* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 29, 2009

ယခင်စာသင်တိုက် ယခုတက္ကသိုလ်

(၁)
ဗာရာဏသီ၏ မွှန်ထူပူလောင်သော မြို့ပြအငွေ့အသက်ကို သက်ပြင်းနှင့်အတူ မှုတ်ထုတ်ပစ်လိုက်ရသည်။ နွေခေါင်ခေါင် မန္တလေးကို မိတ္တူကူးထားသော ရှုမျှော်ခင်းပင် ဖြစ်လိမ့်မည်။

ပရိဝုဏ်တစ်ခုအတွင်းသို့ ချိုးကွေ့ ၀င်လိုက်သည့်အခါမှပင် ကျယ်ပြောလွတ်လပ်သော အသက်ရှူကွက်ကို ပြန်လည် ဆုပ်ကိုင်မိ၏။ အေးမြသော လေပြည်တို့ ရင်ဘတ်ကို တိုးဝှေ့လာသည်။

ခမ်းနားသော ညီမူရာ ခန်းမဆောင်၊ထည်ဝါသော စာသင်ဆောင်များနှင့် ညီညာစိန်းလန်းသော သစ်ပင်တန်းများ သည် ခြေလှမ်းးများကို ညှို့ငင်နေကြသည်။ ငယ်စဉ်က ကျွမ်းဝင်ခဲ့ဖူးသည့် မစိုးရိမ်ကျောင်းတိုက်ကြီးကို နောက်တစ်ကြိမ်ဖြတ်သန်းနေရသလိုမျိုးပါပဲလား။

ကျောင်းတော်ကြီး၏ ကွက်လပ်ရင်ပြင်အသီးသီးတွင် ပူဇော်ထိုက်သူတို့၏ အထိမ်းအမှတ်ရုပ်တုများ တည်ရှိသည်။ ကျေးဇူးတရားကို သင်္ကေတပုံရိပ် အထိမ်းအမှတ်ရုပ်ပွားတို့ဖြင့် ဖော်ကျူးတတ်သည်မှာ မဇ္ဈိမ၏ မြတ်သောအစဉ်အလာဖြစ်သည်။

ဗုဒ္ဓ၏ ကျေးဇူးမြတ်ကို ကမ္ဘာက မမေ့စေလိုသည့် အသောကဧကရာဇ်ကိုယ်တိုင် လိုက်နာကျင့်သုံးဖော်ဆောင်ခဲ့သော လမ်းလည်းဖြစ်သည်။ ဗုဒ္ဓဒိုင်ယာရီနှင့် ဓမ္မသတင်းစကားကို ယနေ့ ကမ္ဘာက ယုံကြည်လေးမြတ်စွာ ဖတ်ရှုနိုင်ကြသည်မှာ အသောက ကျောက်စာတိုင်များက မျှော်မှန်းသည့် ဥဒါန်းပင်ဖြစ်တော့သည်။

ဗရာမင်ဝတ်စားဆင်ယင်မှုဖြင့် ခန့်ညားစွာ ထုဆစ်ထားသည့် ဗြဟ္မဏလူကြီးလူကောင်းတစ်ဦး၏ ရုပ်တုကို တက္ကသိုလ်အစဦးတည်ထောင်သူ သမ္ပုဏ္ဏာနန္ဒ ဟုသိရလေသောအခါ မမြင်ဖူးလိုက်သည့် မစိုးရိမ်ကျောင်း ဒကာကြီး ဦးသက်ရှည်ကို မြန်မာ့ဝတ်စုံဆင်မြန်း၍ လွမ်းလိုက်မိသေးသည်။

ဗာရာဏသီမြို့သားကြီး သမ္ပုဏ္ဏာနန္ဒက သက္ကတစာပေနှင့် ဟိန္ဒူဘာသာရေးအတွက် သက္ကတစာသင်တိုက်ကို တည်ထောင်သည်။ မန္တလေးသားကြီး ဦးသက်ရှည်က ပါဠိစာပေနှင့် ဗုဒ္ဓသာသနာတော်အတွက် ပါဠိစာသင် တိုက်ကို တည်ထောင်သည်။

ကိုယ့်အမျိုးဘာသာသွေးကို နွှေးကြပုံချင်းတူသော်လည်း အတ္တနွှယ်ယှက်သော ပုဏ္ဏားကြီးက သူ့အမည်ကို ကျောင်းကမ္ပည်းတင်လိုက်သည်။ အနတ္တနွယ်ဖွား မြန်မာကြီးက ဥယျာဉ်ဟောင်းအမည်ကိုသာ ထင်ရှား စေခဲ့သည်။


(၂)

တက္ကသိုလ်စာသင်ဆောင်များဆီသို့ တိုးဝင်မိသောအခါ ရိုးရာကို တွယ်ဖက်နေဆဲဖြစ်သည့် ဗြဟ္မဏစာသင်ခန်းများအချို့က ဌာန်ကရိုဏ်းကျနသော သက္ကတကျမ်းဂန် ရွတ်ဖတ်သံများကို သိုမှီးထားလေသည်။ နိုင်ငံတကာကျောင်းသားတို့ ရုံးစုနေသည့် စာသင်ခန်းများကတော့ အရှေ့တိုင်းဒဿန၏ မြစ်ဖျားဆီ ပြန်လည်ဆန်တက်နေကြသည်။


သက္ကတစာပေဌာန၊ ပါဠိစာပေနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလေ့လာရေးဌာန၊ အာယုဗ္ဗေဒဌာန စသည့် မဟာဌာနကြီးများနှင့် ဌာနငယ်ပေါင်းများစွာဖြင့် ဖွဲယှက်ထားသည့် တက္ကသိုလ် ကွန်ရက်က အိန္ဒိယနိုင်ငံ ပြည်နယ်အသီးသီးနှင့် နိုင်ငံရပ်ခြားမှ ကျောင်းသားများစွာကို ဖြန့် ကျက်မိနေသည်။


ကောဇောပြည့်ခင်းထားသည့် စာသင်ခန်းဦးက ဖုံလိပ်မွေ့ရာတွင် ဘာသာရပ်ဆိုင် ရာဂုရုကြီးများက အခန့်သားနေရာယူကာ သက္ကတစာပေကို သက္ကတဘာသာစကားဖြင့် ပို့ချမည်။ ပါဠိစာပေကို ပါဠိဘာသာစကားဖြင့် ပို့ချမည်။ နိုင်ငံတကာကျောင်းသားကို တိုးချဲ့ရှင်းပြဖို့တော့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုကြလေမည်။ လက်ထောက်ဆရာလေးများကလည်း ဆရာဂုရုကြီးများ၏ ခြေရာထပ်မျှ အရည် အချင်းကို သွေးယူနေကြသည်။

မစိုးရိမ်ကျောင်းတိုက်ကြီး၏ မမေ့နိုင်သော နေ့ရက်များက ဒစ်ဂျစ်တယ်လ်ပြကွက်များအဖြစ် အတွေးစီး ကြောင်းထဲ တဖျတ်ဖျတ်လင်းလက်လာသည်။ ညီမူရာ သာသနနယူပဒေသ အလယ်တိုက်မကြီးကို ခြံရံထားသည့် ပိဋကနယူပဒေသ၊အဘိဓမ္မာနယူပဒေသ၊ ပါဠိ နယူပဒေသ စသော ကျောင်းဆောင်အသီးသီး၏ ရွှေရည်သုတ်နံရံတိုင်းကို နာယက အဆူဆူ နှင့် စာချစာသင်တို့၏ ပိဋကတ်ကျမ်းဂန် ပို့ချရွတ်ဖတ်သံများက ဓမ္မအဆင် အသွေးခြယ် ရေးထားလေသည်။

သံသရာထွက်ရပ်လမ်းအဘိဓမ္မာ၊ နေ့စဉ်ဘ၀လမ်းညွှန်သုတ္တန္တနှင့် အထူးလိုက်နာကျင့်သုံးဖွယ် ၀ိနယဘာသာရပ်တို့ကို ပို့ချပေးနိုင်သည့် အရည်အသွေးလင်းပသော နာယကဆရာမြတ်တို့က ထောင်ပေါင်းများစွာသော စာသင်သားတို့၏ ပရိယတ္တိအသိဥာဏ်အကိုင်းအခက်ကို စိမ်းမြရှင်သန်အောင် စိုက်ပျိုးရန် တက်ကြွနေတတ်ကြမြဲ ဖြစ်လေသည်။


နာရီစင်အချက်ပေးခေါင်းလောင်းသံများကလည်း ကျောင်းတိုက်ကြီးကို ငိုက်မြည်းမနေအောင် ပုတ်နှိုးနေတတ်သည်။ ထို့ကြောင့်ပင် သာသနာတော်နှင့် ပတ်သက်၍ အရေးအရာကြုံလာတိုင်း မစိုးရိမ်သွေးက နွေးနေတတ်လေသည်။



(၃)


သက္ကတတက္ကသိုလ်ကြီး၏ သမိုင်းဆီပြန်လည်ငေးမောမိသောအခါ မစိုးရိမ်ကျောင်းတိုက်ကြီး၏ စဦးနေ့ရက်များလို တာထွက် ကောင်းခဲ့သည်တော့ မဟုတ်ပါ။


လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ဗြိတိသျှလူမျိုး တစ်ဦြး့ဖစ်သည့် ယောနသန်ဒန်ခမ်ဆိုသူက အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်မှု အောက်ရှိ နိုင်ငံများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ လေ့လာရေးရည်ရွယ်ချက်ဖြင့် သက္ကတပဋသာလ စာသင်တိုက်ငယ်ကို တည်ထောင် ခဲ့ခြင်းဖြစ်သည်။


စာသင်တိုက်ငယ်တွင် သျှတြိ၊ အာကျရယနှင့် ၀ိဒျာဝရိဓိဟု အတန်းသုံးခုသတ်မှတ်ကာ ပညာသင်ကြားပေးလေသည်။ ဗြိတိသျှအုပ်စိုးမှုအခြေခိုင်လာသည့်အခါ ၀ိတိုးရီးယား ကောလိပ်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးသည့်အခါတွင် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ သမ္ပုဏ္ဏာနန္ဒက တက္ကသိုလ်အဖြစ် တစ်ဆင့်တိုးမြှင့်ကာ ပြည်တွင်းကျောင်းသားများအတွက်သာမက ပြည်ပပညာတော်သင်များအတွက်ပါ သက္ကတ စာပေနှင့် အရှေ့တိုင်းပညာရပ်တို့သင်ယူရာ အဆင့်မြင့် ပညာရေးဌာနကြီးတစ်ခု ဖြစ်စေခဲ့ လေသည်။

ယခင်သတ်မှတ်ထားသော အတန်းသုံးတန်းသည်လည်း ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့နှင့် ပါရဂူဘွဲ့ဟူ၍ဖြစ်လာကာ နိုင်ငံတကာပညာရေးလောကတွင် ၀င်ဆန့်စေခဲ့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီး၏ သမိုင်းကတော့ ခမ်းနားသောနေ့ရက်တို့ဖြင့် စတင်ခဲ့လေသည်။ တက္ကသိုလ်ဖွဲစည့်အုပ်ချုပ်ပုံ အခြေခံဥပဒေကဲ့သို့ပင် ခိုင်မာသည့် သြ၀ါဒါနုသာသနကတိကစာတမ်းကို ရေးဆွဲချမှတ်နိုင်ခဲ့သလို ပညာရှင်များစွာတို့၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် သာသနာ့နယ်မြေတွင် လင်းပခဲ့လေသည်။


သက္ကတအရာတွင် ပါမောက္ခတစ်ဆူဖြစ်သည့် အရှင်သောမာဘိသိရီ၊ အင်္ဂလိပ်စာပေပညာရှင် ပထမကျော် အရှင်ဥာဏ၊ ပါဠိပညာရှင် အဂ္ဂါဘိဓဇမစိုးရိမ်ဆရာတော်လောင်းလျာ အရှင်သူရိယနှင့် အရည်အချင်းပြည့်ဝသည့် ဓမ္မာစရိယထေရ်အရှင်များစွာတို့၏ အသိဥာဏ်အရင်းအမြစ်တို့ဖြင့် ပရိယတ္တိနယ်ပယ်ကို ချဲ့ထွင်နိုင်ခဲ့ကြသည်။


ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထူးအရေးထားလေ့လာနေရသည့် လယ်တီဒီပနီကျမ်းစာများကို ဦးဆောင်ဘာသာပြန်ဆိုခဲ့သူမှာ မစိုးရိမ်၏ ဂန္ထ၀င်ပုဂ္ဂိုလ်ကျော် အရှင်ဥာဏပင်ဖြစ်လေသည်။ ဂရိတ်ဗြိတိန်၊လန်ဒန်ပါဠိစာတော်မူအသင်းကြီးသည် မစိုးရိမ်ပိဋကတ်ဦးနှောက်များ၏ တန်ဖိုးကြီးမားလှသော အကြံဥာဏ်ကို နို့သက်ခံယူခဲ့ရပေသေးသည်။


မန္တလေးမြို့၏ နာမည်ကျော်ကြားလှသည့် ပရိယတ္တိသာသနဟိတ(သကျသီဟ)အသင်းကြီးမှ ဆက်ကပ်သည့် သကျသီဟဓမ္မာစရိယဘွဲ့လက်မှတ်သည် မစိုးရိမ်ကျောင်းတိုက်ကြီး၏ နာယကစာချ( ပါမောက္ခ) ခန့်အပ် စာပင်ဖြစ်တော့သည်။


မစိုးရိမ်ကျောင်းတိုက်ကြီးတွင် သင်ကြားပို့ချပေးနေသည့် သကျသီဟစာသင်တန်းသည် ၀ိဇ္ဇာဘွဲ့၊ သကျသီဟဓမ္မာစရိယ(စာချတန်း)သည် မဟာဝိဇ္ဇာဘွဲ့၊နာယကစာချအဖြစ် တာဝန်ယူပြီးသည့်နောက် ပါဠိအဘိဓာနသဟကာရီနိကာယပါဠိအဘိဓာန်ပြုစုရေးအဖွဲ့( ယခုတိပိဋက ပါဠိမြန်မာအဘိ ဓာန်ပြုစုရေးအဖွဲ့) တွင် ဆက်လက်၍ ပိဋကတ်စာပေများ သုတေသနပြုရသောအဆင့်သည် ပါရဂူဘွဲ့နှင့် ညီမျှပေလိမ့်မည်။


တဖြည်းဖြည်း စည်ပင်ကြီးထွားလာရသော သက္ကတတက္ကသိုလ်ထက်ပိုလွန်သည့် မစိုးရိမ်ကျောင်းတိုက်ကြီး၏ အားသာချက်မှာ လိုအပ်သည့် အခြေခံအဆောက်အဦနှင့် ပညာရေးမြှင့်တင်မှုစသည့် အရာမှန်သမျှကို ထောက်ပံပေးမည့် ကျောင်းဒကာကြီး ဦးသက်ရှည်၏ ထက်သန်လှသော သာသနာမြတ်နိုးမှုပင်ဖြစ်လေသည်။




(၄)


သက္ကတတက္ကသိုလ်ကြီး၏ လက်အောက်ခံကောလိပ်နှင့် စာသင်ကျောင်းပေါင်းတစ်ထောင်ခန့်ရှိသည်ဟု မှတ်သားရသည့်အခါ မစိုးရိမ်ဟုအမည်မခံသည့်တိုင် မစိုးရိမ်မျိုးဆက်တို့၏ ပရိယတ္တိသီးထပ်စိုက်ပျိုးရာ စာသင်တိုက်ကြီးငယ်များစွာကို မှန်းဆဂုဏ်ယူမိပြန်လေသည်။


သို့သော် ယခင်က ဗြဟ္မဏပုဏ္ဏားလုလင်ငယ်တို့၏ သက္ကတစာပေနှင့် ဝေဒကျမ်းဂန်တို့ရွတ်ဖတ်သင်အံရာ သံသကရိတ ပဋသာလသက္ကတစာသင်တိုက်ငယ်သည် ရာစုသစ်အပြောင်းအလဲများနှင့် အသားကျစွာ Sampurnanand Sanskrit University အဖြစ် ကမ္ဘာ့တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ နိုင်ငံတကာ ကျောင်းသားများအတွက် အဆင့်မြင့် ပညာရေးဝင်ပေါက်တစ်ခုဖြစ်နေလေပြီ။


မစိုးရိမ်ကျောင်းတိုက်ကြီးကတော့ အမည်မခံသော တက္ကသိုလ်ကြီးအဖြစ် အရှိန်အဟုန်မြှင့် စိးဆင်းနေဆဲ။

နိုင်ငံတကာ ကျောင်းတော်သားတို့၏ အမြင်တွင် မပေါ်လွင်လှသော်လည်း ခေတ်အဆက်ဆက် သာသနာ့လုပ်ငန်းစဉ်တို့ဖြင့် ဂုဏ်ယူဖွယ်နေ့ရက်တို့ကို ရေးခြစ်နေမြဲ။

ကမ္ဘာ့သာသနာပြုအိပ်မက်ရှင်တို့ကို မွေးမြူနေမြဲသာ။



(လွန်ခဲ့သော ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ သတ္တမနှစ်လည်စာစောင်တွင် ရေးခဲ့ဖူးသည့် ပရိယတ္တိသူရဲကောင်းများအတွက် ဂုဏ်ပြုစာတမ်း။)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP