အပိုင်း (၇) မုသားသစ္စာ မဆိုကောင်း
အပိုင်း (၇) မုသားသစ္စာ မဆိုကောင်း
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၌ မိဖုရားအများရှိ၍ တစ်ပါးသောမိဖုရားသည် ရုပ်အဆင်းအလွန်းလှပပြီး အခြားသော မိဖုရားများထက် ထူးကဲစွာထင်ပေါ်လျက်ရှိ၏။ လှပချောမောလွန်းသဖြင့် အများကလည်း ချစ်ခင်နှစ်သက်ကြ၏။
မင်းကြီးကိုယ်၌ကလည်း ထူးကဲစွာချစ်ခင်နှစ်သက်တော်မူ၍ အခွင့်အရေးပေး၏။ ချစ်ခင်နှစ်သက်သူ များသည့်အလျောက် မိဖုရားချောသည် မျက်နှာများ၍လည်းနေတတ်၏။ ၎င်းကို မင်းကြီးကမနှစ်သက်သဖြင့် အများနှင့်မရောရန်၊ မိမိဂုဏ်သိက္ခာကို ထိန်း၍ ဣနြေ္ဒဖြင့်နေရန် များစွာသတိပေးသော်လည်း ပေါ့ပေါ့နေမြဲနေလာသောအခါ မင်းကြီးမှ အမျက်ထွက်၍ ဒေါမာန်နှင့် ဆုံးမသတိပေး၏။ မိဖုရားချောသည် မင်းကြီးက အန္တရာယ်ပြုမည်ကို ကြောက်ရွံ၍ မင်းကြီးရှေ့၌ မုသားသစ္စာဆိုလေသည်။ မိမိသည် မည်သူ့ကိုမျှ ဖောက်ပြန်မှားယွင်းသော စိတ်မရှိပါကြောင်း၊ အကယ်၍ မှားယွင်းမှုရှိခဲ့ပါက တော၌အဖော်မဲ့ကျက်စားနေရသော ဘီလူးမကြီးဖြစ်ပါစေသားဟု မင်းကြီးရှေ့မှောက်တွင် မုသားသစ္စာဆိုလေသည်။
ထိုမိဖုရား သေလွန်သောအခါ မိမိဆိုခဲ့သောသစ္စာအမှားကြောင့် တောအုပ်ကြီးတစ်ခုတွင် တစ်ဦးတည်နေထိုင် ကျက်စားရသော ဘီလူးမကြီး ဖြစ်၍နေရလေသည်။ ဘီလူးမသည် မိမိပိုင်နက်တောအုပ်အတွင်း ရောက်လာကြသော လူသူသတ္တ၀ါတို့ကို ဖမ်းစား၍ အသက်မွေးဝမ်းကျောင်းရလေသည်။
တစ်နေ့သော် ထိုတောအုပ်ကိုဖြတ်၍ ကူးသန်းသွားလာရောင်းဝယ်ရန် သူဌေးသားတစ်ဦးနှင့် တပည့်များစွာတို့သည် ရောက်လာကြ၏။ ဘီလူးမသည် မိမိဝမ်းစာ ရှာထွက်ခိုက်နှင့် ကြုံ၍ သူဌေးသားနှင့် တပည့်များရှိရာသို့ အသံကြီးစွာ အော်ဟစ်ရောက်ရှိလာလေလျှင် တပည့်တို့သည် အထူးတုန်လှုပ် ကြောက်ရွံကာ သူဌေးသားအား ချန်လှပ်၍ ထွက်ပြေး လွတ်မြောက်ကြကုန်၏။ တစ်ဦးတည်း ကျန်ရစ်သော သူဌေးသားကို ၀မ်းစာအလို့ငှာ အတင်းဆွဲယူ ကျောပေါ်တင်၍ မိမိနေထိုင်ရာ ဂူအတွင်းသို့ ယူလာ၏။ ထိုအခါ သူဌေးသားဟူသော အဖိုဓာတ်နှင့် ဘီလူးမဟူသော အမဓာတ်တို့သည် ကျောပေါ်တင်၍ ယူသယ်လာသော အတွေ့အထိ ပွတ်သပ်မှုတို့ကြောင့် ဘီလူးမသည် ဂူအတွင်းရောက်သောအခါ စားရန်သယ်လာသော လူသားကို မစားတော့ဘဲ လင်အဖြစ် ပေါင်းသင်းရန် စိတ်ရာဂတို့၏ အလိုဆန္ဒအတိုင်း အကြင်လင်မယားအဖြစ် ပေါင်းသင်း၍ နေလိုက်တော့၏။
လူသားသူဌေးသားစားရန် အစာ အာဟာရတို့ကိုလည်း မိမိကိုယ်တိုင် တောမှ သစ်သီးသစ်ဥများကိုလည်းကောင်း၊ သားငါးတိရိစ္ဆာန်များကိုလည်းကောင်း၊ ရှာကြံဖမ်းယူသတ်ဖြတ်၍ ကျွေးမွေးလေ၏။
ထိုမှအချိန်ကြာလာသော် သားရတနာတစ်ဦးပင် ရလာကြတော့၏။ လူသားအဖနှစ်ယောက်တို့သည် နေ့စဉ် တောနက်လိုင်ဂူထဲ၌ နေနေရပြီး ဘီလူးမသည် အပြင်မှ စားစရာတို့ကို ရှာဖွေ၍သာ သားရတနာနှင့် လင်သား လူသားနှစ်ယောက်ကို နေစဉ်မမောနိုင်၊ မပန်းနိုင် ကျွေးရှာလေ၏။ သားလူသားသည် အချိန်တန်လူလားမြောက်လာသောအခါ မိခင်နှင့်ဖခင်တို့၏ အခြေအနေကို သိရှိလာလေသော် ဖခင်အား အမေဘီလူးမကြီးမသိအောင် လူတို့၏နေရာ မြို့ရွာများသို့သွား၍ လူသားများကဲ့သို့ လုပ်ကိုင်စားသောက်နေကြရန် တိုက်တွန်း၏။ ဖခင်သည်လည်း နေ့စဉ်ဘီလူးမ၏ လုပ်ကျွေးမှုကို စားသုံးကာ အကုသိုလ်အလုပ်ဖြင့်သာ နေရသည်ကို များစွာ စက်ဆုပ်လျက်ရှိ၏။ သို့သော် ဘီလူးမ၏ လွှမ်းမိုးမှုအရိပ်အောက်မှ လွတ်ထွက်ရန်မလွယ်ကူကြောင်းလည်း နားလည်၏။
ထိုမှ သားသည် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ဘ၀၏ ပါရမီတိုက်တွန်းနှိုးဆော်ချက်တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မိခင်အား ကောင်းစွာခွင့်ပန်၍ သားနှင့်အဖဖြစ်သူတို့ကို မြို့တက် လုပ်ကိုင်စားသောက်ခွင့်ပြုရန် တောင်းပန်လေ၏။ သို့သော် မိခင်ဘီလူးမသည် သားနှင့်ခင်ပွန်းတည်းဟူသော သံယောဇဉ်တို့ ချည်နှောင်လာပြီဖြစ်၍ အသက်ရှင်လျက် မခွဲခွာနိုင်တော့ပေ။ သို့ဖြစ်၍ သားငယ်သည် မိခင်၏ခွင့်ပြုချက်မရသော်လည်း ဤအတိုင်းပင် ဆက်၍နေသွားရမည်ဆိုပါက မိခင်ကိုလည်း မည်သို့မျှ ကောင်းကျိုးမပြုနိုင်သည့်အပြင် လူသားဖြစ်ကြသော ဖခင်နှင့် မိမိတို့သည်ပါ အကုသိုလ်ဝဋ္ဋ်ဒုက္ခဆင်းရဲတွင် နစ်မွန်းပြီး ဘ၀ဆုံးရှုံးရတော့မည်ကို ဉာဏ်ဖြင့်ချင့်ချိန်သိရှိကာ ဖခင်အား မိခင်မသိခိုက် အနီးနားရှိ ချောင်းစပ်သို့အရောက် ထွက်ပြေးကြရန်၊ ထိုချောင်းစပ်သည် မိခင်၏ အပိုင်နယ်ခြားဖြစ်၍ ၎င်းမှကျော်လွန်ကာ မိခင်မလိုက်လာနိုင်ကြောင်း၊ ၎င်းနေရာကို ကျော်လွန်ကာ ရွာသို့ရောက်မှသာ မိခင်အတွက် ကောင်းမြတ်သော ဘ၀သို့ ရောက်ရာရောက်ကြောင်း ကုသိုလ်တရားများ ရှာကြံပေးကြမည်ဟု ဆုံးဖြတ်၍ ဖခင်အား ခေါ်ဆောင်ကာ ထွက်ပြေးကြလေ၏။
ဘီလူးမသိသောအခါ သား၊ ခင်ပွန်းတည်းဟူသော ကြီးမားလှသည့် သံယောဇဉ်အနှောင်အဖွဲ့မှ မည်သို့မျှလွတ်မရုန်းနိုင်သည်ဖြစ်၍ ချက်ခြင်းခြေရာခံလိုက်သော် နယ်ခြားချောင်းစပ်အလယ်သို့ ရောက်နေကြပြီဖြစ်သော သားနှင့် ခင်ပွန်းအား မှီလေ၏။ ထိုအခါ ဘီလူးမက ကြီးစွာသော ချစ်ခြင်းနှောင်ကြိုးတို့ဖြင့် တား၍မရတော့ပါက ချောင်းလယ်မှ နားထောင်ပါ။ သားတို့ မြို့ရောက်ပါက သူတစ်ပါးနည်းတူ မျက်နှာမငယ်ရဘဲ လုပ်ကိုင်စားသောက်နိုင်ရန် မိခင် ဂါထာတစ်ပုဒ် သင်ပေးလိုက်မည်။ ထိုဂါထာကို အားကိုးအသုံးချ၍ သားတို့လုပ်ကိုင်စားသောက်ကြပါဟု ဆိုလေသည်။ သားအဖနှစ်ယောက်သည် ချောင်းလယ်မှနေကာ မိခင် ဘီလူးမကြီးသည် ချောင်းစပ်မှ ဂါထာကို သင်ပေး၍အပြီးတွင် ဘီလူးမသည် သားဇောတည်းဟူသော စိတ်တို့ဖြင့် ရင်ကွဲနာကျ၍ ဘ၀ဆုံးရလေ၏။ သားသည်လည်း ကောင်းစွာဦးချကန်တော့ကြပြီး ကျေးဇူးရှင် မိခင်ဘီလူးမ၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ်၍ အမျှအတန်းပေးဝေကြလေသည်။
လူသား သားအဖနှစ်ယောက်တို့သည် မိမိတို့ ရည်မှန်းချက်အတိုင်း မြို့တက်လုပ်ကိုင်စားသောက်ကြမည်။ မိခင်အတွက် ကောင်းမှုကုသိုလ်များကို အခွင့်ရက ပြုလုပ်ကြမည်ဟူသော ဖြူစင်သောစိတ်ထားဖြင့် မြို့တက်၍ နန်းတော်သို့ဝင်ကာ မိမိတို့ သင်ယူခဲ့သော မိခင်၏စေတနာ ဂါထာဖြင့် အမှုထမ်းရန် ဘုရင့်ထံလျှောက်ထားကြလေ၏။ ၎င်းသားအဖနှစ်ယောက်သည် မိခင်ထံမှ သင်ယူရရှိခဲ့သောဂါထာ၏ အစွမ်းမှာ ဤဂါထာကိုရွတ်ဆိုလိုက်ပါက သူခိုးကို ခြေရာခံ၍ တွေ့နိုင်သောတန်ခိုးရှိလေသည်။ သူခိုးရှာပေးနိုင်သည့် အသိဉာဏ်ရ ဂါထာဖြစ်၏။
ဘုရင်မင်းမြတ်မှ သူခိုးရှာပေးနိုင်သော အသိဉာဏ်ရှိသည်ဆို၍ တစ်ချိန်တော့ နန်းတော်တွင် အသုံးပြုနိုင်ပေလိမ့်မည်ဟု စဉ်းစားကာ အကြံပေးပုဂ္ဂိုလ်များနှင့် တိုင်ပင်၍ ၎င်းသားအဖနှစ်ယောက်အား ရိက္ခာအပြည့်အစုံ ထောက်ပံ့လျက် နန်းတော်တွင်းဝယ် အိမ်တဆောင် မီးတပြောင်ဖြင့် ခမ်းခမ်းနားနား ထားပေးလေသည်။ ဤကဲ့သို့ ရက်မှလ၊ လမှနှစ် စသည်ဖြင့် အချိန်ကြာမြင့်လာခဲ့သော်လည်း နန်းတော်တွင်းသူခိုးဟူ၍ လုံးဝ မပေါ်ပေါက်လေသောအခါ မင်း၏အကြံပေး မူးမတ်တို့သည် ဤသားအဖအား ယခုကဲ့သို့ ခမ်းနားသော စည်းစိမ်ဥစ္စာတို့ ပေးကမ်းထောက်ပံ့ထားသည်ကို မနာလိုဝန်တိုမှု ဖြစ်လာပြီး ဘုရင်မင်းမြတ်အား တင်ပြကြ၏။
ဘုရင်မင်းမြတ်ကိုယ်၌်ကလည်း ယခုကဲ့သို့ နှစ်လကြာရှည်စွာ အလုပ်မရှိဘဲ ထောက်ပံ့ပေးနေရသည်ကို မနှစ်သက်ဖြစ်ကာ အကြံပေးများနှင့် တိုင်ပင်ကာ မည်သို့ ပြုလုပ်ပါက ကောင်းမည်နည်းဟု တိုင်ပင်ဆွေးနွေးလေ၏။ အကြံပေးမှုးမတ်တို့မှာ မူလကလည်း မနာလိုဖြစ်နေသည်ကတစ်ကြောင်းမို့ ဘုရင်အား ဂုံးတိုက်စကားဆိုကာ ဘီးထည့်လိမ့်စေ၏။ နန်းတော်တွင်းလူကောင်းများသာ နေကြပြီး အစောင့်များလည်း အပြည့်ရှိကြ၍ သူခိုးခိုးမှု မဖြစ်နိုင်သောကြောင့် ၎င်းသားအဖအား ထောက်ပံ့မှုအဆောင်ယောင်များ ရပ်ဆိုင်းရန် အကြံပေးလေ၏။ အကြောင်းပြချက်မရှိဘဲနှင့် ရပ်ဆိုင်းရန်မှာ မသင့်လျော်သဖြင့် ဘုရင်နှင့် အကြံပေးမှုးမတ်နှစ်ဦးတို့ တိုင်ပင်ကြပြီးနောက် ညတညတွင် ဘုရင်နှင့် မှုးမတ်တို့သည် နန်းတော်ဘဏ္ဍာတိုက်မှ ရတနာတစ်ထုပ်ကိုယူကာ မနီးမဝေးတစ်နေရာရှိ ရေအိုင်တွင်း ရွှံနွံထဲသို့နှစ်၍ ၀ှက်ထားကြ၏။
နောက်တစ်နေ့တွင် နန်းတော်ဘဏ္ဍာတိုက်မှ ရတနာထုပ် ပျောက်ဆုံးနေကြောင်း မှုးမတ်များ စုံညီရာတွင် ကြော်ငြာလေသည်။ ထိုအခါ အကြံပေးမှ ဘုရင်မင်းကြီးအား သူခိုးဖမ်းပေးနိုင်သော သားအဖအား တာဝန်ပေးသင့်ကြောင်း မှုးမတ်များရှေ့တွင် တင်ပြပြီး အကယ်၍ သူခိုးအား မရှာပေးနိုင်ပါက ၎င်းသားအဖနှစ်ယောက်အား နန်းတော်မှ ဖယ်ရှားကာ အပြစ်ဒဏ်ပေးရန် အကြံပြုလေသည်။
မင်းကြီးလည်း သဘောတူဟန်ပြု၍ ၎င်းသားအဖတို့အား မှုးမတ်များရှေ့သို့ ခေါ်စေပြီး အကယ်၍ ဤအမှုကို မဖော်ထုတ်ပေးနိုင်က ကြီးလေးသော အပြစ်ဒဏ်ကိုကျခံစေ၊ နန်းတော်တွင်း သူခိုးကို တွေ့ရှိပါက သေစေဟူသောအမိန့်ကိုချမှတ်၍ မှုးမတ်အာဏာသားတို့အား ချက်ချင်းအမိန့်ထုတ် တာဝန်ပေးလိုက်၏။
အဆိုပါသားအဖတို့သည် ရိုးသားစွာဖြင့် မိမိတို့အား သင်ကြားဆုံးမပေးလိုက်သော မိခင်ကြီးအား သတိရ အောက်မေ့လျက် ဂါထာကိုရွတ်ဆိုပြီး ခြေရာခံလိုက်ရာတွင် မကြာမီ ရေအိုင်ရွှံအိုင်ကြားမှ ရတနာထုပ်ကို တွေ့ရှိရလေသည်။ ခြေရာကို ဆက်လက်ခံယူကြည့်ရာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို သားအဖနှစ်ယောက်မှာ ကောင်းစွာသိရှိလေသည်။ ထိုအခါ မှုးမတ်အာဏာတို့၏ တူးဖော်ဆယ်ယူမှုဖြင့် ရတနာထုပ်ကို ရရှိ၍ ဘုရင်မင်းကြီးထံ အများပြည်သူ မှုးမတ်တို့၏ ရှေ့တွင် အပ်နှင်းကြလေ၏။ မှုးမတ်တို့နှင့်အများပြည်သူတို့က များစွာချီးမွှမ်း သြဘာပေး၍ သားအဖနှစ်ယောက်အား ကောင်းချီးပေးကြလေသည်။
မင်းကြီးနှင့် အကြံပေးပုဂ္ဂိုလ်တို့သည် များစွာမကျေမနပ်ဖြစ်ကာ မိမိတို့၏အကြံဉာဏ် ဆက်လက်အကောင်အထည်ဖော်ရန် မှုးမတ်ပြည်သူများရှေ့၌ "ရတနာပစ္စည်းများရတာတော့ ဟုတ်ပါပြီ။ သူခိုးကို လက်ရဖမ်းမပေးနိုင်သည့်အတွက် ဤသားအဖအား အပြစ်ဒဏ်မှမလွှတ်ပေးနိုင်သေးကြောင်း" မိန့်ဆိုလာကြပြန်သည်။
သားအဖသည် ဘုရင်အား မေတ္တာရပ်ခံ၏။ ရတနာပစ္စည်း ပြန်တွေ့ပြီဖြစ်၍ လက်ရဖမ်းမပေးနိုင်သော်လည်း ကျေနပ်တော်မူပါရန် အမျိုးမျိုးတောင်းပန်၏။ အကြံပေး၏။ တိုက်တွန်းချက်အရ ဘုရင်မင်းကြီးက ဆက်၍မိန့်ပြန်သည်မှာ "သူခိုးကို ယခုအများပြည်သူရှေ့မှောက်၌ပင် အပြစ်ပေး၍ သေဒဏ်ပေးရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း၊ ထို့ကြောင့် မှုးမတ်နှင့်အာဏာသားများကို ထပ်မံမိန်ကြားသည်မှာ သူခိုးကို မဖြစ်မနေ သတ်ပြစ်ရန်နှင့် အကယ်၍ သူခိုးကို ရှာမတွေ့နိုင်ပါက ဤသားအဖနှစ်ယောက်တို့သည် ၀န်ခံဂတိပြုထားသော ဉာဏ်ပညာ စွမ်းအားမရှိပါဘဲနှင့် ရှိသယောင် လှည့်စားသည့်အတွက် ဤသားအဖအား ကြီးလေးသော ပြစ်ဒဏ်ပေး၍ နန်းတော်မှ နှင်ထုတ်စေ" ဟု အမိန့်ထုတ်ပြန်၏။
ထိုအခါတွင် ရိုးသားသော သားအဖနှစ်ယောက်တို့သည် မည်သို့ပင်တောင်းပန်သော်လည်း မရနိုင်တော့သဖြင့် မှုးကြီးမတ်ရာ အာဏာသားများနှင့် အများပြည်သူများ ရှေ့မှောက်တွင်အမှန်အတိုင်း ၀န်ခံပြောဆို ထုတ်ဖော်ရန် ဆုံးဖြတ်ပြီး "ဤနန်းတော်ဘဏ္ဍာမှ ရတနာများကို ကိုယ်တိုင်ကိုယ်ထိလက်ရောက် ခိုးထုတ်သူ သူခိုးအစစ်အမှန်မှာ ယခု ပြည်သူအများ ရှေ့မှောက်တွင် ရှိနေကြသော တရားမစောင့်စည်းသည့် ဤဘုရင်းမင်းနှင့် ၎င်း၏အကြံပေး ပုဂ္ဂိုလ်နှစ်ဦးသာဖြစ်ကြောင်း" ကြေညာလိုက်လျှင် ဘုရင်နှင့် အကြံပေးတို့သည် တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ မည်သို့မျှ ငြင်းပယ်နိုင်စွမ်းမရှိတော့ဘဲ အများပြည်သူရှေ့တွင် ဟုတ်မှန်ကြောင်း ၀န်ခံကြလေသည်။ အများပြည်သူ မှုးမတ်တို့လည်းဤမျှဆိုးသွမ်း မိုက်မဲ၍ မတရားသောဘုရင်နှင့် အကြံပေးတို့ကို ၀ိုင်းရိုက် ပုတ်ခတ်၍ နန်းတော်မှ ဖယ်ရှား မောင်းထုတ်လိုက်ကြပြီးလျှင် အကြံဉာဏ် အမျှော်အမြင်ကြီးမားပြည့်စုံ၍ တရားလက်ကိုင်ရှိသော ဤသားအဖ နှစ်ဦးတို့ကို အများသဘောတူ ဘုရင်နှင့် အိမ်ရှေ့မင်းအရာသို့ ခန့်အပ်မြှောက်စား ချီးမြှင့်လိုက်ကြလေသည်။
"ရိုးသားခြင်းသည်သာ အောင်မြင်၍မြင့်မြတ်သည်။ မရိုးသားပါက ဆုံးရှုံးပျက်ဆီး ဒုက္ခရောက်ရတတ်သည်။"

0 comments:
Post a Comment