* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 29, 2009

“အစွဲဖြုတ်တရား”

ပါချုပ်ဆရာတော် ဟောကြားထားတဲ့ တရားတော်ဖြစ်ပါတယ်။ ဒီတရားတော်ကတော့ ၀ိပဿနာနဲ့ ပတ်သက်တဲ့ တရားတော် ဖြစ်ပါတယ်။ “အရှင်သာရိပုတ္တရာမထေမြတ်ကြီးက အနာထပိဏ်သူဌေးအား ဟောကြားထားတဲ့ တရားတော်ကို” အခြေခံကာ ဟောကြားထားတာ ဖြစ်ပါတယ်။

''အစွဲဖြုတ်''တရားလို့ဆိုတော့ လောကမှာရှိတဲ့ သတ္တဝါတွေက ဘာတွေကိုစွဲနေကြသလဲ၊ အစွဲ ဘယ်နှစ်မျိုးရှိတယ်ဆိုတာ လေ့လာကြရမယ်။ ဒီအစွဲဖြုတ်တရားကို ဘယ်သူဟောခဲ့တာတုန်းဆိုတော့ မြတ်စွာဘုရားရဲ့ အဂ္ဂသာဝက ပညာအရာမှာ ထူးခြားတဲ့ ''ရှင်သာရိပုတ္တရာ''ဟောခဲ့တဲ့တရားဖြစ်ပါတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်က ဇေတဝန်ကျောင်း ဒကာကြီး သူဌေးကြီး နောက်ဆုံးနေ့မှာ ဒီတရားကို ဟောပေးတဲ့အနေနဲ့ ဟောကြားခဲ့တာဖြစ်လို့ အင်မတန် ထူးခြားတဲ့ တရားတစ်ပုဒ်ပဲ။ ''အနာထပိဏ္ဍိက''ဆိုပြီး ဟောလို့ သြဝါဒပေးတဲ့အနေနဲ့ ဟောလို့ ''အစွဲဖြုတ်'' တရားတဲ့။ ဇေတဝန်ကျောင်းဒကာကြီး အနာတပိဏ် ဆိုတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့အားလုံး ကြားဖူးကြတဲ့ ကျောင်းဒကာကြီးရဲ့ ငယ်နာမည်ကို သိချင်မှ သိမယ်။ သူ့ကို ''အနာထပိဏ္ဍိက'' ''အနာတပိဏ်'' လို့ခေါ်ကြတယ်။
''အနာထပိဏ္ဍိက''လို့ ဘာလို့ခေါ်သလဲဆိုရင် ဗုဒ္ဓဘာသာဝင်မဖြစ်ခင် ပင်ကိုယ်စရိုက်ကိုက ''အလှူအတန်း ဝါသနာပါတယ်။ အလှူအတန်း ဝါသနာပါလို့ စားရမဲ့ သောက်ရမဲ့ နေ့စဉ်အမျှ ခိုကိုးရာမဲ့ ပုဂ္ဂိုလ်တွေ အလှူကြီးပေးနေတဲ့ စေတနာရှင်ကြီးလို့ အဓိပ္ပါယ်ရပါတယ်။ သူ့ငယ်နာမည်က ''သုဒတ္ထ'' သူ့ဆီမှာ ညီတစ်ယောက်ထဲရှိတယ်။ သူ့ညီရဲ့ နာမည် က ''သုဘူတိ''။ သူဘူတိဆိုတာ သာသနာတော်မှာ ဝင်ရောက်ပြီးတော့ အလွန်ထင်ရှားတဲ့ ရဟန္တာတစ်ပါး ဖြစ်တယ်။ အဲဒီတော့ အနာတပိဏ်သူဌေးကြီးဟာ ပင်ကိုယ်စရိုက်ကိုက အလှူအတန်းဝါသနာပါတာ ဖြစ်လို့ ဗုဒ္ဓမြတ်စွာ .... ဘယ်မှာတွေ့တုံး၊ သူနေတာက သာဝတ္ထိနေပြည်တော်မှာ နေတာ ဖြစ်သော်လည်းဘဲ၊ မြတ်စွာဘုရား ပထမဆုံးတွေ့တာကတော့ ရာဇဂြိုဟ်ပြည်။ ရာဇဂြိုဟ်သူဌေးက ရာဇဂြိုဟ်ရောက်နေတဲ့အချိန်မှာ မြတ်စွာဘုရားက ဆုံရ ကြုံရလို့ ဘုရားမမြင်ဘူးခင်ကတည်းက ဘယ်လောက်ကို ကြည်ညိုသလဲဆိုတော့ ''ဘုရား''ဆိုတဲ့ အသံကြားလိုက် ကတည်းက ညအိပ်မပျော်ဘူး၊ ဒီလောက်ထိအောင် သဒ္ဓါ စွမ်းအားထက်တယ်။ ညမှာ သုံးခါ မိုးလင်းတယ် ထင်ပြီးတော့ ညကြီးမှာ 'ထ'သတဲ့။ နံနက် မိုးသောက် အလင်းမရောက်ခင် မြတ်စွာဘုရားကို အာရုံပြုပြီးတော့ ဘုရား ...ဘုရား ....ဘုရား ဆိုပြီးတော့ မလင်းခင် 'လင်းတယ်' ထင်ပြီးတော့ အိပ်ယာကနေထပြီး၊ ဟို... အပြင်ထွက်သွားလိုက်တာ တကယ်တော့ မလင်းသေးဘူး။ မြို့ပြင်ရောက်သွားတဲ့အခါကျတော့ ထိုခေတ်ထိုအခါ ကာလက ညည့်နက်သန်းခေါင်မှာ ကွယ်လွန် အနိစ္စရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလောင်းတွေ ကို မမြှုပ်နှံနိုင်လို့ သင်္ချိုင်းမှာ ဒီအတိုင်းပစ်ထားတယ်။
သူကလည်း မိုးလင်းပြီထင်လို့ ထွက်သွားလိုက်တာ အဲဒီအလောင်းတွေနားရောက်တဲ့အခါကျတော့ သူ့ခန္ဓာကိုယ်က အလင်းရောင်ပျောက်သွားလို့ အနည်းငယ်ကြောက်စိတ်ကလေး ဝင်လာတယ်။ အဲဒီ အချိန်မှာ သူဟာ တွန့်သွားတယ်။ မိုးမလင်းသေးဘူးဆိုတာ သိတယ်။ သို့သော်လည်းပဲ အားပေးတဲ့စကားသံလေးတွေ ကြားလိုက်တယ်။ ''သူဌေးကြီး နောက်မဆုတ်နဲ့ ဆက်သွားဆက်သွား ဘုရားရှိတယ်''ဆိုပြီးတော့ ပြောဆိုသံကြီးကို ကြားလိုက်ရတယ်။ ဆက်သွားလိုက်တယ်။ မြတ်စွာဘုရားကလည်း အဲဒီမှာ သုဿန်ထဲမှာ သီတင်းသုံးနေတဲ့အချိန်၊ ဘုရား ကလည်း 'သုဒတ္ထ' ဆိုတဲ့ အနာတပိဏ်သူဌေးကြီး လာပြီဆိုတာသိလို့ ကျောင်းတော်ကဆင်းပြီးတော့ လမ်းလျှောက်နေတယ်။ အနာတပိဏ်သူဌေး ခပ်လှမ်းလှမ်း ရောက်တဲ့အခါ ကျတော့ ဟေ့'သုဒတ္ထ' ဒီကိုလာခဲ့ဆိုပြီး လှမ်းခေါ်လိုက် တယ်။ သုဒတ္ထ ဒီကိုလာခဲ့လို့ ခေါ်လိုက်တာ သူ့နာမည် ဘုရားမသိလောက်ဘူးလို့ထင်တယ်။ ဘယ်တုန်းကမှ တွေ့ဘူးတာ မဟုတ်ဘူး။ မြတ်စွာဘုရားက ငယ်နာမည် ခေါ်လိုက်တဲ့အခါမှာ သိပ်ဝမ်းသာသွားတယ်။ မြတ်စွာဘုရားထံ ချည်းကပ်ပြီးတော့ တရားဓမ္မနာယူရင်းကနေ 'သောတာပန်' ဖြစ်သွားပြီးနောက် မြတ်စွာဘုရားကို ပင့်ပြီး ဆွမ်းတွေဘာတွေကပ်ပြီး သာဝတ္ထိပြည်ကိုြ<ွကဖို့ ဆိုပြီးတော့ လျှောက်တယ်။ ချက်ချင်းပဲ သာဝတ္ထိပြည်ကို ပြန်သွားတဲ့အခါကျတော့ ဇေတမင်းသားရဲ့ ဥယျာဉ်ကြီးကို ဝယ်လိုက်တယ်။ ဥယျာဉ်ကြီးရဲ့ တန်ဘိုးဆိုတာ ဘယ်လောက်လို့ဆိုရင် ဥယျာဉ်ဟာ တန်ဖိုးသိပ်ကြီးတယ်။ ပသေနဒီကောသလမင်းရဲ့ သားတော် တပါးဖြစ်တဲ့ 'ဇေတ'မင်းသားပိုင်တဲ့ ဥယျာဉ်ကြီးကို ဝယ်ချင်တော့ ဇေတမင်းသားဆီသွားတော့ မင်းသားဥယျာဉ်ကြီး ကျွန်တော် ဝယ်ချင်တယ်။ 'တန်ဖိုးဖြတ်ပါ'လို့ ဆိုတော့ မင်းသားက မရောင်းချင်ဘူး။ မရောင်းချင်ဘူးဆိုတော့ တန်ဘိုးပြောတဲ့အနေနဲမဟုတ်ဘူး။ ဒီသူဌေး မဝယ်နိုင်လောက်ဘူးဆိုတဲ့ အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ဒင်္ဂါးတွေ အပြည့်ခင်းပြီး ဝယ်မယ်ဆိုရင်တော့ ငါရောင်းနိုင်မယ် လို့ပြောလိုက်တာ။ ငွေကြေးပမာဏနဲ့ ဆိုရင် မြေပြင်တခုလုံးကို သူပိုင်တဲ့ ဒင်္ဂါးတွေနဲ့ ခင်းပြီးတော့ ရေတွက်တာ ဘယ်လောက်ဆိုတာ ပြောလို့မရဘူး။ အဲလိုပြောလိုက်တဲ့အခါကျတော့ ဇေတမင်းသားဟာ မရောင်းချင်လို့ပြောတာ။ 'ကောင်းပြီ'ဆိုပြီးတော့ သူရှိတဲ့ ဒင်္ဂါးတွေနဲ့ ခင်းပြီးတော့ ဒါ တန်ဖိုးဖြတ်တာပဲလို့ ပြောတာနဲ့ မင်းသားက မဟုတ်ဘူး။ ဒါမဝယ်နိုင်အောင်လို့ပြောတာ။ အဲဒါ တရားရုံးကို ရောက်သတဲ့။ အဲဒီကိစ္စဟာ မင်းသားက တန်ဘိုးဖြတ်တာမဟုတ်ဘူး။ အနာတပိဏ်သူဌေးကြီးက တန်ဘိုးဖြတ်တာပဲ။ အဲဒီတန်ဘိုးနဲ့ စကားပြောပြီးသား ''စကားတည်ရမယ်''ဆိုပြီးတော့ သူ့ရှိနေတဲ့ ငွေတွေ ထုတ်ပြီးတော့ ဒင်္ဂါးတွေနဲ့ ခင်းလိုက်တာ။ ''၅၄ ကုဋေ'' ကုန်သွားတယ်။ အဲဒီ ၅၄ ကုဋေသော ငွေကြေးနဲ့ ဇေတဝန်ဥယျာဉ်ဆိုတာကြီးကို ဝယ်ပြီးတော့ ဆောက်တာ။ အဲဒီလို ဇေတဝန်ကျောင်းတော်ဆောက်တဲ့ အခါမှာ ဘုရားအစရှိတဲ့ သံဃာတော်တွေကို ဇေတဝန်ကျောင်းတော်သို့ ပင့်တယ်။ ပင့်ပြီးတော့ ဇေတဝန်ကျောင်းတော်ကြီးကို ရေစက်ချပြီးတော့ လှူဒါန်းခဲ့တယ်။ ဒါအနာတပိဏ်သူဌေးရဲ့ ဇာတ်လမ်းပေါ့။ ငယ်နာမည် 'သုဒတ္ထ'ဆိုတာ စားရမဲ့သောက်ရမဲ့ ပုဂ္ဂိုလ်တွေကို နေ့စဉ်နှင့်အမျှ ထမင်းကျွေးနေတယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့သူ့ကို အနာထပိဏ္ဍိကဿလို့ ခေါ်သွားတာ။ အဲဒီနာမည်နဲ့ပဲ ဗုဒ္ဓစာပေထဲမှာပဲ ''အနာထပိဏ္ဍိကဿ အာရာမေ''လို့ ဆိုတာ အနာထပိဏ် ဆိုပြီးတော့ မှတ်တမ်းတင်တာရှိပါတယ်။ အေးလေ အဲဒီ သူဌေးကြီးက ဇေတဝန်ကျောင်းတော် မြတ်စွာဘုရားသီတင်းသုံးနေတဲ့ အချိန်ဆိုရင် နေ့စဉ် နေ့တိုင်း သူဟာ တစ်နေ့ကို နှစ်ကြိမ်သွားတယ် ကျောင်းကိုနော်။ အဲဒီတော့ ကျောင်းဆောက်ပြီးတော့ ကျောင်းဒကာဟာ ဘုရားဆီသွားတယ်။ လက်ချည်း ဘယ်တော့မှ မသွားဘူး။ လှူစရာတစ်ခု ပါသွားတာ ချည်းပဲ။ အဲဒီလို နေ့စဉ်နဲ့အမျှ အိမ်မှာလည်းပဲ သံဃာတော်တွေကို အမြဲပင့်ပြီး အမြဲဆွမ်းကပ်တယ်။ မြတ်စွာဘုရားကိုတွေ့တဲ့အခါကျတော့လည်း အင်မတန်မှ ချစ်ကြောက်ရိုသေ သနားဂရုဏာစိတ်ကလည်း ပါသေးတယ်။ ဘုရားကို ကြည်ညိုရုံတင်မဟုတ်ဘူး။ ဇေတဝန်ကျောင်းရောက်တော့ မြတ်စွာဘုရားက တရားဟောနေရင်း မနားရမှာစိုးလို့ ပုစ္ဆာပြဿနာတွေ မမေးဘူး။ ဘုရားအပေါ်မှာ ငဲ့ညှာတယ်။ အဲဒီလို နေလာတဲ့ဒကာကြီးမို့ မြတ်စွာဘုရားကလည်း အနာတပိဏ် သူဌေးကြီးလာမယ်ဆိုရင် သူ့အတွက် တရားတစ်ပုဒ်ကို ဟောလိုက်တာပဲ။ ဒါကြောင့်မို့ အနာတပိဏ်သူဌေးကြီးနဲ့ ပတ်သက်ပြီးဟောထားတဲ့ သုတ္တန်တွေ အများကြီးရှိတယ်။ အဲဒီ အနာတပိဏ်က ဘယ်သူ့ကို ကြည်ညိုသတုန်းဘုရားမေးလို့ရှိရင် လက်ယာရံအရာမှာ ဧတဒဂ်ရတဲ့ ''ရှင်သာရိပုတ္တရာ''ကို ကြည်ညိုတယ်။ အရာရာမှာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ကြည်ညိုလို့ ရှင်သာရိပုတ္တရာကလည်း အင်မတန်မှ နာမည်ကြီး။ အဲဒီလိုနဲ့ မြတ်စွာဘုရားဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်နဲ့ တရားဟောလာရာ အဲဒီ ကျောင်းဒကာကြီး၏ ဝမ်းသာပီတိ ဘယ်လောက်ရှိသလဲ ဆိုရင် စဉ်းစားသာကြည့်ပေတော့ပေါ့။ မှန်ပါ့ဘုရား။ ဒီကျောင်းဒကာကြီးဟာ ''သောတာပန်'' ဖြစ်သွားပြီး တော့ ဓမ္မအမြင်နဲ့ကြည့်လို့ရှိရင် အင်မတန်မှ မှတ်သား စရာ ကောင်းတယ်။ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင်ပရိတ်သတ်တို့ မှတ်သားဖို့ရာ အနာတပိဏ် သူဌေးက ဓမ္မအမြင်ကောင်းခြင်း မင်္ဂလာပြောပြီးတော့ ဇေတဝန်ကျောင်းအသွား ပုရဗိုဇ်တွေ နေထိုင်တဲ့ အရပ်ထဲကို ဝင်သွား အနာတပိဏ်သူဌေးကြီးလာတော့ ဖိတ်ခေါ်ပြီးတော့ စကားပြောကြတယ်။ အနာတပိဏ် ''ဘာမေးသတုန်း'' ဆိုလို့ရှိရင် ''ကဲပြောစမ်းပါအုံး သူဌေးကြီး၊ ဂေါတမ မြတ်စွာဘုရားရဲ့ ''အယူဝါဒ''ကို ပြောပါအုံး''ဆိုလို့ရှိရင် အနာတပိဏ်သူဌေးကြီးက ဘယ်လိုပြောသလဲဆိုလို့ရှိရင် အရှင်ဘုရားတို့ မြတ်စွာဘုရားက ဘယ်အယူဝါဒရှိပါသလဲဆိုတာ ပြည့်ပြည့်စုံစုံ မသိပါဘူးတဲ့။ ဒါဖြင့် ဂေါတမ မြတ်စွာဘုရားရဲ့ အယူဝါဒမသိဘူး ဆိုလို့ရှိရင် ရဟန်းတွေရဲ့ အမြင်ဝါဒ ရောတဲ့။ ရဟန်းတွေရဲ့ အမြင်ဝါဒလည်း အကုန်လုံးဝ မသိပါဘူးလို့ဖြေတယ်။ ဒါဆို မင်းရဲ့ အယူဝါဒကို ပြောပါလို့ပြောတော့ ''အရှင်ဘုရားရဲ့ အယူဝါဒကို အရင်ပြောပါ''နောက်တော့ မိမိရဲ့ အယူဝါဒကို နောက်မှ ပြောပါ့မယ် ဆိုပြီး သူ့ဝါဒပြောပြတဲ့အခါ ဘယ်လိုပြောသတုန်းဆိုရင် ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အမြင်လို့ပြောရမှာပေါ့နော်။ ''ယံကိဉ္စိဘူတံ၊ သင်္ခတံ၊ ပဋိစ္စသမုပ္ပါဒါနံ ယဒတေသံ တံဒုက္ခံ၊ ယဒတ္တာနုမေသော အတ္တာ'' ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ ဓမ္မအမြင်တစ်ခုပေါ့။ လောကမှာ ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှ ''ယံကိဉ္စိဘူတံ'' ဖြစ်လာတဲ့ သဘာဝတရား၊ ''သင်္ခတံ'' အကြောင်းတရားတွေက စုပေါင်းထားလိုက်တာ ပဋိစ္စသမုပ္ပါဒါနံ-အကြောင်းတရား တွေကို စွဲပြီးတော့ ဖြစ်လာတဲ့အရာ၊ ဘာပဲဖြစ်ဖြစ် အကြောင်းမပါဘဲနဲ့ ဘာမှ မဖြစ်ဘူး။ အဲဒီ အကြောင်း တစ်ခုခုကို စွဲပြီးလို့ ဖြစ်လာရတဲ့ အကျိုးတရား မှန်သမျှ သည် ''အနိစ္စ'' ဘယ်တော့မှ မမြဲဘူး။ ဘယ်အရာမှ တည်မြဲတာ မရှိဘူး။ အားလုံးဟာ ထာဝရ ပြောင်းလဲနေတာဖြစ်တယ်။ အဲဒီ ထာဝရပြောင်းလဲနေတဲ့ အရာ မှန်သမျှဟာ ကျေနပ်စရာ မကောင်းတဲ့ ဒုက္ခပဲ။ အဲဒီ ကျေနပ်စရာမကောင်းတဲ့ ဒုက္ခဟာ ''ငါပိုင်တာလို့၊ ငါ့ဟာလို့'' ဒီလိုပြောလို့မရဘူးတဲ့။ ဘယ်သူကမှ ထိန်းချုပ်ထားလို့ မရတဲ့အတွက်ကြောင့် ''အနိစ္စဖြစ်''၊ ''ဒုက္ခဖြစ်''၊ ''အနတ္တဖြစ်'' အဲဒီသဘာဝတရားမှန်သမျှသည် ''နေတံ မမ'' ငါ့ဟာလည်းမဟုတ်ဘူး။ ''နေသော ဟမသ္မိ-ငါ့ဥစ္စာလည်းမဟုတ်ဘူး။ ''နမေသော အတ္ထာ'' ငါ့ရဲ့ အတ္တလည်းမဟုတ်ဘူး။ ဒါကျုပ်ရဲ့ အမြင် ဖြစ်ပါတယ်။ ဒါဗုဒ္ဓဘာသာတစ်ယောက်ရဲ့ အမြင်ကို ပြောတာ... (မှန်ပါ့ဘုရား)။ သူတော်စင် ပရိတ်သတ်တို့ ဗုဒ္ဓတရားစာကို ကြည့်ပြီးမြင်ရမှာ အကြောင်းတရားကို စပ်ပြီးဖြစ်ပေါ်လာတဲ့ သင်္ခါရတရား ပဋိစ္စသမုပ္ပါဒ အကြောင်းတစ်ခုကို စပ်ပြီးတော့ဖြစ်လာတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် သူ့ဘာသာသူ ဖြစ်ပြီးလာတာ မဟုတ်ဘူး။ အကြောင်းတစ်ခုစွဲပြီးတော့ ဖြစ်လာတာပါ။ ဘုန်းကြီးတို့ တတွေ ရထားတဲ့ ''ခန္ဓာကိုယ်ကအစ'' ရှိသမျှတွေအားလုံးဟာ ပတ်ဝန်းကျင် ''သင်္ခတ''ဆိုတာ အကြောင်းတရားတွေ ပေါင်းပြီး ဖန်တီးထားတာဆိုပါစို့၊ အလင်းရောင်လေး ရနေတယ်မဟုတ်လား။ အဲဒီ အလင်းရောင်လေးဟာ လျှပ်စစ်မီးရယ်၊ ဖန်ချောင်းရယ်၊ ဝါယာကြိုးရယ် အဲဒါတွေက စုပြီး ဖန်တီးထားလို့ အဲဒီ အလင်းရောင်လေးရှိတာ၊ လျှပ်စစ်မရှိဘူး၊ ဖန်ချောင်း မရှိဘူး၊ ဝါယာကြိုးမရှိဘူး၊ တစ်ခုခု မရှိရင်ဖြစ်မလား။ အလင်းရောင်ရှိသေးလား (မရှိပါဘုရား)။ အဲဒီတော့ အလင်းရောင်လေးဟာ ဘာကို မှီနေတာလည်းဆိုတော့ သေချာစဉ်းစားကြည့်ရင် ဖန်ချောင်းကြီးရယ်၊ ကြိုးရယ်၊ လျှပ်စစ်ရယ် မူတည်ပြီးတော့ ရှိနေတာ။ အဲဒါတွေမရှိရင် ဒီအလင်းရောင်လေးက ပျောက်သွားမယ်။ ''သင်္ခတံ'' အကြောင်းတရားကို စုပြီးတော့ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေ စုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတစ်ရပ်။ ဒါ့ကြောင့်မို့ ''ယံကိဉ္စိ ဘူတံ သင်္ခတံ ပဋိစ္စသမုပ္ပါဒါနံ ယဒတေသံ'' အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ပြုလုပ်ထားတဲ့ အကြောင်းတရားပါ။ ပဋိစ္စသမုပ္ပါဒါနံ အကြောင်းကိုစွဲပြီး ဖြစ်လာတဲ့ တရားမှန်သမျှဟာ အနိစ္စံ ဘယ်တော့မှ မမြဲဘူး၊ မြဲတယ်ဆိုတာမရှိဘူး (မှန်လှပါဘုရား)။ အဲဒီမမြဲတဲ့ တရားဟာ ကျေနပ်စရာ မကောင်းတဲ့တရားတော်၊ မမြဲလို့ ဒုက္ခလို့ပြောတာ၊ ဖြစ်ပြီးလို့ ငြိမ်နေတာ မဟုတ်ဘူး။ ဖြစ်ပြီးတော့ ပြောင်းလဲနေတာ ... ဒုက္ခဟာ လည်း ကိုယ်ပိုင်တဲ့အရာ မဟုတ်ဘူး။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သဘာဝတရားက ဘာကိုစွဲလမ်းနေသတုံး ဆိုရင် ''နေတံ မမ'' ငါ့ဟာပဲ၊ ''နေသောဟံမသ္မိ'' ငါပဲလို့၊ ဓမ္မရဲ့ မခိုင်မြဲတဲ့ တရား၊ မမြဲတဲ့ တရားမှန်သမျှ၊ ဒုက္ခဖြစ်တဲ့အရာမှန်သမျှ အမြင်တွေဟာ ဒုက္ခရဲ့ အမြင် တွေပါပဲ။ အကြောင်းတရားကို စွဲပြီးတော့ ဖြစ်နေတာ။ ဘယ်အရာပဲဖြစ်ဖြစ် သူ့ဖါသာသူဖြစ်နေတာ မဟုတ်ဘူး။ အဲဒါ အကြောင်းတရားကို စွဲပြီးဖြစ်လာတာ။ အကြောင်းအရာမှန်သမျှ မမြဲဘူး။ အဲဒါ ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု စွဲလို့ မဖြစ်ဘူး။ အဲဒါ ''အဆင့်မြင့်တဲ့ ဓမ္မအမြင်''၊မှန်လှပါဘုရား။ အနာတပိဏ်သူဌေးကြီးဟာ ''သောတာပန်''ဘဝနဲ့ သာသနာတော်မှာ အလွန် အားကိုးရတဲ့ ဗုဒ္ဓသာသနာတော်လက်ထက်မှာ နောက် ဆုံးတော့ အသက်အရွယ်ကြီးပြီး၊ နေမကောင်းဖြစ်ပြီး၊ နောက်ဆုံးနေ့ ရောက်လာတဲ့ အခါမှာတော့ လူ တစ်ယောက်ကို လွှတ်ပြီးတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်။ အနာတပိဏ်သူဌေးကြီးဟာ မကျန်းမမာဖြစ်နေပါတယ်ဘုရား။ မြတ်စွာဘုရားကို အဝေးကနေပြီးတော့ 'ကန်တော့ပါတယ်'။ ရှင်သာရိ ပုတ္တရာမထေရ်မြတ်ကို သူ့အား သနားငဲ့ညှာတဲ့အနေနဲ့ အိမ်ကို ကြွခဲ့ပါအုံးဟု လျှောက်ထားတယ်။ ရှင်သာရိပုတ္တရာဟာ အင်မတန်ကြည်ညိုတဲ့ မြတ်စွာဘုရားကို ပင်ပန်းမှာစိုးတယ်။ အဲဒီတော့ မြတ်စွာဘုရားကို ကြွခဲ့ပါအုံးလို့ မလျှောက်ထားဘဲ အနာတပိဏ်သူဌေးကြီး မကျန်းမမာဖြစ်နေတယ်။ အဲဒီတော့ ရှင်သာရိပုတ္တရာဟာ ရှင်အာနန္ဒာကို အနား ခေါ်ပြီးတော့ ကြွတယ်။ အနာတပိဏ်သူဌေးဆီရောက်တော့ 'အရှင်ဘုရား ဘယ်နေရာမှ မသက်သာဘူး။ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ခေါင်းကြီးကလဲ တင်းကြပ်ပြီးတော့နေတယ်။ ဗိုက်ကြီးကလည်း အောင့်နေတယ်။ အဲဒီပြင်းထန်တဲ့ ဝေဒနာ ခံစားရတယ်။ လျော့ပြီးမသွားဘူး၊ တိုးတိုးလာတယ်ဘုရား။ အဲဒါကြောင့် တစ်နေ့တစ်ခြား ရွတ်ဖတ်ပြီး နေပါတယ်ဘုရား' လို့ လျှောက်တဲ့အခါကျတော့ ရှင်သာရိပုတ္တရာက အဲဒီ 'အစွဲဖြုတ်'တရားကို မြတ်စွာဘုရား ကိုယ်စားဟောတာ (မှန်လှပါဘုရား)။ အဲဒီ 'အစွဲဖြုတ်'တရားဆိုတာ ဘုန်းကြီးတို့ ဘာတွေစွဲနေတာတုန်း။ စဉ်းစားကြည့် ကြပါဦး။ အစွဲ (၃)မျိုးရှိတယ်။ ဘာတွေ စွဲနေကြသလဲ ဆိုတော့ 'တဏှာ ဂါဟ' -တဏှာစွဲ။ တဏှာစွဲဆိုတာ ဘယ်လိုစွဲသလဲဆိုရင် ''ဧတံ မမ-ဒါငါ့ဟာပဲ''လို့ အရာရာကို ငါ့ဟာပဲလို့ သိမ်းပိုက်တာ 'တဏှာစွဲ'လို့ ခေါ်တယ်။ ဆိုလိုချင်တာက မျက်စိက စွဲလိုက်တဲ့ အာရုံ၊ နှာခေါင်းက နံလိုက်တဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူတဲ့ အာရုံတွေ။ လျှာက အရသာအာရုံ၊ ကိုယ်ကထိရတဲ့ အထိအတွေ့အာရုံ တွေကို 'ငါ့ဟာ'၊ အဲဒါ 'တဏှာစွဲ'လို့ ခေါ်တယ်။ ငါ့ဟာ၊ ငါ့ခေါင်း၊ ငါ့လက်၊ ငါ့ခြေလို့ မစွဲဘူးလား။ ငါ့ပစ္စည်း၊ ငါ့ကား၊ ငါ့ဥစ္စာ စသည်ဖြင့် တဏှာနဲ့ သိမ်းပိုက်ထားတာ...နော်၊ အဲဒီ ငါပိုင်တယ်လို့ စွဲတာမှန်သမျှဟာ တဏှာစွဲ၊ တဏှာက ဘယ်အရာပဲ ကြည့်ကြည့် အင်မတန်ခြားနားတယ်။ မြတ်စွာဘုရားက 'ငါ့ဟာလို့ မမြင်နဲ့တဲ့'။ ''ရူပံ ဘိက္ခဝေ .. ရုပ်တရားသည် ငါ့ဟာမဟုတ်ပါ၊ ဘိက္ခဝေ-ချစ်သား ရဟန်းတို့ ဘယ်ဟာမှ သင့်ဟာ မဟုတ်ဘူး''တဲ့။ ကိုယ့် ဟာလို့ မထင်နဲ့၊ အဲလို ဘုရားဟောတဲ့အထဲမှာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။ မျက်စိဆိုလည်း ငါ့မျက်စိလို့ မထင်နဲ့။ နားကလည်း ငါ့နားလို့ မထင်နဲ့။ ငါ့လျှာ ပြောရုံတင်မဟုတ်ဘူး၊ တကယ်လည်းပဲ ယုံကြည်နေတယ်။ မြတ်စွာဘုရားက အဲဒီအစွဲကြီးကို ဖြုတ်ပစ်ရမယ် ငါဆိုပြီး တဏှာက အရာရာကို သိမ်းပိုက်ပြီးတော့ စွဲလမ်းတဲ့ဟာက 'တဏှာဂါဟ'၊ နောက်တခါ 'မာနဂါဟ' ဆိုတာ မာနဆိုတဲ့ သဘောတရားက 'တဏှာ'ကို အခြေခံပြီးတော့ ဖြစ်တာ။ သူကလဲ တဏှာနဲ့ ယှဉ်တွဲတဲ့သဘာဝတရား။ စွဲနေတဲ့နေရာမှာ အရည်အချင်းကို သွားပြီးတော့ ဦးတည်ထားတယ်။ အရည်အချင်းကို ဦးတည်ထားသည့်အတွက် 'ဧသော မမ-ဒါငါပဲ'လို့ ဒီလိုတွေးတတ်လာတယ်။ 'မာန'ဆိုတဲ့ သဘောလေးထဲမှာ ကိုယ်ကိုကိုယ်ထင်နေတယ်။ အရည်အသွေးဆိုတဲ့ နေရာမှာ ကောင်းရင်လည်း၊ ကောင်းတဲ့ အရည်အသွေးပေါ်မှာ ဦးတည်ထားတယ်။ ညံ့ရင်လည်း၊ ညံ့တဲ့ အပေါ်မှာပဲ။ 'မာန'ဆိုတာ လူတိုင်းလူတိုင်းမှာရှိတယ်။ တစ်ချို့'မာန'မရှိဘူးလို့ထင်တာ။ မဟုတ်ဘူး။ 'ငါ'လို့ထင်နေတဲ့ အချိန်လေးကိုက 'မာန'ပေါ်တယ်။ တစ်ချို့ 'မာန'က တရားထူးတရားမြတ် မရလောက်အောင် 'မာန'ဖြစ်တယ်။ ကိုယ့်ရဲ့ အရည်အချင်းတစ်ခု စွဲလမ်းနေရင်... ဆိုပါစို့ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးဟာ သာသနာတော်ကို ဝင်လာပြီးတော့ ပထမဝါတွင်းမှာ 'ဒိဗ္ဗစက္ခုအဘိညာဉ်' ရတယ်။ သူ့စိတ်ထဲမှာ ဒိဗ္ဗစက္ခုအဘိညာဉ်လို အဆင့်မြင့်တဲ့ တရားမို့လို့ 'ရဟန္တာ'ဖြစ်ဖို့အတွက် မခဲယဉ်းလောက်ဘူးဟု တွက်ထားတာ။ သို့သော် ကြိုးစားအားထုတ်ရင်း ရဟန်းကိစ္စမပြီးဘူး။ ကိလေသာတွေ မကုန်ဘူး။ မကုန်တော့ လမ်းစပျောက်နေလို့ ဆက်ပြီးတော့ အရှင်အနုရုဒ္ဓါမထေရ်ဟာ ရှင်သာရိပုတ္တရာမထေရ်ထံသို့ သွားလျှောက်တယ်။ ''အရှင်ဘုရားတဲ့ 'ဒိဗ္ဗစက္ခု'ဖြင့် စကြာဝဠာတစ်ထောင်ကို တစ်ထိုင်ထဲနဲ့ ကြည့်နိုင်ပါတယ်။ ဒါသူ့ရဲ့ quality- အရည်အချင်းလို့ပြောတယ်။ သူ့ရဲ့ သမာဓိစွမ်းအားက ဒိဗ္ဗစက္ခုအဘိညာဉ်ဟာ တထိုင်တည်းနဲ့ စကြာဝဠာ တစ်ထောင်ကို ဒိဗ္ဗစက္ခုလို့ ကြည့်လို့ရတယ်။ အဲဒီလို စွမ်းရည်သတ္တိရှိရဲ့သားနဲ့ တပည့်တော် 'ရဟန္တာ' ဘာဖြစ်လို့ မဖြစ်တာလဲဆိုတော့ ရှင်သာရိပုတ္တရာ မထေရ်က ထောက်ပြလိုက်တယ်။ ''ငါ့ရှင် အနုရုဒ္ဓါ... စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်လို့ ဒီအရည်အချင်းပေါ်မှာ အထင်ရောက်နေတာဟာ ငါ့ရှင် ဒါမာနပဲ၊ အဲဒီမာနရှိနေသမျှ ငါ့ရှင်တရားထူးမရနိုင်ဘူး'' မာနက ခံနေတာ၊ စဉ်းစားကြည့်နော်၊ ဒါ သူတကယ် စွမ်းနိုင်တဲ့အရာကို ပြောတာ၊ ဒါမျိုးကို 'ယထာဝ မာန' လို့ခေါ်တယ်။ ဟုတ်မှန်တဲ့အတိုင်း ဖြစ်တာ။ ဒါ့ကြောင့်မို့လို့ တရားအားထုတ်တဲ့နေရာမှာ သတိထားဖို့ပြောတာနော်၊ တစ်နေ့တစ်နေ့ ရိပ်သာသွားနေတယ်။ တရားအားထုတ်တဲ့အခါကျတော့ သမာဓိကောင်းနေတယ်၊ ကိုယ်ရဲ့သမာဓိအပေါ်မှာ ကောင်းလိုက်တာလို့ မှတ်ဉာဏ်ကလည်း ကောင်းလိုက်တာလို့ ထင်သွားရင် အဲဒါ မှားတယ်။ မာနဖြစ်နေလို့၊ မာန မှီနေတယ်လို့ ပြောရမယ်။ သာမန်ကြည့်ရင် မာနလို့တောင် မထင်ရဘူး။ ဥပမာလေးတစ်ခု စဉ်းစားကြည့်။ မြူမှုန်လေးတွေကို လက်ဖဝါးထဲတင်ရင် သိပ်မထူးခြားဘူး။ မျက်လုံးထဲ ထည့်ကြည့်စမ်းပါ။ ဘာဖြစ်လဲ။ မျက်လုံးမှာနော် ပေကလပ် ပေကလပ်နဲ့ မျက်ရည်တွေ ထွက်လာမှာနော်၊ ကျန်တဲ့နေရာ ဘာမှမဖြစ်ဘူး။ မျက်လုံကျတော့ ဒုက္ခပေးတယ်။ ထို့အတူပဲတဲ့ အရှင်အနုရုဒ္ဓါရဲ့ 'မာန'ဟာ သာမန်ကြည့်တော့ ဘာမှမဖြစ်ဘူး။ 'မာန'ရှိတယ်လို့တောင်မထင်ရဘူး။ တရားထူး တရားမြတ်ရဖို့ဆိုတာ အင်မတန်မှ အဆင့်မြင့်လာတယ်နော်။ အဲဒါကြောင့်မို့လို့ ဒီ'မာန'သည် အင်မတန် သိမ်မွေ့တဲ့မာနပဲ ဖြစ်ဖြစ်၊ 'မာန'ရှိနေတဲ့အတွက်၊ မာနကို မဖယ်ရှားနိုင်သေးသမျှ ကာလပတ်လုံး တရားထူးတရားမြတ်တွေ မရနိုင်တော့ ဘူး၊ ''မျက်လုံးထဲက မြူမှုန်လေး''လိုပဲ၊ ခိုးလိုးခုလု ဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်။ အဲဒါနော် အင်း... အရှင်အနုရုဒ္ဓါကို ထောက်ပြလိုက်တဲ့အခါ အဲဒီအတွေးတွေ ဖျောက်လိုက်တော့မှ လမ်းကြောင်းတည့်ပြီး တကယ်'ရဟန္တာ' ဖြစ်သွားတယ်။ ဒါမှ မဟုတ်ရင် ''ရဟန္တာ''မဖြစ်နိုင်ဘူး။ အဲဒီမာနလေးကို သူစွန့်လွှတ်လိုက်တာနော်။ အဲဒီမာနဆိုတာ အဲဒီအရည်အသွေးတစ်ခုအပေါ်မှာ သွားပြီးတော့ အထင်ရောက်နေတဲ့ တရား။ သူကလည်း လောဘ ယှဉ်တွဲပြီးတော့မှ ဖြစ်တာပါနော်။ 'မာန'ဆိုတာ တခါတလေကျတော့ သူများထက်သာတယ်လို့ ထင်တာလည်း 'မာန'ပဲ။ သူနဲ့ကိုယ်နဲ့ အတူတူပါဘဲ ဆို လည်း မာနပဲ။ ဒီလိုယူဆတာလည်း 'မာန'ပဲ။ ငါတော့ သူ့ထက်နိမ့်ကျတယ်လို့ ဒီလိုတွေးတာလည်း'မာန'ပဲ။

ဆက်လက် တင်ပေးပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP