* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 27, 2009

သီတဂူစတား ဓမ္မဒူတမှတ်တမ်း အပိုင်း (၃)

စာဖက်ပရိသတ် (ဓမ္မမိတ်ဆွေ) တို့ ---သီတဂူစတားရဲ့ဓမ္မဒူတ မှတ်တမ်းနှင့် အလှမ်းဝေးကွာသည်မှာ ၃ ပါတ်ပင်ရှိပြီထင်ပါသည်၊ ကြားထဲမှာ ဆရားတော်ကြီး၏ ဟောစဉ်များနှင့် သီတဂူစတား၏လေ့လာရေးမှတ်တမ်းများက နေရာယူထားသည်မှာ ၃ပါတ်လောက်ရှိသွားသောကြာင့်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပိုင်း (၁)နှင့် အပိုင်း (၂)တို့ကို ပြန်ဆက်မိအောင် ဖက်စေလိုပါသည်။

လွတ်မြောက်ရေးနည်းလမ်း
ထိုသို့သောဖိအားများသည် သူ့အတွက် လွတ်မြောက်ရေးနည်းလမ်းကို ရှာဖွေဘို့ ခွန်အားများဖြစ်လာခဲ့သည်။ သူသည် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်အောင် အဘယ်ကဲ့သို့ ကြိုးပမ်း ဆောင်ရွက်ရမည်ကို အမြဲတမ်းတွေးဆနေခဲ့သည်။ ဇာတ်မြင့်များကို တော်လှန်နိုင်ဘို့နှင့် ဇာတ်နိမ့်ဘဝမှ လွတ်မြောက်ရေးအတွက် အကောင်းဆုံး လက်နက်မှာ အတတ်ပညာသာဖြစ်သည်ဟု သိမြင်လာသည်။ ထို့ကြောင့် ပညာကိုထူးချွန်ပြောင်မြောက်အောင် အထူးကြိုးစား သင်ယူခဲ့သည်၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ဥပဒေဘွဲ့များစွာကို အင်္ဂလန်၊ အမေရိကနိုင်ငံ တို့မှ ရယူခဲ့သည်။

စာဖတ်ဝါသနာ
သူသည် စာဖတ်ဝါသနာပါသည့် အားလျော်စွာ စာပေများစွာကို စုဆောင်းဖတ်ရှုလေ့လာခဲ့သည်၊ သူ့အတွက် ပညာရေး စကောလရှ် ထောက်ပံ့သည့် ငွေများဖြင့် အစားအသောက်ကို ချွေတာစားသောက်ပြီး စာအုပ်များစွာကို ဝယ်ယူဖတ်ရှုခဲ့သည်။ အင်္ဂလန်တွင် ကျောင်းတက်စဉ်က စားအုပ်ပေါင်း သုံးထောင် (၃ဝဝဝ) ဝယ်ယူနိုင်ခဲ့ပြီး အမေရိကမှာ ကျောင်းတက်စဉ်က စာအုပ်သေတ္တာကြီး အလုံး သုံးဆယ် (၃ဝ) ကို သင်္ဘောဖြင့် တင်ပို့နိုင်ခဲ့သည်။

စာပေမှအဖြေရ
ကျောင်းသားဘဝက ဇာတ်မြင့် ဆရာများက သူ့အား ဆန်စကရစ်ဘာသာ မသင်ရဟု တားမြစ်ခဲ့သည်၊ အကြောင်းကား ဗြဟ္မဏဝါဒ(ဝေဒ)ကျမ်းများသည် ထိုဘာသာဖြင့်သာ တည်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် နောက်ပိုင်းကာလတွင် ဆန်စကရစ်ဘာသာရပ်ကို ဆရာတစ်ဆူဖြစ်သည်အထိ သင်ယူတတ်မြောက်ခဲ့သည်၊ ဆန်စကရစ်ဘာသာဖြင့် ရေးသားထားသော ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓစာပေများကို လေ့လာစဉ် အဖြေတစ်ခုကို ရခဲ့သည်။ ထိုအဖြေမှာ ဇာတ်မြင့်တွေကို တော်လှန်ရန် အကောင်းဆုံး နည်းလမ်းသည် ဗုဒ္ဓဝါဒဖြစ်သည်၊ ဇာတ်နိမ့်များကို ကယ်တင်ဘို့ လမ်းသည်လည်း ဗုဒ္ဓဝါဒပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့် သူသည် ဗုဒ္ဓဘာသာသို့ ချဉ်းကပ်တိုးဝင်ခဲ့သည်။ ဗုဒ္ဓစာပေများကို လူအဖွဲ့အစည်းနှင့် လူမှုရေးဘက်တွင် တွင်တွင်ကြီးအသုံးချ၍ ဇာတ်နိမ့်များစွာကို လွတ်မြောက်ရေးလမ်းဆီသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စည်းရုံးရေးဆင်း
သူသည် နယ်အသီးသီးသို့ သွား၍ ဗုဒ္ဓဝါဒကို ဟောပြောကာ စည်းရုံးခဲ့သည်၊ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ချမ်းသာကြွယ်ဝဆုံးဒေသဖြစ်သော မဟာရဋ္ဌပြည်နယ်တစ်ဝိုက်ကို လှည့်လည် ဟောပြောခဲ့ သည်။ ထိုတွင် ဘုံဘေ၊ ပူနေး၊ နာဂပူရ၊ စောဠပူရ စသည့် မြို့ကြီးများသည် အဓိက ပါဝင်သည်။ ဘုံဘေမြို့တွင် သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ထိုတွင် အစ်စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဆစ်ခ်ဘာသာရေး ခေါင်းဆောင်များက သူအား လာရောက်စည်းရုံးကြသည်။ အကယ်၍ သူတို့ဘာသာဘက်သို့ပြောင်းမည်ဆိုလျှင် နောက်ပါတပည့်များနှင့်တကွ လိုအပ်သည့် စည်းစိမ်များကို ပေးမည်ဟု မြူဆွယ်ကြသည်။ သို့သော် အမ်ဘေဒကာသည် ထိုစည်းစိမ်ဘက်သို့ အနည်းငယ်မျှ ယိမ်းယိုင်ခြင်းမရှိခဲ့ပေ။ သူ၏ ကိုယ်ပိုင် ပစ္စည်းများစွာကိုပင် သူ၏ဗုဒ္ဓဘာသာအဖွဲ့အတွက် စွန့်နိုင်ခဲ့သည့်အတွက် ယနေ့ အမ်ဘေဒကာ အဖွဲ့သည် စာသင်ကျောင်း၊ ဘာသာရေးကျောင်း၊ ပညာရေး Fund ငွေတွေ များစွာ ကျန်ရှိနေခဲ့သည်၊ နောင်လာနောက်သားတို့ ကြိုးပမ်းမှုကြောင့် ပိုပြီးတောင့်တင်းခိုင်မာလာသည်။

ဗုဒ္ဓဘာသာသို့ ကူးပြောင်း
သူ၏ ဟောပြော စည်းရုံးမှုကြောင့် မြောက်မြားစွာသော ပြည်သူများ ဗုဒ္ဓဘာသာဘက်သို့ ဝင်ရောက်ခဲ့ကြသည်၊ မဟာရဋ္ဌပြည်နယ်၏ တတိယမြို့တော်ဖြစ်သည့် နာဂပူရ မြို့တွင် ငါးသိန်းကျော်သော ပြည်သူများသည် တစ်နေ့တစ်ရက်တည်းမှာပင် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းလာခဲ့ကြသည်၊ ယခုအခါ ထိုမြို့၏ ၈၅ ရာခိုင်းနှုန်းသော လူဦးရေသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အားအကောင်းဆုံးသော ဗုဒ္ဓဘာသာမြို့တော်အဖြစ် လူသိများသည်။ သီတဂူစတားတို့အဖွဲ့ သွားရောက်ခဲ့သော စောဠပူရမြို့သည် ဗုဒ္ဓဘာသာဝင်ဦးရေ ၄၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာရှိပြီး ပူးနေးမြို့သည် ၁၆ ရာခိုင်နှုန်းဖြင့် တတိယနေရာလိုက်သည်။

ကယ်တင်ရှင် ဘုရားအလောင်း
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် ဒေါက်တာ အမ်ဘေဒကာကို သူတို့ဘဝ၏ ကယ်တင်ရှင်၊ ကျေးဇူးရှင်၊ လူစွမ်းကောင်းဟု အမွှမ်းတင် ဂုဏ်ပြုကြသည်။ ဘုရားအလောင်းဟူ၍ အသိအမှတ် ပြုကြသည်။ သူတို့အတွေးအခေါ်အရ ဘုရားလောင်းတို့သည် လူလောက ရဲ့အဆင်းအရဲဆုံးနေရာမှာ နေခဲ့ပြီးမှ လူသားတွေရဲ့ ဆင်းရဲခြင်းကိုသိမြင်နိုင်မည်၊ အမ်ဘေဒကာသည်လည်း အဆင်းရဲဆုံး ဇာတ်နိမ့်ဘဝမှာ ဖြစ်ရသည်အတွက် ဘုရားလောင်းဟု အသိအမှတ်ပြုကြသည်၊ သူ၏ဇွဲလုလ္လ၊ ရည်မှန်းချက်၊ အဓိဋ္ဌာန်ချက်တွေကို ထောက်ဆပြီး ဘုရားလောင်းဟု သက်မှတ်ကြသည်။
အမ်ဘေဒကာ၏ အထိမ်းအမှတ်ပွဲတော်များကို နှစ်စဉ်ကျင်းပ၍ ဂုဏ်ပြုကြသည်။ တိုင်းပြည်ကောင်းကျိုးကို များစွာဆောင်ရွက်ခဲ့သော ဒေါက်တာ အမ်ဘေဒကာကို ဗုဒ္ဓဘာသာဝင်များသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများကပါ လေးစားဂုဏ်ပြုကြသည်။

ဘာသာတရားနှင့် အမျိုးသမီးများအခွင့်အရေး
ဗုဒ္ဓဘာသာတွင် လူတန်းစားခွဲခြားမှုစနစ်မရှိ၊ အားလုံးတန်းတူ ညီမျှအခွင့်အရေးရှိသည်။ အမျိုးသမီးများသည် စိတ်ဓာတ်(spiritual) ပိုင်းဆိုင်ရာ တိုးတက်မြင့်မားမှုနှင့် အသိပညာပိုင်းဆိုင်ရာ အခွင့်အရေးများတွင် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိသည်၊ သို့သော် ကိုယ်ပိုင်း (physical) ဆိုင်ရာတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူရကား ယဉ်ကျေးမှုအရ အမျိုးသားများနှင့်တန်းတူအခွင့်အရေးမရှိနိုင်ပါ၊ ဥပမာ- မြတ်ဗုဒ္ဓသည် ဘိက္ခုနီမများ သာသနာ့ဘောင် အတွင်း ဝင်ခွင့်တားမြစ်ခြင်းနှင့် ခွင့်ပြုခဲ့သော်လည်း အမျိုးသားများထက် ထူးခြားသည့် စည်းကမ်းများ ချမှတ်တော်မူခဲ့သည်။ ဗြဟ္မဏ ယဉ်ကျေးမှုတွင် ဇာတ်နိမ့်အမျိုးသား နှင့်အမျိုးသမီးများသာမက ဇာတ်မြင့်အမျိုးသမီးများပင် ပညာသင်ယူခွင့်မရှိပေ။ အိမ်အတွင်း ပုန်းနေရသော အိမ်တွင်းပုန်းအဆင့်တွင်သာနေရသည်။ ဒေါက်တာအမ်ဘေဒကာလက်ထက်တွင် အမျိုးသမီးများအားလုံး ပညာသင်ခွင့်ရအောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း၊ အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းနိုင်ခဲ့ပေမဲ့ သူကွယ်လွန်ပြီးနောက်ပိုင်းတွင် ရှေးဟောင်း ဗြဟ္မဏ ဥပဒေ ပြန်လည်ဦးမော့လာခဲ့ပြီး အမျိုးသမီးပညာသင်ကြားမှု အခွင့်အရေးများ လျော့နည်းလာခဲ့ရပြန်သည်။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ
ဒေါက်တာအမ်ဘေဒကာ၏ ကောင်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ပညာရေးတွင် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်နိုင်ခဲ့သည်။ ယခုအခါ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးအရေအတွက်သည် ဗြဟ္မဏ (ဟိန္ဒူ) အမျိုးသမီးများထက်ပင် ပိုမိုများပြားလာသည်ဟုဆိုသည်။ ယခင်က လုပ်ကိုင်ခွင့် မရခဲ့သော အဆင့်မြင့် ရာထူး လုပ်ငန်းဌာနများတွင် ဗုဒ္ဓဘာသာဝင် အများအပြားဝင်ရောက် နေရာယူလာနိုင်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပူနေးတက္ကသိုလ်၏ vice chancellor သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်ကို တွေ့နိုင်သည်။


သီတဂူစန်းလပမာ ချမ်းမြ သာယာရှိကြပါစေ။
သီတဂူစတား
၂-၁ဝ-၂ဝဝ၉


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP