ဂျပန်ပြည်မှ ဗုဒ္ဓဘုရားကျောင်းများသို့အလည်တစ်ခေါက်
ဒီနေ့တော့ ဂျပန်နိုင်ငံမှ ဗုဒ္ဓဘုရားကျောင်းများသို့ အလည်တစ်ခေါက်ရောက်ရှိခဲ့တဲ့အကြောင်းလေးကို စာဖတ်သူများကိုမျှဝေလိုပါတယ်ရှင်။ကျွန်မတို့မိသားစုကို သူ့ရဲ့ကားနဲ့ ဂျပန်မှာနေရာတကာအလည်လိုက်ပို့ပေးတတ်တဲ့ Dr.Miyahara က ဒီတစ်ခေါက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်ဆောက်ခဲ့တဲ့ ဗုဒ္ဓဘုရားကျောင်းများရှိရာ NIKKO မြို့သို့အလည်တစ်ခေါက်ပို့ပေးခဲ့ပါတယ်ရှင်။
NIKKO မြို့ဆိုတာ မြန်မာပြည်က မေမြို့ ၊တောင်ကြီးတို့လိုမျိုး ဂျပန်မှာ နာမည်ကြီးတဲ့ မြို့လေးဖြစ်ပါတယ်ရှင်။ နစ်ကိုးမြို့အ၀င်ဟာ မေမြို့နဲ့တော်တော်လေးတူသလိုပဲ တောင်ပေါ်တက်ပြီး လည်ကြတော့ တောင်ကြီးသွားတဲ့ ကားလမ်းတွေနဲ့ တော်တော်လေးဆင်တူပါတယ်ရှင်။
Dr.Miyahara က ပထမဦးဆုံး World Heritase (ကမ္ဘာ့အမွေအနှစ်) တစ်ခုဖြစ်တဲ့ Shrine and Temples of Nikko ကို အရင်လိုက်ပို့ပေးခဲ့ပါတယ်ရှင်။Shrine and Temples of Nikko (နတ်ဘုရားကျောင်းများ နဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ)တည်ရှိရာShrine and Temples of Nikko ကိုရောက်တော့ အမှတ်တရ ဓါတ်ပုံလေးတွေကိုရိုက်ဖြစ်ရင်း တောင်ပေါ်ကို လှေခါးလေးတွေနဲ့ အဆင့်ဆင့် တက်ခဲ့ရပါတယ်ရှင်။Shrine and Temples of Nikko မှာ ၀င်ကြေးအဖြစ် လူကြီး ယန်း ၁၀၀၀ ၊ ကလေး ယန်း ၄၀၀ သတ်မှတ်ထားပြီး Shrine and Temples of Nikko မှာရှိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်ထားခဲ့တဲ့ တောင်ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းကို လည်ပတ်ခွင့်ရခဲ့ပါတယ်။
ပထမဦးဆုံး ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်းကို အရင်ဆုံးသွားရောက်ခဲ့ပြီး အဲဒီဘုန်းကြီးကျောင်းကြီးမှာ ထူးဆန်းအံ့သြဘွယ်ကောင်းတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်ရှင်။အဲဒီဘုန်းကြီးကျောင်းကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇၁ ခုကတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ကျောင်းထဲမှာဗုဒ္ဓဆင်းတုတော်များစွာကို တအံ့တသြပဲ ဖူးတွေ့ခွင့်ရတာကြောင့် ဓါတ်ပုံရိုက်ပြီး မောင်နှမတွေကို ဝေမျှလိုပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ၊ ပြင်းထန်စွာ တားမြစ်ထားတာမို့ ဓါတ်ပုံရိုက်မလာနိုင်ခဲ့ပါဘူး။ဘုန်းကြီးကျောင်းကြီးတစ်ခုလုံးဟာ သစ်သားများနဲ့သာတည်ဆောက်ထားတာဖြစ်ပြီးတော့ မြန်မာဘုရားတွေမှာတွေ့ရတဲ့ လှပလွန်းတဲ့လက်မှုပညာတွေကို ထူးထူးခြားခြားပဲတွေ့ရပါတယ်။
ဘုန်းကြီးကျောင်းရဲ့ အတွင်းဘက်မျက်နှာကျက်မှာ နဂါးပုံ ပန်းချီ အကြီးကြီးဆွဲထားပါတယ်။ကျောင်းထဲရောက်တာနဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းနဲ့ ပတ်သက်တာတွေကို ရှင်းပြပေးပါတယ်ရှင်။
ဒီနဂါးကြီးဟာဆိုရင်အလွန်ထူးဆန်းပါကြောင်းနဲ့ နဂါးရဲ့ခြေရင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကို ခေါက်ရင် ရိုးရိုးအသံသာကြားရပါကြောင်းနဲ့ နဂါးကြီးရဲ့ဦးခေါင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကိုခေါက်ရင် ကံကောင်းတဲ့သူတွေဆိုရင် ထူးဆန်းတဲ့အသံတွေကြားရပါကြောင်းရှင်းပြပေးပြီး နဂါးကြီးရဲ့ခြေရင်းပိုင်းမှာရော ၊ဦးခေါင်းပိုင်းမှာပါ သစ်သားချောင်း ၂ချောင်းကို ခေါက်ပြပါတယ်ရှင်။ ဟုတ်ပါတယ် နဂါးကြီးရဲ့ ခြေရင်းပိုင်းမှာ ခေါက်တဲ့သစ်စားချောင်းနှစ်ချောင်းရဲ့အသံက ရိုးရိုးသစ်သားချောင်းခေါက်တဲ့အသံသာဖြစ်ပြီး နဂါးကြီးရဲ့ဦးခေါင်းဘက်မှာ ခေါက်တဲ့သစ်သားချောင်း၂ချောင်းရဲ့အသံက ပဲ့တင်သံတွေနဲ့ထပ်နေပြီး အလွန်ထူးခြားလှပါတယ်။ ကျွန်မတို့ ၄ ဦးစလုံး ထူးခြားတဲ့ အသံကိုကြားရပြီး တချို့ဘုရားဖူးဂျပန်အမျိုးသမီးတွေက ဘာမှမကြားရကြောင်းပြောနေသံကြားရတော့ ကိုယ့်ကိုကိုယ်ကံကောင်းတဲ့သူတွေလို့ သတ်မှတ်လိုက်ပါတယ်ရှင်။း)
ဘုန်းကြီးကျောင်းတွေအားလုံးဟာ ကျွန်မတို့မြန်မာဘုန်းကြီးကျောင်းတွေလိုပဲ ဖိနပ်ကို အပြင်မှာချွတ်ထားရပါတယ်။နေရာတကာမှာ အဆောင်လက်ဖွဲ့တွေကို ယုံကြည်စွာရောင်းနေကြတာကြောင့် သမီးလေးကတော့ သူ့သူငယ်ချင်းတွေအတွက် လက်ဆောင်တွေ စိတ်တိုင်းကျဝယ်နေပါတော့တယ်။ခရီးမသွားခင် သူ့ဖေဖေက သူလိုတာဝယ်ဘို့ မုန့်ဘိုး ပေးထားတာကြောင့် သူလိုချင်တာမှန်သမျှကို သူငယ်ချင်းတွေအတွက်ဆိုပြီး တစ်ခုပြီးတစ်ခုဝယ်နေတော့တာပါပဲ။သမီးလေးက ခရီးတစ်ခုခုသွားတိုင်း သူငယ်ချင်းတွေအတွက် အမြဲတမ်းမမေ့ပဲ လက်ဆောင်ဝယ်တတ်သလို သူ့သူငယ်ချင်းတွေကလည်း သူ့ကိုချစ်ခင်ကြပြီး လက်ဆောင်တွေပြန်ပေးတတ်ကြပါတယ်ရှင်။သမီးလေးတို့ အတန်းပိုင်ဆရာမက ခိုင်ကျန်ကို အကုန်ချစ်ကြကြောင်း ခိုင်ကျန်က အားလုံးကို အမြဲ အော်ဂနိုက်လုပ်ကြောင်းနဲ့ ခိုင်ကျန်က ခေါ်ရင် အကုန်ပါသွားကြကြောင်းပြောပြခဲ့တာမို့ အသက်ငယ်ပေမယ့် အပေါင်းအသင်းဆန့်တဲ့ သမီးလေးအတွက် ကျွန်မတို့ ၀မ်းသာ ဂုဏ်ယူနေမိပါတယ်။
တောင်ပေါ်မှာပဲ ဘုန်းကြီးကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်းကူးကြတဲ့လမ်းကလေးတွေမှာ ဂျပန်လူမျိုးတွေလည်းထူးထူးခြားခြား အယူအဆလေးတွေရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။တစ်နေရာမှာ ရေကန်လေးနဲ့ ငွေအကြွေတွေကိုရေကန်ထဲကရေနဲ့ဆေးရင် ငွေတွေတိုးပွားလာမယ်ဆိုလို့ ရှိသမျှပိုက်ဆံလေးတွေထုတ်ပြီး စကာလေးနဲ့ရေဆေးဖြစ်ကြပါတယ်ရှင်။နောက်ပြီး ရှိရင်းစွဲအသက်ထက်ပိုငယ်အောင် သောက်ရတဲ့ Waka Mizu ဆိုတာကိုလည်း ကြုံတုန်းဝင်သောက်ဖြစ်ခဲ့ပါသေးတယ်။အသက်ပိုငယ်ချင်လို့တော့ မဟုတ်ပါဘူးရှင်။ကြုံလို့ သောက်ဖြစ်လိုက်တာပါ။
ရှေ့နှစ်ပေါင်း ၃၅၀ ကျော်က ထူးခြားလှတဲ့ ဂျပန်ရိုးရာ လက်ရာများပဲ ဖြစ်ပါတယ်ရှင်။
ဂျပန်မှာ ၄ ဂဏန်းဟာ မကောင်းဘူးလို့အယူရှိကြတဲ့အတွက် ဘုရားအ၀င်မုဒ်ဦးက ဒီတိုင်အဖြူ ၄တိုင်မှာ တိုင်တစ်တိုင်ကို ဇောက်ထိုး ထားထားတာဖြစ်ကြောင်း မီယဟရစံ က ရှင်းပြပေးပါတယ်ရှင်။
နောက်ဆုံးရောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ပထမ ကျောင်းလေးကျောင်းထက်ကို လှေခါးအထစ်ပေါင်း ၁၃၇ ခုတက်ပြီးမှရောက်သွားကြလို့ တောင်ပေါ်ဘုန်းကြီးကျောင်းရောက်တော့ ဗိုက်ကလည်းဆာ မောကလည်းမောနေကြပါပြီရှင်။ကျောင်းပေါ်ရောက်တာနဲ့ ဘုန်းကြီးကထိုင်ပြီးအနားယူကြဘို့နဲ့ လှေခါးထစ်ပေါင်း ၁၃၇ ခုတက်ခဲ့ကြရတာမို့ အေးအေးဆေးဆေးနားကြပါလို့ပြောပြတော့မှ ကိုယ်တက်လာခဲ့တဲ့လှေခါးထစ်က ၁၃၇ ခုရှိမှန်းသိလိုက်ရတာပါရှင်။ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေရောက်ရလို့ မောနေပေမယ့် အလွန်ပျော်နေခဲ့မိပါတယ်။
ဗုဒ္ဓုဘုရားကျောင်းဝင်းကြီးထဲမှာ နေရာတကာ ဘုရားဖူးများနဲ့ စည်ကားနေခဲ့ပြီး နိုင်ငံခြားသား ဘုရားဖူးများလည်း စည်ကားစွာလာရောက်ကြတာကို တွေ့ရှိခဲ့ရပါတယ်ရှင်။
တောင်ပေါ်ကနေ စီးကျလာတဲ့ တောင်ကျစမ်းရေလေးနဲ့ ဘုရားဖူးတွေအတွက် လက်ဆေးကန်လေးလုပ်ထားပေးပါတယ်ရှင်။
ဗုဒ္ဓရာဇ၀င်ထဲက မျောက်ပုံလေးတွေကိုပါတွေ့ရပါတယ်ရှင်။ဘုရားဝင်းကြီးထဲက အဆောက်အဦး အားလုံးလိုလိုဟာ သစ်သားတွေနဲ့ တည်ဆောက်ထားတာဖြစ်ကြောင်း ဘုန်းကြီးတစ်ပါးမှ ရှင်းပြပေးခဲ့ပါတယ်ရှင်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။
ဝါ၀ါခိုင်မင်း

0 comments:
Post a Comment