ ဆွမ်းခံကြွရောက်လာပါတယ်။ ဆွမ်းလောင်းပွဲဟာ တစ်ရက်နဲ့ မပြီးဘဲ နောက်နေ့တွေမှာလည်း ဆွမ်းပန်းကိစ္စတွေ ပါဝင်လာပြန်ပါတယ်။ ရဟန္တာမထေရ်မြတ်ကိုခဏခဏဖူးတွေ့ရတဲ့ သားဥတ္တရလုလင်ကတော့ သောတာပန်ဖြစ်သွားပါတယ်။ တပည့်တော်ကတော့ အလုပ်တွေ၊ တရားနာမှု၊ ကြည်ညိုမှု၊ လှူမှုတန်းမှု၊ စေတနာတွေကို နားမလည်ပါဘူး ကျီထဲက ဆန်တွေလျော့သွားတာ ၊ စပါးတွေ ကုန်သွားတာ၊ ဘဏ္ဍာတိုက်ထဲက ရတနာတွေ လျော့သွားတာကို ပဲသိပါတယ်...မကျေနပ်ပါဘူး...အဲဒီတော့...

တပည့်တော်မဟာ သားလေး ဥတ္တရလုလင်ရဲ့သဒ္ဓါတရားကို ခုတုံးလုပ်နေကြတာ (အမေ့သား ဆွမ်းလောင်းတာ အလှူအတန်းလုပ်တာ ၊ ၀ါဝါ၀တ်တွေ ဖန်ကတုံးတွေ အတွက် စုဝေးနေကြတာ အမေ မကြည့်ချင်ဘူး တော်တော့လို့) စိတ်လိုက်မာန်ပါ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သားတော်က ဆက်လက်ပြီး ဆွေမျိုးတွေ အိမ်မှာ ကုသိုလ်လုပ်ပြန်ရော..၊ ကုန်ကျငွေကို တော့ သူက ပဲစိုက်ထုတ်နေပြန်ပါတယ်။

သည်ကာလတိုင်အောင် ဒကာမကြီးက ကောင်းမှုအ၀၀ကို မကြည့်မဖြူရှိနေတုန်းပဲလား... သည်မျှမကပါဘုရား၊ ဘုရားတပည့်တော်က သားကလေးကို (ငါ..အမတ်ပဲ လုပ်ချင်ရာလုပ်မယ်၊ အမေ့စကားကို ပယ်ရှားဝံ့တယ်ဆိုရင် မင်းကြိုက်သလို လှူပေတော့၊ မင်းပြုသမျှ လှူဖွယ်ဝတ္တု အဖျော်ယမကာတွေဟာ သွေးတွေဖြစ်ပါစေ၊ ရေဆာလို့ သောက်သမျှ သွေးတွေဖြစ်ပါစေသော်)လို့ မိုက်မိုက်မဲမဲ ကျိန်ဆိုခဲ့ပါတယ်။

မိခင်စကား မလိုက်နာတဲ့သားကို ပစ်လွတ်လိုက်တဲ့ ကျိန်စာ လေးမြှားအမျိုးမျိုးတွေဟာ တပည့်တော်မကို အမှန်ပဲ ထိမှန်သွားပါပြီ ဘုရား ကယ်တင်တော်မူပါဘုရား

အရှင်ရေ၀တ သည် ပြိတ္တာမကြီး၏ခြင်းရာ အကုသိုလ်ဇာတ်လမ်းကို ကရုဏာဖြင့် နာကြားခဲ့ပြီး....နောက် သီတင်းသုံးဖော် ရဟန်းတစ်ပါးအား သောက်ရေ ကြည်ကြည်အေးအေး ဆက်ကပ်၏။ အမှိုက်ပုံ တစ်ခုမှ ပံ့သကူ ကောက်ယူခဲ့သော အ၀တ်စတစ်ခုကို သင်္ကန်းပြုလုပ်က လှူဒါန်းပြန်၏ နောက်တစ်နေ့ နံနက်တွင် ဆွမ်းခံရလာသည့် ဆွမ်းအချို့ကို သီတင်းသုံးဖော် တို့ အားလှူဒါန်း၏ ထို့နောက် ပြုပြုသမျှသော ကုသိုလ် ကောင်းမှု အစုစုကို ဂင်္ဂါမြစ်ကမ်းက ပြိတ္တာမကြီးအား အမျှပေး ဝေ လေသည်။

ဒီဇာတ်လမ်းလေးကိုဖတ်ရခြင်းဖြင့် ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှ သိ ဒါနနဲ့သီလမပါ၊ သေခါမှ သိ၊ ၀စီဗေဒ ထိတိုင်းရှ ဆိုတဲ့ စကားလေးများ ကို သွားသတိရမိပါတယ်။ အမှတ်တမဲ့ ဖြစ်ဖြစ်၊ လက်လွတ်စပယ် လွယ်လွယ်ပြောတာပဲ ဖြစ်ဖြစ် အမတန်ကြောက်စရာကောင်းပါတယ်။ ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်) စာအုပ်မှာ ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာ ခံခြင်းဖြစ်၏ လိုဆိုထားပါတယ်။ ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်နိဗ္ဗာန်ကို တက်လှမ်းဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့လှေကားထစ် သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင် ပေးနိုင်တဲ့ နည်းလမ်းမဟုတ်ပေမဲ့လည်း နိဗ္ဗာန်ရောက် ကြောင်းအထောက်အပံ့ တော့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ဒါနကို မွေးစကလေးနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ ဘ၀တစ်လျှောက်လုံး လှူတန်းနေခဲ့ကြသူတွေပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဖြစ်အောင် ပညာသတိ မပြတ်ရှိကြရမှာဖြစ်ပါတယ်။ နိဗ္ဗာန်မရမီ စပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးကောင်းတဲ့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဒီဇာတ်လမ်းလေးဖြင့် ကုသိုလ်ယူပါတယ်။

ကုသိုလ်ဆယ်တန်

လှူဒါန်းဒါန စောင့်သီလ ပွားထ ဘာဝနာ
ကြီးသူရိုညွှတ် ဝေယျာဝတ်
ပြုတတ်သင့်ရာရာ
ကုသိုလ်အစု မျှဝေပြု သာဓုခေါ်ဝမ်းသာ
တရားတော်နာ ဟောပြောကာ
ယူမှာ ဖြောင့်အပ်စွာ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP