* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 12, 2009

မြန်မာနိုင်ငံ ပီဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ ( ၂ )

မြန်မာနိုင်ငံ ပီဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ ( ၂ )

( ကျောက်စာ ဓမ္မစေတီများ (၁)ပါ ၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

( ယခင်လမှ အဆက် )

ပိဋကတ်သုံးပုံ အပြည့်အစုံကို ကျောက်စာရေးထိုးခြင်း အလုပ်သည် လုပ်ငန်းပမာဏလည်း ကြီးမား၊ အချိန်ကာလအားဖြင့်လည်း အရှည်အကြာ လုပ်ရသဖြင့် နေရာအားလုံး မလုပ်နိုင်ကြပါ။ ထို့ကြောင့် ပါဠိတော်၊ ၀ိနည်းပိဋကတ်တပုံကိုသာ ကျောက်ထက်အက္ခရာတင်ထားသည့် နေရာများ ရှိပါသည်။ ၄င်းတို့မှာ မင်းကင်းမြို့ ရွှေဘုံသာဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၁-ချပ်ကိုလည်းကောင်း။
သုံးခွမြို့နယ် မင်းရွာတွင် ကျောက်ချပ်ရေ ၁၅၄-ချပ်ကိုလည်းကောင်း။
ဝမ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ရွာဦးကျောင်းအတွင်း၌ ကျောက်ချပ်ရေ ၁၁၀-ကိုလည်းကောင်း။
ရန်ကုန်မြို့ ကျိုက္ကဆံ ဘုရားအတွင်း၌ ကျောက်ချပ်ရေ ၉၅-ချပ်ကိုလည်းကောင်း။
ဟင်္သာတမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း၌ ကျောက်ချပ်ရေ ၄၅-ချပ်ကိုလည်းကောင်း။ တွေ့နိုင်ပါသည်။

ဟင်္သာတမြို့တွင် ကျောက်စာများ ထုလုပ်ဆဲ၌ ဒုတိယကမ္ဘာစစ် ဖြစ်လာသဖြင့် အပြီးမသတ်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက ကျောက်စာတိုက်ကြီး ဗုံးဒဏ်ခံရသဖြင့် ဤမျှသာ ကျန်သည်ဟု သိရပါသည်။

ပါဠိတော် ၀ိနည်းကျောက်စာများကို ထုလုပ်ပူဇော်ရာ၌ မင်းရွာတွင် လူချမ်းသာ ဦးရွှေဖြူ၊ ဘုရားစုကိုးရွာတွင် လူချမ်းသာ ဦးရွှေခဲ၊ ဟင်္သာတတွင် ဘုရားဒါယကာ ဦးကျော်ဇံတို့က တဦးတည်းကုသိုလ်အဖြစ် လှူဒါန်းထားကြောင်းကို လေ့လာသိရှိခဲ့ရပါသည်။ အထက်ပါတို့မှာ ပိဋကတ်သုံးပုံ ပါဠိတော် ဓမ္မစေတီများအကြောင်း ဖြစ်ပါသည်။

ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာများကိုမူ ရသေ့ကြီး ဦးခန္တီသည် မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၇၂-ချပ်ကို ရေးထိုးပူဇော်ခဲ့ပါသည်။
မိတ္ထီလာမြို့ ထီးသုံးဆင့်ဘုရားအတွင်း၌လည်း ကျောက်ချပ်ရေ ၅၉၇-ချပ်အပေါ်တွင် အဋ္ဌကထာများကို ကျောက်ထက်အက္ခရာတင် ပူဇော်ထားခဲ့ပါသည်။
အဋ္ဌကထာနှင့် ဋီကာမှာ ဤနှစ်နှစ်နေရာ၌သာ ရှိပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံတလွှားတွင် ပိဋကတ်သုံးပုံ ကျောက်စာများ ရှိရာဒေသများသို့ သွားရောက်လေ့လာခဲ့သမျှကို အကျဉ်းမျှ တင်ပြရပါသည်။
မုဒုံမြို့နယ် ဖားအောက်တောရတွင် ၀ိနည်းကျောက်စာ အနည်းငယ်ရှိနေသည်ဟု သိရပါသည်။ ထိုနေရာသို့ ကျွန်တော် မရောက်သေးပါ။

ပိဋကတ်တော်ကျောက်စာများသည် အစောဆုံး ၁၂၂၂-ခုနှစ်မှစ၍ နောက်ဆုံး မင်းကွန်းတွင် ရေးထိုးသော သက္ကရာဇ် ၁၃၄၂-ခုနှစ်အထိ နှစ်ပေါင်း ၁၂-အတွင်း ရေးထိုးပူဇော်ခဲ့ကြသည်ကို တွေ့ရပါသည်။ အများပြည်သူတို့သည် ထိုကျောက်စာ ဓမ္မစေတီများကို ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓာတုစေတီတို့ကဲ့သို့ ဆီမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပြီး ဆည်းကပ်ကိုးကွယ်ထိုက်သော ဘုရားများဟု သဘောမပေါက်ကြပါ။ သာမန် သမိုင်းကျောက်စာများကဲ့သို့ အမှတ်တမဲ့ လျစ်လျူရှုထားတတ်ကြပါသည်။

ထို့ကြောင့် ကာလအားဖြင့် မကြာသေးစေကာမူ ဓမ္မစေတီအချို့ ပျက်စီးယိုယွင်းမှုများ ရှိနေပါသည်။ ဥပမာအားဖြင့် မူလက ကျောက်စာတိုက်ကြီးများ ရှိခဲ့သော်လည်း အချိန်ကာလနှင့် ရာသီဥတုကြောင့် တိုက်ကြီးများ ပြိုပျက်သွားရာ အမိုးအကာမဲ့နေသော ညောင်ရမ်းမှ ကျောက်စာများ၊ မူလကပင် အမိုးအကာ အလုံအလောက်မရှိခဲ့သော သထုံမြို့ ရွှေစာရံဘုရားကြီးအတွင်းမှ ကျောက်စာများမှာ မိုးရွာလျှင် စို၊ နေပူလျှင် ခြောက်၍ ရာသီဥတုဒဏ်ကို နှစ်ရှည်ခံစားကြရသဖြင့် ကျောက်စာတိုင်များမှာ ချုံနွယ်များအကြား ရေညှိများ ဖုံးအုပ်၍ စာများမှေးမှိန်နေပါသည်။

မင်းကင်း၌ ဓမ္မ္စစေတီများအပေါ် ညောင်ပင်မှစ၍ သစ်ပင်များ ပေါက်နေသဖြင့် ဓမ္မစေတီများ ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အားလုံခြုံရပါလျှင် ထိန်းသိမ်းမှုကောင်းသလောက်သာ ဓမ္မစေတီများ ကောင်းမွန်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် (က) အမိုးအကာမရှိသော ပိဋကတ်တော် ကျောက်စာများကို အမိုးအကာ ပြုလုပ်ခြင်း။
(ခ)ဓမ္မစေတီများတ၀ိုက် လိုအပ်သလို ရှင်းလင်း၍ အခါအားလျော်စွာ ရေဆေးသန့်စင်ပေးခြင်း။
(ဂ) တနှစ်တကြိမ်ဖြစ်စေ ကျောက်စာတချပ် ဆီမီးတတိုင် ထွန်း၍ ဓမ္မံ ပူဇေမိ-ဂုဏ်မြောက်အောင် ဆီမီးပူဇော်ပေးခြင်းနှင့်
(ဃ) ကျိုးပဲ့ပျက်စီးသွားသော ကျောက်စာများကို အစားထိုးပူဇော်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ကမ္ဘာတခွင် ဤမြန်မာပြည်၌သာရှိသော ဤဓမ္မစေတီကျောက်စာများကို သာသနာတော်အဓွန့်ရှည်ရေးအတွက် ရည်ရွယ်ပြီး ပုဂံပြည်မှ ရှေးဟောင်းစေတီ၊ ပုထိုးများကို ပြုပြင်ထိန်းသိမ်းသကဲ့သို့ မင်နှင့်ပြည်သူ ကြည်ဖြူစွာ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လှပါကြောင်း တင်ပြအပ်ပါသည်။

( ဦးအောင်သူ )
မြတ်မင်္ဂလာ ၂၀၀၁-သြဂုတ်လ

ကမ္ဘာ့ဗုဒ္ဓသာသနပြု သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလ-၏ ကိုယ်တွေ့ကျန်းမာ သက်ရှည်နည်း ( ၃ )

( သက်ရှည်နည်း ( ၁ )-၂၀၀၁-ခု ဇွန်လထုတ် မြတ်မင်္ဂလာ နှင့် သက်ရှည်နည်း ( ၂ )-၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိပါသဖြင့် သက်ရှည်နည်း ၁ နှင့် ၂ ကို မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

( ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ကျန်းမာရေး )

ဆရာတော်ကြီး အရှင်သေဋ္ဌိလသည် ကျန်းမာသက်ရှည်မှုနှင့်ပတ်သက်၍
၁။ အစားအစာ အရေးကြီးပုံ
၂။ စိတ်ချမ်းသာမှု အရေးကြီးပုံတို့ကို မိန့်ဆိုတော်မူခဲ့သည်။
ထို့နောက် ဆရာတော်ကြီးက ကျန်းမာရေး အသက်ရှည်ရေးနှင့် ပတ်သက်၍ ကမ္မဋ္ဌာန်းတရားအားထုတ်မှုသည် ကြီးစွာ အထောက်အပံ့ပြုပုံကို အရှင်ဉာဏိကအား ဤသို့ မိန့်တော်မူခဲ့သည်။

ကျန်းမာ အသက်ရှည်ရေးအတွက် အရေးအကြီးဆုံး နောက်ဆုံးတခုကတော့ စိတ်အလုပ်ပဲကွ။ တကယ့်ကို စိတ်အလုပ်လုပ်ထားတဲ့ လူတယောက်ဟာ သေချိန်ကျလို့ သေခါမှ သေရော မကျန်းမမာ ဖြစ်ခဲတယ်။ ဟိုဘ၀က ပါလာတဲ့ ကံဟောင်း၊ ကံကြွေးရှိလို့ ခံရတာမျိုးမှတပါး ကျန်းမာရေး မထိခိုက်နိုင်ဘူးဆိုတာ တို့တကယ်ယုံကြည်တယ်။ အလုပ်လုပ်နေတယ်။ အလုပ်လုပ်နေလို့ ညအိပ်ချိန် နည်းသွားမယ်။ ဘာမှမဖြစ်ဘူး။ အလုပ်ဆိုတာ စိတ်အလုပ်ပြောတာနော်။ ကမ္မဋ္ဌာန်းပေါ့။

သူများကို တရားသာဟောတယ်။ ကိုယ်က ကမ္မဋ္ဌာန်းအလုပ် မလုပ်ဘူးဆိုရင် မဟုတ်သေးဘူးကွယ့်။ မကောင်းဘူးကွယ့်။ ငါ သြစတြေးလျရောက်တော့ သူတို့ကို ကမ္မဋ္ဌာန်းအကြောင်း ပြောပြီး လက်တွေ့ အလုပ်လုပ်ခိုင်းတယ်။ ကိုယ်ကလည်း စိတ်စူးစိုက်ပြီး တကယ်လုပ်တယ်။ ဟန်လုပ်တာမဟုတ်ဘူး။ ဘုရားတရားောတ်ကို ကိုယ်တိုင် နှစ်နှစ်ကာကာကြီး ယုံကြည်ပြီးကမ္မဋ္ဌာန်းအလုပ် လုပ်ပြမှ သူတပါးလည်း နှစ်နှစ်ကာကာ ယုံကြည်လာမယ်။ ကမ္မဋ္ဌာန်းအလုပ်လုပ်မယ်။ ဒါဟာ ငါ့ဝါဒ၊ ငါ့အယူအဆပဲ။ အေး-ဒါကြောင့် ငါ့ကို ခေတ်ဆန်တဲ့ ဘုန်းကြီးဆိုပြီး အပြောသမားသက်သက် အဟောသမားသက်သက်လို့ ထင်တဲ့သူ ရှိတယ်။ ငါ ငယ်ငယ်ကတည်းကစပြီး ကမ္မဋ္ဌာန်းအလုပ်လုပ်ခဲ့တယ်။ ဒီအလုပ်ကလည်း ငါ့ကို ကျန်းမာစေတယ်လို့ ငါယူဆတယ်-ဟူ၍ ဆရာတော်ကြီးက ကမ္မဋ္ဌာန်းအလုပ် တန်ဖိုးရှိပုံကို အရှင်ဉာဏိကအား ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးက နောက်တခုက ကိုယ်လက်လှုပ်ရှားခြင်းဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေးကျင့်မှုတရပ်ပဲ။ လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူများအတွက် အလွန်အရေးကြီးတယ်။ လမ်းမလျှောက်လို့ ဖြစ်ကို မဖြစ်ဘူး။ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြံသွားခြင်းရဲ့ အကျိုး ၅-ပါးကို ဘုရားရှင် ဟောထားတာရှိတယ်။ ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ များ၏စင်္ကြံအကျိုးတည်း-တဲ့ ဟူ၍လည်း မိန့်တော်မူသည်။

ဒါကြောင့် ငါ အင်္ဂလန်မှာ နေတုန်းက ရာသီ ဥတု ဘယ်လောက်အေးအေး ထွက်ပြီးလမ်းလျှောက်တာပဲ။ မိုးသိပ်များလို့ မထွက်နိုင်ရင်လဲ ကျောင်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်။ Touch-toe ခြေဖျားကို ထိအောင်ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုး မပျက်မကွက်လုပ်လေ့ရှိတယ်။ ဒါကြောင့် နှာစေးချောင်းဆိုးမှတပါး အခြားရောဂါဖြစ်တယ်လို့ သိပ်မရှိပါဘူး-ဟူ၍ ဆရာတော်ကြီးက မိမိကျန်းမာရေး ကောင်းမွန်ပုံတို့ကို ဖွင့်ဟမိန့်တော်မူခဲ့သည်။

ဤကား ဆရာတော် အရှင်ဉာဏိက ရေးသားပြုစုသည့် ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ ဘ၀ဖြစ်စဉ်နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု မှတ်တမ်းစာအုပ်မှ ကျန်းမာအသက်ရှည်ရေးနှင့် ပတ်သက်၍ ထုတ်နှုတ်တင်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။

( မင်းယုဝေ )

ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှားခြင်း အကျိုးများ

ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှား မေတ္တာထား၍ ဆက်ဆံသူကား-
မျက်နှာမြင် ချစ်ခင်၊ အသံကြား သနား၊ ဆိုသည့်ဆုနှင့် ပြည့်စုံတတ်၏။
ရန်သူမျိုးငါးပါးတို့၏ အန္တရာယ်မှ လွတ်ကင်းတတ်၏။
မျက်နှာကြည်လင် စိတ်ကောင်းဝင်လျက် နေရ၏။
သူတပါးတို့ ပူဇော်သက္ကာရပြုခြင်းကို ခံရ၏။
မိမိကို သူတပါးတို့က ကျိုးနွံရိုသေစွာ ဆက်ဆံ၏။
ခံ့ညား ရိုသေ၏။
ခြွေရံသင်းပင်းတို့ တနေ့တခြား တိုးပွားစည်ပင်၏။
အလုပ်အကိုင် အကြံအစည် ထမြောက်အောင်မြင်၏။
ဆွေလယ် မျိုးလယ် တင့်တယ်၏ သြဇာရှိ၏။

( မင်းဘူး ဦးသြဘာသ-တေမိဇာတ် )

ကုသိုလ်ကြီး သုံးရပ်

ကုသိုလ်ဆိုသည်မှာ ကုသလဟူသော ပါဠိစကားမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ ကောင်းမှု-ဟူ၍ဖြစ်သည်။ လူ့ဘ၀တွင် စိတ်စေတနာကောင်းမွန်သော ပုဂ္ဂိုလ်များသည် ကောင်းမှုကုသိုလ်အမျိုးမျိုး ပြုကြသည်။ ယင်းသို့ ပြုကြရာတွင် အဓိကကျသော ကုသိုလ်ကြီးသုံးရပ် ရှိသည်။ ယင်းတို့မှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ ဖြစ်ကြသည်။

ထိုကုသိုလ်သုံးရပ်တွင် ဒါနကုသိုလ်သည် ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းတည်းဟူသော ကောင်းမှုဖြစ်သည်။
သီလကုသိုလ်သည် ငါးပါး ရှစ်ပါး ကိုးပါး ဆယ်ပါးစသော ကျင့်ဝတ်တို့ကို စောင့်ထိန်းသော ကောင်းမှုဖြစ်သည်။ ဘာဝနာကုသိုလ်မှာ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်သော ကောင်းမှုဖြစ်သည်။

ဤကုသိုလ်ကြီးသုံးရပ်လုံးပင် မွန်မြတ်လှသည်။ ပြုသူကို ယခုဘ၀ရော နောင်ဘ၀တွင်ပါ ကောင်းကျိုးချမ်းသာများ ဖြစ်စေနိုင်သည်။ သို့ရာတွင် ဤကုသိုလ်ကြီး သုံးရပ်မှာလည်း အကျိုးကျးဇူးကြီးမားပုံခြင်း မတူကြပေ။ ဒါနကုသိုလ်ထက် သီလကုသိုလ်က ပို၍ အကျိုးကြီးသည်။ တဖန် သီလကုသိုလ်ထက် ဘာဝနာကုသိုလ်က ပို၍ အကျိုးကြီးသည်ဟု ဝေလာမသုတ္တန်၌ ဘုရားရှင်ဟောကြားတော်မူခဲ့သည်ကို အထင်အရှားသိမြင်နိုင်ပေသည်။

ဤနေရာတွင် ဘာဝနာဆိုရာ၌ သမထဘာဝနာ ၀ိပဿနာဘာဝနာ ဟု၍ နှစ်မျိုးရှိသည်ကို ပိုင်းခြားသိမြင်ရပေမည်။ အာရုံတခုတည်း၌ တည်နေသော စိတ်ကို ထပ်တလဲလဲ ဖြစ်အောင် ပွားများခြင်းသည် သမထဘာဝနာဖြစ်ပေသည်။ သမထဘာဝနာသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်းအေးစေနိုင်သည်။
ဝိပဿနာဘာဝနာသည်ကား ပညာစခန်း ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို ထပ်တလဲလဲ ပွားများရှုမြင်၊ သိမြင်သောပညာ ဖြစ်သည်။ တနည်းအားဖြင့်-ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပညာ ဖြစ်သည်။ ၀ိပဿနာဘာဝနာကို ကျင့်ကြံပွားများမှသာ မဂ်တရား ဖိုလ်တရားတို့ကို ရရှိနိုင်ပေမည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဒါနကုသိုလ်၊ သီလကုသိုလ်မျှဖြင့် မတင်းတိမ်သင့်။ ဒါနကုသိုလ် သီလကုသိုလ်အပြင် ဘာဝနာကုသိုလ်တည်းဟူသော ၀ိပဿနာတရားကိုပါ ကျင့်ကြံပွားများအားထုတ်နိုင်ရန် ကြိုးစားကြရပေမည်။ ဗုဒ္ဓဘုရားရှင်ကလည်း ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မှ အသက်ရှည်ရခြင်းသည် မြတ်၏ဟူ၍ ဓမ္မပဒ၌ ဟောကြားထားပေသည်။ ထို့ကြောင့် အမြတ်ဆုံးဖြစ်သော ၀ိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သြ၀ါဒ

မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ် မေတ္တာပွားပါ့မယ်။
သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိ ထားပါ့မယ်။
တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မည့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။


( မန္တလေး မစိုးရိမ်ကျောင်းတိုက် မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တ ၀ိသုဒ္ဓါဘိဝံသ မဟာထေရ် )

Thursday, September 10, 2009

စိတ်ထားဖြူစင်၍ ကောင်းကျိုးခံစားရသူ

မောင်လှိုင်ဝင်းသည် ရှားတောမြို့နယ် အောင်ချမ်းသာရပ်ကွက်နေ ဦးဘအောင် ဒေါ်ဝင်းတို့၏ ဒုတိယမြောက်သား ဖြစ်သည်။
သူသည် ၁၉၉၈-ခုနှစ် အသက် ၁၇-နှစ်တွင် အခြေခံပညာ အထက်တန်း (ယခုတက္ကသိုလ်ဝင်တန်း) စာမေးပွဲကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ မိဘများသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းကြသည်။ ဥပုသ်သီတင်းနေ့ရက်များတွင် တအိမ်သားလုံး သက်သတ်လွတ်စားကာ ဥပုသ်သီလ ဆောက်တည်ကြသည်။

မောင်လှိုင်ဝင်းသည်ကား ဘာသာတရားကို ကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိသူဖြစ်သည်။ ထို့ကြောင့် မိဘဆွေမျိုးမျာကလည်း သားတဦးသာပါသော မောင်လှိုင်ဝင်းကို အလွန်ချစ်ခင်ကြသည်။
၁၃၆၁-ခုနှစ် ၀ါခေါင်လဆန်း ၈-ရက်နေ့က ဖြစ်သည်။ အချိန်ကား ည ၉-နာရီထိုးလုပါပြီ။ မောင်လှိုင်ဝင်းသည် တတိယမြောက်နေ့အဖြစ် အဓိဋ္ဌာန်ပုတီးစိပ်ရန် (*****) စေတီတော်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ဘုရားပေါ်ရှိ ဂေါပကအဖွဲ့များ အိမ်ပြန်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
မောင်လှိုင်ဝင်းသည် မိနစ် ၅၀-ခန့်အကြာတွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး၍ အိမ်ပြန်ရန် ပြင်ဆင်သည်။ ထိုစဉ် အလှူခံသေတ္တာဆီသို့ အမှတ်မထင် လှမ်းကြည့်လိုက်သည်။ ဟာ-ဟင် ဟူသော အာမေဍိတ်အသံနှင့်အတူ မောင်လှိုင်ဝင်းတယောက် အလှူခံသေတ္တာပုံး ရှိရာသို့ မရဲတရဲလျှောက်လာမိသည်။ အကြောင်းမှာ အလှူခံသေတ္တာပုံးတွင် သော့တံနှင့်သော့အိမ် တွဲလျက်ကျန်ရစ်နေသည်ကို တွေ့ရှိရခြင်းကြောင့် ဖြစ်သည်။

ဂေါပကအဖွဲ့ဝင်တဦးဦးမေ့ပြီး ကျန်ရစ်ခဲ့ဟန်တူသည်။ သူသည် ဘုရားပေါ်နှင့် အနီးပတ်ဝန်းကျင်တို့ကို အကဲခတ် ကြည့်လိုက်မိသည်။ သို့သော် မည်သူတဦးတယောက်ကိုမျှ မတွေ့ရတော့ချေ။ သူတဦးသာလျှင် ဘုရားပေါ်တွင် ရှိနေပါသည်။
အလှူခံသေတ္တာထဲမှ ငွေများမှာ နှစ်သောင်းခန့်ရှိမည် ထင်ပါသည်။ မှန်ပေါင်ခြင့် ပြုလုပ်ထားသဖြင့် အတွင်းက ငွေများကို အတိုင်းသားမြင်နေရသည်။ ထိုငွေများ မသမာသူလက်ထဲ ရောက်သွားမည်ကိုလည်း စိုးရိမ်နေသည်။

နောက်ဆုံး မောင်လှိုင်ဝင်းသည် ခိုင်မာသောဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ အလှူခံသေတ္တာကို သေချာစွာပိတ်၍ သော့ပြန်ခတ်လိုက်သည်။ ထို့နောက် ထိုသော့တွဲကိုယူကာ ဂေါပကအဖွဲ့ဝင်ဖြစ်သော ဦးလှအောင် နေအိမ်သို့ ညတွင်းချင်း သွားရောက်အပ်နှံခဲ့သည်။ ဂေါပကအဖွဲ့ဝင် ဦးလှအောင်သည် ကျေးဇူးတင်လွန်းသဖြင့် သူပိုင်သော ငွေ-၅၀၀ ကျပ်ကိုပင် မောင်လှိုင်ဝင်းအား ဆုငွေအဖြစ် ပေးလိုက်သည်။

သို့သော် မောင်လှိုင်ဝင်းသည် တာဝန်သိသူတယောက်အနေဖြင့်လည်းကောင်း၊ သူ၏အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ငွေနှင့်တန်ဖိုး မဖြတ်နိုင်သူဖြစ်သောကြောင့်လည်းကောင်း ဦးလှအောင်၏ ဆုငွေ ၅၀၀-ကို လက်မခံခဲ့ပေ။
ထိုအကြောင်းကို မိဘများအား ပြန်လည်ပြောပြသောအခါ သား၏လုပ်ရပ်ကို အံ့သြ၍မဆုံး ချီးကျူး၍မဆုံး ရှိကြပါသည်။။

ထိုသို့ရှိရာမှ တနေ့တွင် မောင်လှိုဝ်၀င်းတယောက် ထီပေါက်သည်ဟူသော သတင်းသည် တရပ်ကွက်လုံး ပျံ့နှံ့သွားသည်။ (၁၃ရ) ကြိမ်မြောက် ထီဖွင့်ပွဲ၌ မင်္ဂလာစုံတွဲတွင် ရှေ့ဂဏန်း ၃-လုံးတူရာ ဆုငွေ ငါးသောင်းကျပ် ရရှိခဲ့သည်။ သူ့စေတနာက သူ့ကို အကျိုးပေးသည်ဟု ကျွန်တော် ယုံကြည်ယူဆမိပါသည်။

( မောင်ချစ်ကြည် )

( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )

ဇီဝိတဒါန အကျိုး

ကျွန်မတို့အိမ်တွင် အမေ၊ ကျွန်မနှင့် ညီမလေး၊ စုစုပေါင်း မိသားစုသုံးယောက်သာ နေပါသည်။ အဖေမှာ မုရစ်ကလေးရွာ ဂြင်အစ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက် ရှိသော ဦးပဉ္ဇင်းကြီး ဦးတိဿ ဖြစ်ပါသည်။ ရဟန်းဘ၀သို့ ရောက်ရှိနေသည်မှာ ၅-နှစ်ခန့် ရှိပါပြီ။

အဖေသည် ကျွန်မတို့ငယ်စဉ်ကတည်းက ၅-ပါးသီလကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း အမြဲတမ်းသွန်သင်ဆုံးမခဲ့ပါသည်။ အဖေဆုံးမခဲ့သည့်အတိုင်း ကျွန်မတို့လည်း လိုက်နာကျင့်သုံးခဲ့ကြပါသည်။
အဖေသည် တိုင်းရင်းဆေးဆရာအလုပ်ဖြင့် မိသားစုကို လုပ်ကိုင်ကျွေးခဲ့ပါသည်။ အဖေသည် သတ္တ၀ါများကို ကြင်နာသနားသည်။ အမေ ဈေးက၀ယ်လာသော ငါးပုဇွန်များထဲတွင် အရှင်ပါလာပါက ရေရှိရာ မြောင်းထဲသို့ ပြန်၍ အလွတ်ခိုင်းသည်။ ကျွန်မတို့အိမ်တွင် ငါးပုဇွန်အသေများကိုသာ ၀ယ်စားလေ့ရှိသည်။

တနေ့ အမေဈေးက ငါးတကောင်နှင့် ပုဇွန်များ ၀ယ်လာပါသည်။ ငါးဝယ်စဉ်က ငါးသည် မိန်းမောနေမှန်း အမေ မသိခဲ့ပါ။ အသေထင်၍ ၀ယ်လာခဲ့ပါသည်။ အိမ်ရောက်သောအခါ ငါးကို မကိုင်သေးဘဲ ပုဇွန်ကိုသာ ကိုင်နေပါသည်။ ထိုအခိုက် မိန်းမောနေရာမှ ပြန်၍ သတိရလာသော ငါးသည် အမြီးတဖျပ်ဖျပ် လှုပ်လာပါသည်။ ငါးရှင်နေသည်ကို သိသောအမေသည် ချက်ချင်းပင် ရေမြောင်းထဲသို့ သွား၍ လွှတ်လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့မနက် ၅-နာရီခွဲ ဆွမ်းခံကြွချိန်တွင် ကျောင်းဝင်းအလွန်၌ အဖေဦးပဉ္ဇင်းကြီးကို မည်သည့်အကောင် ကိုက်သွားသည်ကို သဲသဲကွဲကွဲ မမြင်လိုက်ရပါ။ ခြေမျက်စိနား၌ အပေါက်ရာ သုံးနေရာကိုတော့ တွေ့လိုက်ရပါသည်။ ချက်ချင်း ခြေထောက်များ လေးလာသဖြင့် ကျောင်းရှိရာသို့ ပြန်တက်သွားပါသည်။ ကျောင်းရောက်လျှင်ရောက်ချင်း အဆိပ်နိုင်ဂမုန်းဥကို ဘုဉ်းပေးပြီး ဝေဒနာကို ကြိတ်မှိတ် ခံစားနေရပါသည်။

ကျောင်းတိုက်ရှိ ဦးပသ္ဇင်းလေး ၂-ပါးနှင့် ဒါယကာများ၏ အကူအညီဖြင့် ချောင်းဆုံမြို့နယ် ဂိလာနသံဃာ့ဆေးရုံသို့ ရောက်ရှိပါသည်။ ဆေးရုံ၌ ၂-ည ၃-ရက် ဆေးကုသမှုကို ခံယူခဲ့ပါသည်။ အဆိပ်မတက်တော့သော်လည်း ခြေထောက်များတင်း၍ လေးနေသောကြောင့် တပတ်ခန့် လမ်းလျှောက်၍ မရခဲ့ပါ။ ၁၅-ရက်ခန့်ကြာမှ ဆွမ်းခံပြန်ကြွနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အသက်ချမ်းသာရာ ရခဲ့ပါသည်။

ထိုနေ့က အဖေဦးပဉ္ဇင်းကြီး အကောင်အကိုက်ခံရသောနေ့နှင့် ကျွန်မတို့ ငါးအရှင်တကောင်ကို လွှတ်လိုက်သောနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် တနေ့တည်း ဖြစ်နေပါသည်။ ထိုအကောင်အကိုက်ခံရသော်လည်း အဖေဦးပဉ္ဇင်းကြီး အသက်ချမ်းသာရာရသည်မှာ ဇီဝိတဒါန ကိုသိုလ်အကျိုးပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( မြဆန်း-အ-မ-က ၀ယ်လမ်း )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဧပြီလ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP