* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 19, 2009

ကြားခဲ့ရတဲ့ စကားတစ်ခွန်း

| 0 ယောက်မှတ်ချက်ရေးခဲ့တယ်
ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ယနေ့အထိ ကြားယောင်နေဆဲပါ၊ စာရေးသူဟာ ငယ်စဉ်က တောရွာမှာ ကြီးပျင်းခဲ့ရသူပါ။ ငယ်စဉ်က ခလေးသဘာဝ သူငယ်ချင်းများနဲ့ ဟိုဟိုဒီဒီသွားကာ ဆော့ကစားလေ့ရှိတယ်။ တစ်ခါခါ တောထဲသွားပီးတော့လဲ ဆော့ကစားကြသလို ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ၀င်ကာ ဆော့ကြတာလဲ ရှိတယ်။
တစ်နေ့ စာရေးသူတို့ သူငယ်ချင်းတစ်သိုက် မြစ်ချောင်းထဲဆင်းကာ ရေချိုးကြပါတယ်၊ ရေချိုးပြီးတဲ့အခါ အိမ်မပြန်ကြသေးဘဲ၊ ထိုမြစ်ကမ်းနံဘေးမှာပဲ ဟိုဟိုဒီဒီ သွားကာ ဆော့ကစားကြပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းနား ၀ါးဖေါင်ပေါ်မှာ လူကြီး တစ်ယေက် ငါးမျှားနေတာကို တွေ့ရပါတယ်။ လူငယ်သဘာဝ ၀ါးဖေါင်ပေါ်တက်ပြီး အချင်းချင်း စကြနောက်ကြရင်း ၀ါးလုံးကွဲအသံကြီးနဲ့ ရယ်ကြ ပျော်ရွှင်နေကြပါတယ်။
ထိုအခိုက် ၀ါးဖေါင်ပေါ်မှာ ၀မ်းစာရေးအတွက် ငါးမျှားနေတဲ့ အဖိုးကြီးက သူ့ကို ပျက်ရယ်ပြုတယ်လို့ ထင်မှတ်ပြီး

“ မင်းတို့က ငါ့ကို လှောင်ကြတာလား….အေး…ငါအဖိုးကြီးဖြစ်သလို မင်းတို့လဲ တစ်နေ့ အဖိုးကြီးဖြစ်လာလိမ့်မယ်၊ သတိထား ကြ၊ ဒါ နောက်စရာမဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်။ ဒီအချိန်တုန်းက ခလေးသဘာဝ မတွေးတတ်ပါ။ ဒီအဖိုးကြီး ငါတို့ကို စိတ်ဆိုးပီး ပြောတာပဲ လို့ ထင်မှတ်ခဲ့တယ်။
အသက်တွေကြီးလာတော့မှ အဖိုးအိုရဲ့စကားဟာ တကယ်မှန်နေတာတွေ့ရတယ်၊ အချိန်ကြာလာတော့ စကားရဲ့ အနက် အဓိပ္ပါယ် ပိုပြီး ထင်ရှားလာသလို ကြာလေလေ နားထဲက မထွက်လေလေပါပဲ။
ငယ်စဉ်က အဖိုးအိုရဲ့စကားကို ဝေဖန်နိုင်တဲ့ စွမ်းအားမရှိပါ။ ယခုအသက်ကြီးလာတဲ့အချိန်ရောက်တော့ ဝေဖန်မိပါတယ်။ ဘာ့ကြောင့်ဆိုရင် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှဟာ ဓမ္မချည်း ဖြစ်နေလို့ပါပဲ။
ဒီအချိန်တုန်းက အဖိုးအိုဟာ သုဿန်နှုတ်ခမ်းတဖက် နင်းနေပြီ။ သေခြင်းတရားကို သတိမှ ရပါလေစ၊ ဘ၀ပေးအရ စားဝတ် နေရေးအတွက် ငါးမျှားနေရတာကို ကြည့်ပြီး အဖိုးအိုကို သနားမိတာပါ၊ ကြာခဲ့ပြီဆိုတော့ အခုအချိန်မှာ အဖိုးအိုဟာ လောကထဲ ရှိနေမယ် မထင်တော့ဘူး။ လောကမှာ ဒီလိုအဖိုးအိုမျိုး ဘယ်နှစ်ဦးရှိလေမလဲ၊ အသက်ကြီးလာရင် ဒါန သီလ ဘာဝနာ ကုသိုလ် တရားနဲ့ နေရမဲ့အချိန်မှာ အကုသိုလ်အလုပ် လုပ်နေရတာဟာ မချစ်သော်လည်း အောက်ကာနမ်းဆိုသလိုပဲ မလုပ်ချင်လဲ လုပ်နေရတာပဲလား၊ ဒါမှမဟုတ် အပျော်သဘောနဲ့ ငါးမျှားတာလား ဆိုတာ မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ ဒီအသက်အရွယ်ရောက်လာရင် ဘ၀နေ၀င်ချိန်လည်း နီးကပ်လာပါပြီ။ အပူအရှိန်အားနည်းလာတဲ့ နေ၀န်း နီနီကြီးပမာ မကြာခင် တောင်စွယ်အောက်ရောက်လို့ ကွယ်တော့မှာဖြစ်တယ်။
လူတွေဟာ ငယ်ရွယ်တဲ့အချိန်ကစလို့ လက်မှတ်တွေ အသီးသီးရခဲ့ကြတယ်။ လက်မှတ်က အောင်လက်မှတ်တွေပါ။ မူလတန်း အောင်လက်မှတ်။ အလယ်တန်းအောင်လက်မှတ်။ အထက်တန်း တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်။ တက္ကသိုလ်မှ ဆိုင်ရာဘွဲ့အောင် လက်မှတ်။ ဘွဲ့လွန်အောင်လက်မှတ် ၊ ဂုဏ်ထူးဆောင်လက်မှတ် စတဲ့ အောင်လက်မှတ်တွေ အဆင့် ဆင့် ရရှိခဲ့ကြတယ်။
များပြားလှတဲ့ အောင်လက်မှတ်များနဲ့အတူ ဂုဏ်ယူဝင့်ကြွားပြီး အရှေ့တန်းက နေနိုင်လာခဲ့ပေမဲ့ တစ်နေ့ကျရင် ထိုလက်မှတ် များကို ထားခဲ့ကာ သချိုင်း လက်မှတ် ယူရမဲ့ သူချည်းပါပဲ။
အဖိုးအိုဟာ သချိုင်းလက်မှတ်ယူရမှာကို မေ့နေတာလား မပြောတတ်။ လူတိုင်းလူတိုင်း သချိုင်းလက်မှတ် ယူရမဲ့သူချည်းပါ။ စာဖတ်သူများလည်း တဖြေးဖြေး ကြီးရင့်လာနေပါပြီ။ သချိုင်းလက်မှတ်ကို ဘယ်အချိန် ယူရမယ်ဆိုတာသာ မသိတာ။ တစ်နေ့နေ့ တချိန်ချိန်မှာ ယူရတော့မှာပါ။ ပစ္စုပ္ပန် ၊ အနာဂါတ် ကာလ တစ်ခုခုမှာပေါ့။
ဘ၀မှာ အောင်လက်မှတ် ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ အောက်ခြေလွတ်နေကြတယ်။ မာန်မာနဆိုတဲ့ မျက်မှန်စိမ်း တတ်ထားကြတော့ အပြင်လောကရဲ့ ဘ၀အခြေအနေမှန်ကို မသိဖြစ်နေကြတယ်။ ဒီလိုပါပဲ လူ့လောကမှာ ပစ္စည်းဥစ္စာ၊ ပညာ၊ ရုပ်ရည် စတာတွေကို အခြေတည်လို့ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ မာန်မာနတွေ တက်နေကြတယ်။ု တစ်ချို့ ရဟန်းလောက မှာလည်း ကိုယ့်မှာရှိတဲ့ ပညာ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တပည့် အခြံအရံများစတဲ့ အခြေအနေအပေါ် မူတည်ပြီး မာန်တက်နေကြတာ ရှိတတ်ကြပါတယ်။ ဒါဟာ မျက်မှန်စိမ်းတတ် နေကြ တာပါ။ တစ်နေ့ သချိုင်းလက်မှတ်ရမယ်ဆိုတာကို ဆင်ခြင်မိကြမယ်ဆိုပါရင် ကိုယ်တတ်ထားတဲ့ မျက်မှန်ဟာ အစိမ်းရောင်ကနေ အဖြူရောင် ပြောင်းလဲလာမှာပါ။
စာရေးသူအပါအ၀င် စာဖတ်သူများပါ မျက်မှန်စိမ်း မတတ်မိဖို့နဲ့ လောကသဘ၀အမှန်ကို မြင်နိုင်တဲ့ အဖြူရောင် မျက်မှန်ကို တတ်နိုင်တဲ့သူများ ဖြစ်ဖို့ပါ။ ငယ်စဉ်က အဖိုးအိုအကြောင်း ပြန်ပြောပါမယ်။
အဖိုးအိုဟာ Fisherman ပီပီ ငါးမျှားနေတဲ့အခိုက် ငါးများ မိနေလေမလား၊ မိရင်ကောင်းမယ်၊့  ဘာလုပ်လိုက်မယ် ဆိုတဲ့ အကုသိုလ်အတွေး နယ်ချဲ့မိမှာပါ။ ဒီလိုသာ တွေးဖြစ်ခဲ့ရင်တော့ အကုသိုလ်အရင်းအနှီးဖြစ်တဲ့အတွက် သချိုင်းလက်မှတ် သာမက အပါယ်လက်မှတ်ပါ ၀ယ်ပီးသားဖြစ်သွားမှာပါ။
ငယ်စဉ်ကအဖိုးအိုရဲ့ အဖြစ်မျိုးကို အတွေးနဲ့ ပြေးမြင်ကာ ကိုယ်လည်း ဒီလိုမျိုးများ ဖြစ်နေပီလား၊ ကိုယ့်ဟာ ကိုယ် သုံးသပ် ကြည့်မိပါတယ်။ စာဖတ်သူများလည်း သုံးသပ်ကြည့်မိဖို့ မိမိကိုယ်ကို လေ့လာရင်း သုတေသနပြုဖို့ လိုအပ်လိမ့်မယ် ဆိုတာ ပြောရင်း…………………..ကုသိုလ်ဆိုတဲ့ အရင်းအနှီးဖြင့် အဖြူရောင်မျက်မှန်များ တတ်နိင်ကြပါစေ………….



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP