ဥပုသ်စောင့်ထိန်းပြီး သီချင်းနားထောင်ကောင်းသလား
ရဟန်းတော်များ သီချင်းနားထောင်တာ စသည်နဲ့ ပတ်သက်လို့ ၀ိနည်းမှာ “အာရာမေ အနာပတ္တိ”ဆိုပြီး ပြဆိုထားတာ ရှိပါတယ်။ ဆိုလိုတာက.. ကျောင်းအတွင်းမှာဖြစ်ရင်တော့... သာယာမှုကို ရှေရှုလိုလို့ မဟုတ်ပဲ.. ဓမ္မသံဝေဂစသည်နဲ့ ဆက်စပ်တဲ့ သီချင်း နားထောင်ရင် ရဟန်းတော်မှာ အပြစ် မဖြစ်ဘူးလို့ ဆိုလိုတာပါ။
အခု လူတွေအတွက် -၈ပါးသီလ၊ သို့မဟုတ် -၉-ပါးသီလယူပြီး သီချင်းနားထောင်၊ သီချင်းဆိုရင် သီလပျက်သလားဆိုတာနဲ့ ပတ်သက်လို့... ပါဠိ အဋ္ဌကထာမှာ လာတဲ့ စကားနဲ့ တင်ပြပေးပါမယ်။
ဒီဃနိကာယ်၊ သုတ်မဟာဝါ အဋ္ဌကထာမှာ ပြဆိုထားတာ ဖြစ်ပါတယ်။ အဋ္ဌကထာဆရာကြီးက ဘယ်လို ပြဆိုထားသလဲဆိုတော့...
“ယံ ပန အတ္ထနိဿိတံ ဓမ္မနိဿိတံ ကုမ္ဘဒါသီ ဂီတမ္ပိ သုဏန္တဿ ပသာဒေါ ၀ါ ဥပ္ပဇ္ဇတိ နိဗ္ဗိဒါ ၀ါ သဏ္ဍာတိ၊ ဧ၀ရူပေါ သဒ္ဒေါ သေ၀ိတဗ္ဗော” လို့ ပြဆိုထားပါတယ်။
အဓိပ္ပါယ်က... သီချင်း ဂီတသံဟာ “အထ္ထနိဿိတ”လို့ခေါ်တဲ့ “အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဖြစ်သော.. ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို ကြည်ညိုစိတ် ပိုများလာအောင် စပ်ဆိုထားတဲ့ ဂီတသံမျိုးနဲ့ လောကီကုသိုလ်၊ အကုသိုလ်ကံတို့ကြောင့် ရရှိမည့် ဆင်းရဲ့ ဒုက္ခ အကျိုးတို့ကို ကြောက်လန့် ရွံမုန်းလာအောင် စပ်ဆိုထားတဲ့ ဂီတသီချင်းသံမျိုးကို ဖြစ်စေ၊
“ဓမ္မနိဿိတ”လို့ခေါ်တဲ့ “အကျိုးကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ အရိယာမဂ်လေးပါးတို့တွင် ပြုလုပ်သင့်တာ အမြန်ပြုလုပ်ချင်လာအောင်၊ ရှောင်ကြဉ်သင့်တာကို အမြဲရှောင်ကြဉ်အောင် ရေးစပ် သီကုံးထားတဲ့ သီချင်းမျိုးဆိုလျှင် “အိုးထိန်းသည် (အိုးလုပ်သူ)”၏ ကျွန်မကပင် သီဆိုတဲ့ အသံ ဖြစ်ပါစေဦး နားထောင် ကောင်းပါတယ်လို့ ဆိုလိုတာပါ။ (ဥပမာ... ဆရာကြီး ဦးသုခဆိုထားတဲ့ “ဘ၀သံသရာ” သီချင်းလိုမျိုး၊ ဒေါ်ကြည်ကြည်ဌေး သီဆိုထားတဲ့ “ဗေဒါလမ်း” သီချင်းလိုမျိုး ဖြစ်မှာပါ။ (((မေမေ့လပြည့်ဝန်းလေးသည် ရှိတာကို ပြောတာပါ။ လိုချင်ရင်ပေးမယ်လေ)))
အဓိကမှတ်သားရမှာက... ဥပုသ်သတင်းစောင့်ထိန်းတဲ့ ဓမ္မမိတ်ဆွေများသည် ဥပုသ်သတင်းစောင့်ထိန်းပြီး သီချင်းနားထောင်တဲ့အခါ.. သာယာမှုဖက်တဲ့ /တဏှာ/တပ်မက်မှုမျိုးကို ဖြစ်စေတဲ့ သီချင်း မဖြစ်ရပါဘူး၊ သဒ္ဓါ(ဘုရား၊ တရား၊ သံဃာစသည့် ကောင်းတဲ့ဘက် သက်သက်ကိုသာ တက်ကြွမှု စိတ်ဓာတ် ဖြစ်စေရမည့် တေးဂီတမျိုးသာ ဖြစ်ရပါမယ်။
အခုခေတ် ခေတ်သီချင်းတွေဆိုရင်တော့ ဥပုသ်သတင်း စောင့်ပြီးရင် တစ်ပုဒ်မှကို နားမထောင်သင့်တဲ့၊ မသီဆိုသင့်တဲ့ သီချင်းတွေလို့ပဲ မှတ်သားရပါမယ်။
ဥပုသ်သတင်းဆိုတာ တစ်နေကုန်မစောင့်သုန်းနိုင်က... ကိုယ့်စိတ်နိုင်သည့် အချိန်ပိုင်းခြားဖြင့်လည်း ဥပုသ်သတင်းစောင့်သုန်းလို့ရပါတယ်။ အဲဒီတော့ ငယ်ရွာသူများ စိတ်အလိုလိုက်လိုက စိတ်ပိုင်းဖြတ်ပြီး စောင့်ထိန်းနိုင်ပါတယ်၊ စိတ်အလို မလိုက်ပဲ ဓမ္မအလို လိုက်လိုတဲ့ ငယ်ရွာသူများ တရားအလို လိုက်ကာ နေကုန် စောင့်သုန်းနိုင်ကြပါတယ်။
ဥပုသ်သီတင်း စောင့်ထိန်း သူများအတွက် နစ္စဂီတနှင့်စပ်သော စာတမ်းလေးကို တင်ပြလိုက်ပါတယ်။

0 comments:
Post a Comment