ကိုကြီး (ကိုရီး)ရဲ့ မြရတနာရွာအတွက် ရေတွင်းအလှူ
စက်တွေဆင်ပြီ
တူးကြဖော်ကြ ရေအမြန်ရဖို့
ရွှေမိုးငွေမိုးကြဲဖို့ လုပ်နေတဲ့ ကိုဖြိုး၊ ကိုထက်နဲ့ ကလေးများ
ရေတွင်းတူးနေပြီဆိုလို့ အုန်းအုန်းကျက်ကျက် ရောက်လာတဲ့ ရွာသားတွေအနာကြီးရောဂါသည်များနဲ့ မိသားစုတွေ နေထိုင်ရာ မြရတနာရွာမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း သိရတဲ့အတွက် ကိုကြီး (စင်ကာပူ)က အဝိစိတွင်း လှူဒါန်းပါတယ်။
နတ်တော်လဆန်း ၁ ရက် (၁၇-၁၁-၀၉)က စတူးတယ်။ စင်ကာပူက ပြန်မလာသေးတဲ့ အလှူရှင် ကိုကြီးကိုယ်စား ဦးဇင်း ဦးကောဝိဒနဲ့ ကိုဖြိုး၊ ကိုထက် သူငယ်ချင်းနှစ်ဦး (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)တို့က သွားဆောင်ရွက်ပေးကြပါတယ်။
ရေတွင်း စတူးချိန်မှာ ကိုဖြိုးနဲ့ ကိုထက်က ရွှေမိုးငွေမိုး ရွာသွန်းပြီး တူးစေလိုတာကြောင့် ကလေးငယ်တွေကို မုန့်ဖိုးငွေများ ကြဲချ၊ ကလေးတွေ ကစားပွဲတစ်ခုလို တပျော်တပါး ဝိုင်းအုံယူကြပြီးမှ စတင်ပါတယ်။ ရေတွင်းတူးဖို့ စက်တွေ တပ်တယ်။ ရေယာယီ သိုလှောင်ဖို့ အမိုးအကာတွေ လုပ်တယ်။ ရွာဦးကျောင်းက ဆရာတော်နဲ့ သာမဏေတွေ အပါအဝင် တစ်ရွာလုံး သောက်ရေ သုံးရေ အခက်အခဲ ဖြစ်နေကြတာ အခု ရေတွင်းရတော့မယ်ဆိုတော့ ရွာရဲ့ အဓိက အခက်အခဲကြီးတစ်ခု ပြေလည်သွားပါပြီ။
ရွာရဲ့ ရေအခက်အခဲကို သိလိုက်ရချိန်မှာ ကိုကြီးက ကွန်ပျူတာ ဝယ်ဖို့ စီစဉ်ထားတဲ့ငွေကို မဝယ်တော့ဘဲ မြရတနာရွာသားများအတွက် ရေတွင်း လှူလိုက်တာ ဖြစ်ပါတယ်။ ကိုကြီးရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကလဲ ထည့်ဝင်လှူဒါန်းကြပါတယ်။
အဝီစိတွင်းတူးဖို့ မူလ ငှားရမ်းထားတဲ့ ပန်းရံဆရာက အလုပ်လက်ခံပြီးမှ လိုက်ခါနီးမှာ မြရတနာ အနာကြီးရောဂါသည်ရွာမှာ သွားတူးပေးရမယ်ဆိုတာသိတော့ မလိုက်တော့လို့ နောက်တစ်ဦး ငှားရတယ်။ ဒါတောင် တူးမယ့် သူတွေကို ထမင်းဟင်းနဲ့ သောက်ရေကအစ သီးခြား သယ်လာပေးရတယ်။ ရွာက ရေနဲ့ အစာဆိုရင် မစားနိုင်ဘူး ဆိုလို့ပါတဲ့။
ကိုဖြိုးနဲ့ ကိုထက်က ရွာမှာ စာကြည့်တိုက် လုပ်ပေးချင်တာနဲ့ ပျက်စီးနေတဲ့ ရပ်ကွက်ရုံး အဆောက်အအုံဟောင်းကို ပြုပြင်ပြီး စာကြည့်တိုက် ဖွင့်ဖို့ ပြုပြင်စရိတ် ငွေသုံးသောင်း လှူတယ်။ ရွာမှာ ဥပုသ်နေ့တွေ တရားနာယူနိုင်အောင် အသံချဲ့စက်လဲ လှူဒါန်းပါလိမ့်မယ်။ ရေတွင်းပြီးလို့ ရေစက်ချ လှူဒါန်းတဲ့ နေ့မှာလဲ ကိုဖြိုး၊ ကိုထက်တို့က တစ်ရွာလုံးကို စတုဒီသာ ထမင်းကျွေး အလှူပေးမယ်လို့ ပြောတော့ တစ်ရွာလုံး ဝမ်းသာပျော်ရွှင်နေကြပါတယ်။

0 comments:
Post a Comment