* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 12, 2009

မျက်ရည်မကျခင် သိစေချင်



မေတ္တာရှင် ဆရာတော်၏ ဆောင်းပါးလေးတစ်ခုပါ။ မသိသေး မဖတ်ရသေးသူများအတွက် ထပ်မံဖြန့်ဝေလိုက် ပါသည်။

လွန်ခဲ့သော (၁၅) နှစ်ခန့် ၁၃၄၃ ခုနှစ် ပြာသိုလ၏ တစ်ခုသောည၊ တစ်ည၊အချိန်အားဖြင့် ည (၁၁) နာရီ ကျော်နေပြီမို့ မြင်းခြံခရိုင် တောင်သာမြို့၏ကျက်သရေဆောင် သာသနာ့ မူလိကာရာမ ကျောင်းသစ်ကျောင်း စာသင်တိုက်ကြီးအတွင်းမှ စာချ စာသင် သံဃာတော် အရှင်မြတ် (၇၀) ကျော်တို့ မိမိတို့အိပ်ရာအသီးသီးတွင် ကျိန်းစက်တော်မူ နေကြပြီ ဖြစ်သည်။ထိုအချိန်မှာပင် ရုတ်တရက် မြင်းခွာသံများ ကြားလိုက်ရသဖြင့် စာရေးသူကအိပ်ရာမှထထိုင်ကာ နားကို အသာစွင့်ထား လိုက်မိသည်။ အချိန်မတော်မြင်းလှည်းဝင်လာပြီ ဆိုသည်နှင့် သွေးအလှူခံလာခြင်း ဆိုသည်ကိုတော့ တပ်အပ်သိလိုက်ပါပြီ။ တောင်သာမြို့လေးမှာ ခရိုင်ထဲတွင် ပါဝင်သောနယ်မြို့လေးတစ်မြို့သာ ဖြစ်သောကြောင့် လူသိတော့ သိပ်မများလှပါ။

သို့သော် မြို့သူမြို့သားများ၏ စေတနာ၊ ကျောင်းသစ်ကျောင်း စာသင်တိုက်မှပဓာနနာယက ဆရာတော်နှင့် စာချ ဆရာတော်များ၏ မေတ္တာကြောင့် စာရေးသူကဲ့သို့မန္တလေးမြို့ပေါ်မှာ ရှင်ဖြစ်သော စာသင်သား အချို့ပင် ဤကျောင်းတိုက်သို့လာရောက် ပညာသင်ကြား ရသည်အထိ သူ့အတိုင်းအတာနှင့် သူတော့ ထင်ရှားသောမြို့
တစ်မြို့ပင်။ရန်ကုန်၊ မန္တလေး ဆေးရုံကြီးများ ကဲ့သို့ ခေတ်မီပစ္စည်းများ အပြည့်အစုံမရှိသေးသောကြောင့် တောင်သာမြို့နယ် ဆေးရုံမှာ သွေးလှူရှင် ရှိသော်လည်းသွေးများကို ကြိုတင်အလှူခံပြီး သိုမှီး သိမ်းဆည်း ထားနိုင်စွမ်း မရှိပါ။ထို့ကြောင့်လည်း သွေးလိုသော အရေးပေါ် လူနာ ရောက်လာသော အခါတွင်မှ
ဦးရေများများ သွေးလှူလေ့ရှိသော စာရေးသူတို့ ကျောင်းတိုက်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့သို့သွေး အလှူလာခံလေ့ ရှိသည်။ကျောင်းတိုက်မှ ၀ါတော်အကြီးဆုံး စာချ ဆရာတော်ဖြစ်သော ဆရာတော်
ဦးနန္ဒောဘာသ၏ နည်းပေး လမ်းပြမှုကြောင့် စာရေးသူတို့သည်လည်း (၁၈)နှစ်သားအရွယ်မှ စတင် သွေးလှူခဲ့ရာ ယခုဆိုလျှင် အကြိမ်ပေါင်း (၃၉) ကြိမ်ရှိခဲ့လေပြီ။ သွေးလှူတတ်ရန် နည်းပေးလမ်းပြ အားပေး တိုက်တွန်းခဲ့သောဆရာတော်၏ ကျေးဇူးကို ဘယ်သောအခါမှ မေ့နိုင်စွမ်းရှိမည် မဟုတ်ပါ။ဆရာတော် ကိုယ်တိုင်လည်း အကြိမ် (၂၀) ကျော် သွေးလှူခဲ့ပြီးကျန်းမာရေးကြောင့် နောက်ပိုင်း လှူခွင့်မရတော့ခြင်း ဖြစ်ကြောင်းသိရပါသည်။

နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း သွေးအလှူခံလာသော မြင်းလှည်းပြန်ထွက်သွားတာ မတွေ့ရသောကြောင့် သွေးအလှူရှင် မရသေးကြောင်းကို ထပ်ဆင့်သိလိုက်ရပြန်သည်။ သံဃာ (၇၀) ကျော်တွင် သွေးလှူနိုင်သော သံဃာ (၄၀) လောက်ရှိသောကြောင့် တစ်ပါးမဟုတ် တစ်ပါးတော့ ရရမည်ဟု စားရေးသူက တွက်ဆထား သည်။ စာရေးသူ ချက်ချင်း ထမသွားခြင်းမှာ ပထမအကြိမ် လှူပြီးတာ လေးလ အတိအကျမပြည့်သေးသော ကြောင့်ပင်။ ကြာကြာ ၀ါးမည့်သွား အရိုးကြည့်ရှောင် ဟူသောစကားအတိုင်း အမြဲတမ်းသွေးလှူနေမည့် သူတစ်ယောက်အနေဖြင့်မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဆိုသည့် အသိတရားကလွှမ်းမိုးထား သောကြောင့်လည်း အခြား လေးလပြည့်ပြီးသူများကို မျှော်ကိုး၍ချက်ချင်း ထမသွားခြင်းပါ။

သို့သော် နာရီဝက်ရှိသည်အထိ သွေးအလှူရှင် မရသေးဘူးဆိုတော့ လူနာအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ဒီလိုနေနေလို့ မဖြစ်တော့ ဟူသော အတွေးနှင့်အတူစာရေးသူ ခြေလှမ်းများက ကျောင်းတံခါး ပေါက်ဆီသို့ ဦးတည် လိုက်ပါသည်။တံခါးပေါက်က ပွင့်နေပြီးသား၊ ဟုတ်တာပေါ့ ဆရာတော် ဦးနန္ဒောဘာသ တော့ခြောက်ဧကခန့် ကျယ်သော ကျောင်းတိုက်ဝင်းကြီးအတွင်း လှည့်ပတ်၍ သွေးလှူရှင်ရှာနေလောက်ပေပြီ။

ကျောင်းဆောင်ရှေ့အရောက်မှာပင် ကိုရင်ဣန္ဒ၀ံသကို အသင့်တွေ့လိုက်သည်နှင့်-“ကိုရင်ဣန္ဒ၀ံသ သွေးလှူရှင် မရသေးဘူးတဲ့လား”“မရတာမဟုတ်ဘူး သွေးလှူရှင် ကိုယ်တော်တွေက ဒီလူနာမျိုးကို သွေးမလှူချင်လို့ ရှာမရဖြစ်နေတာ” “ဟာ……. ဘာဖြစ်လို့မလှူချင်ကြတာတဲ့လဲ”“လူနာက ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး ဆေးသောက်တာတဲ့၊ အဲဒါကြောင့်အသက်သေချင်လို့ သေကြောင်းကြံတဲ့လူနာကို အသက် ပြန်ရှင်အောင် လှူနေစရာမလိုပါဘူးဆိုပြီး မလှူကြတာပေါ့”“အဲဒီအယူအဆကို တပည့်တော် လက်မခံဘူး၊ အရှင်ဘုရားရော လက်ခံသလား ကိုရင်ဣန္ဒ၀ံသ”“တပည့်တော်တော့ လက်ခံတယ်၊ ဒါကြောင့် တပည့်တော်လဲ လိုက်မလှူတာ”

“ဒါဆို အရှင်ဘုရားကို တစ်ခုမေးပါရစေ၊ တလောက ရပ်ကွက်ထဲ ရွှေပန်းတိမ်အိမ်တစ်အိမ်က လသားအရွယ် ကလေးလေး တစ်ယောက် ရွှေသန့်စင်တဲ့ ငရဲမီးတွေကိုသောက်မိလို့ အသက်ဆုံးသွားရတယ်။အဲဒီကလေးလေး သေသွားရတာ ငရဲမီးတွေ သောက်တဲ့ကလေးရဲ့အပြစ်လား၊ ငရဲမီးကို ကလေးနဲ့ လွတ်ရာကျွတ်ရာမှာ မထားတဲ့ လူကြီးမိဘတွေရဲ့ အပြစ်လား”“ကိုရင် ဇ၀နကလဲ ဒါကတော့ လူကြီးတွေရဲ့ အပြစ်ပေါ့ ဟိုလသား အရွယ်လေး ကတော့ဘာသိတာ မှတ်လို့”“အဲဒါဆိုရင် အခုသေကြောင်းကြံတဲ့ လူနာကိစ္စမှာလဲ သေကြောင်းကြံတဲ့ လူနာမှာဘာမှ အပြစ်မရှိဘူး၊ အရှင်ဘုရားတို့၊ တပည့်တော်တို့ သံဃာတွေနဲ့မိဘတွေမှာပဲ အပြစ်ရှိ တယ်”“ဟောဗျာ… ကိုရင်ဇ၀န ကြည့်လဲလုပ်ဦး၊ ဘုန်းကြီးအမှု ရွာပတ်လို့သာကြားဖူးတယ်၊ အရှင်ဘုရားလုပ်မှ ရွာအမှု ဘုန်းကြီးပတ် ဖြစ်နေပါလား”“ဒါလဲ ဖြစ်သင့်လို့ ဖြစ်တာလို့ပဲ မှတ်ကြရအောင်၊ အရှင်ဘုရား တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးတစ်ခု ကြားဘူးလားမသိဘူး”
“ဆိုစမ်းပါဦး”
“ကွန်ဖြူးရှပ်က ပြောတယ်၊ သဘောထား မပြည့်ဝတဲ့သူဟာ သူတစ်ပါး အပြစ်ကိုပဲမြင်လေ့ရှိတယ်။ သဘောထားပြည့်ဝတဲ့ သူကျတော့ ကိုယ့်ကိုယ်ပဲ အပြစ်မြင်တယ်၊ပိုပြီး သဘောထား ပြည့်ဝတဲ့ သူကျတော့ ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူးတဲ့။အဲဒီတော့ အရှင်ဘုရားတို့ တပည့်တော်တို့လဲ သဘောထား ပြည့်ဝတဲ့သူထဲ ပါအောင်ကိုယ့်အပြစ်ကိုယ်ပဲ ရှာကြည့်ကြရအောင်၊ အခု သေကြောင်းကြံတဲ့ ကိစ္စမှာ သေကြောင်းကြံတဲ့ လူနာဟာ ဘ၀တန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာတန်ဖိုး၊ဘာသာအနှစ်သာရ ဘာမှမသိရှာဘူး၊ ဒါကြောင့် လူ့ဘ၀တစ်ခုကို လွယ်လွယ်ပြန်ရမယ်လို့ ထင်လို့သာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံတာပေါ့”

“ဒါကြောင့် သေကြောင်းကြံတဲ့ လူနာမှာ အပြစ်မရှိဘူးလို့ ပြောခဲ့တာပေါ့၊သံဃာများနဲ့ မိဘများက ဘာ့ကြောင့် အပြစ်ရှိသလဲ ဆိုတော့ ဒီလူနာကို အခုလိုသေကြောင်း မကြံစည်မီ အချိန်တုန်းကတည်းက ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ဘ၀အနှစ်သာရ၊ ဘာသာ အနှစ်သာရကို သေသေချာချာ နားလည်အောင် ဗိုက်ထဲမှာ
ဘုရားတည် မပေးမိတဲ့အတွက်ပဲ”“ဘယ်လို၊ ဗိုက်ထဲမှာ ဘုရားတည်မပေးတဲ့အတွက် ဟုတ်လား”
“ဟုတ်တယ်၊ ဒါက တင်စားပြောတာပါ၊ အရှင်ဘုရား အချိန်ရရင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေထဲ ၀င်ကြည့်၊ အလှူခံပုံးတွေမှာ ရေးထားတဲ့စာကကလေးများဗိုက်ထဲ ဘုရားတည်ရန်တဲ့၊ ဘယ်လောက် ကောင်းလိုက်တဲ့
ရည်ရွယ်ချက်လဲလို့၊ အဓိပ္ပာယ်က နုနယ် ငယ်ရွယ်တဲ့ ကလေးဘ၀ ကတည်းက ဘာသာရေး
အသိဉာဏ်တွေကို အပြည့်အ၀ သွင်းပေးထားရမယ် ဆိုတာပါပဲ။”“ဒါကို အတုယူပြီး ဗုဒ္ဓဘာသာ ကလေးများကိုလဲ ငယ်ရွယ်စဉ်ကတည်းက ယဉ်ကျေးမှုဘာသာရေး သင်တန်းတွေ အပြည့်အ၀ သင်ပေးနိုင်အောင် ဆရာဒကာ လက်တွဲပြီးသေသေချာချာ ကြိုးစားသင့်ကြပြီ။ မြေပြင်မှာတည်တဲ့ ဘုရားထက် ဗုဒ္ဓဘာသာကလေးငယ်တွေရဲ့ နှလုံးသားမှာ တည်တဲ့ဘုရားက သာသနာအတွက် ပိုပြီး
ကျေးဇူးများမယ် ဆိုတာကို အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကမ္ဘာကျော်ဗောဓောဗုဓု ကျောက်စေတီကြီးက သက်သေပြနေပြီလေ”

“ကလေးတွေရဲ့ နှလုံးသားထဲမှာ တည်ထားတဲ့ ဘုရားမရှိတော့ အရင်တုန်းကဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား တစ်ပြည်လုံးဟာ အခု အချိန်မှာတော့တခြားဘာသာတွေရဲ့ လက်ထဲ ရောက်ခဲ့ရပြီ မဟုတ်လား။ ဒီဘာသာခြားတွေရဲ့အန္တရာယ်မျိုးကျတော့ မြေပြင်မှာ တည်ထားတဲ့ ဗောဓောဗုဓု ကျောက်စေတီကြီးက
ဘာမှ မတတ်နိုင်တော့ဘူး မဟုတ်လား”“ကဲ တော်ပြီ စကားသိပ်ရှည်နေလို့ လူနာအသက် မမီဘူးဖြစ်နေဦးမယ်။
တပည့်တော်ကတော့ သွေးလဲလှူမယ်၊ ဘာသာရေး အသိဉာဏ် ဓမ္မကိုလဲလှူမယ်”ပြောပြောဆိုဆိုဖြင့် ထွက်ခဲ့ရာ သွေးအလှူခံလာသော မြင်းလှည်းနားသို့ရောက်လာသည်နှင့် စိုးရိမ်တကြီးဖြင့် သွေးအလှူရှင်ကို စောင့်မျှော်နေသည့်အသက် (၅၀) အရွယ် ဒကာကြီးတစ်ဦးကို တွေ့လိုက်ရသည်။ စာရေးသူက-
“ဒကာကြီး သွေးအလှူရှင်ရပလား”
“မရသေးပါဘုရား”
“ဘယ်နှစ်ပုလင်းလဲ”
“တစ်ပုလင်းပါဘုရား”
“သွေးအမျိုးအစားကရော”
“ဘီသွေးပါဘုရား”
“ကဲ ဒါဆိုရင်သွားကြစို့၊ ကိုရင်ပဲလှူမယ်၊ တခြားစောင့်မနေနဲ့၊ရမှာလဲမဟုတ်ဘူး၊ ကိုရင်ဣန္ဒ၀ံသ ဆရာတော် ဦးနန္ဒောဘာသကို လျှောက်လိုက်ပါ၊သွေးလှူဖို့ တပည့်တော် လိုက်သွားပြီလို့”ကျောင်းနှင့် တစ်မိုင်သာသာခန့် ဝေးသော ဆေးရုံဆီသို့ မြင်းလှည်းမောင်းထွက်လာသည်နှင့် စာရေးသူက မျက်နှာတွင် ညှိုးရော် ကြေကွဲရိပ်
ထင်နေသည့် ဒကာကြီးအား တစ်ချက်မေးကြည့်လိုက်သည်။“ဒကာကြီး လူနာက ဘယ်လိုဖြစ်တာတုံး၊ နည်းနည်းလောက် ပြောပြပါလား”“မှန်ပါ၊ ပြောပြပါမယ်ဘုရား၊ တပည့်တော်တို့က တောကပါဘုရား၊ သမီးလေးကိုစာတတ်ပေတတ် ဖြစ်စေချင်လို့ မြို့ပေါ်က သူ့ဦးလေးအိမ်မှာ နေစေပြီးကျောင်းတက်ခိုင်းပါတယ် ဘုရား။ အဲဒါ ဒီနှစ်ဆယ်တန်း စာမေးပွဲကျတော့စာမကြိုးစားဘဲ အပျော်အပါးနဲ့ အချိန်ကုန်နေလို့ ဖြစ်မှာပဲလို့ထင်ပြီးလူရှေ့သူရှေ့မှာ ရိုက်နှက် ဆုံးမမိပါတယ် ဘုရား။ အဲဒါ သမီးလေးက အရှက်ရပြီး
ဘာမီတွန် ဆေးပြားတွေကို တစ်ပုလင်းလုံး သောက်ပစ်လိုက်တာပါပဲ ဘုရား”“တပည့်တော်တို့ သိတဲ့အချိန်ကျတော့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေပြီ။ဒါနဲ့ ဆေးရုံကို ချက်ချင်း ပြေးလာကြတာပါပဲ ဘုရား၊ ဆေးရုံက သွေးလိုတယ်၊သွေးသွင်း ကုရမယ်လို့ ဆိုတာနဲ့ အရှင်ဘုရားတို့ ကျောင်းကို သွေးအလှူခံ
ရောက်လာခဲ့တာပါ။ နောက်မှ သိရတာက သမီးလေး စာမေးပွဲကျတာ အပျော်အပါးကြောင့်
မဟုတ်ဘဲ စာမေးပွဲဖြေခါနီး ကပ်ပြီး နေမကောင်းလို့တဲ့ ဘုရား၊ မစူးစမ်းမဆင်ခြင်ဘဲ လူရှေ့သူရှေ့မှာ ရိုက်နက်ဆုံးမတဲ့တပည့်တော်ရဲ့အပြစ်ပါပဲဘုရား”

ပြောနေရင်းပင် ဒကာကြီး၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်ကိုတွေ့လိုက်ရသဖြင့် စကားလမ်းကြောင်းကို တစ်နေရာသို့ ပြောင်းပေးလိုက်ရသည်။“အဆိုးထဲက အကောင်းပေါ့ ဒကာကြီးရယ်။ နောက် သားသမီးတွေ ဆုံးမတဲ့အခါ ဒီလိုမဖြစ်ဖို့အတွက် သင်ခန်းစာယူရမှာပေါ့၊ စိတ်ပညာ ကျမ်းတွေရဲ့ အဆိုအရ လူဟာကိုယ့်ကိုယ်ကို အထင်အကြီးဆုံးပဲတဲ့၊ ကလေးသူငယ်တွေရဲ့ တလူလူ
တက်နေတဲ့အညွန့်ကို မိဘဆရာတွေက ချိုးမိသလိုမဖြစ်အောင် အမြဲတမ်းဂရုစိုက်ကြရမယ်၊ ဒါကြောင့် ရှေးဆရာများက မိမိတပည့်သားသမီးကိုဆုံးမတာတောင် အဆုံးမတတ်ဖို့အတွက် နည်းလမ်းလေးတွေ ပေးထားတယ်”

“တရံတဆစ်၊
အပြစ်အနာ
တွေ့သောခါဝယ်၊
ကွယ်ရာခေါ်၍
ဆုံးမလေ့၏။
သူ့ရှေ့သူ့မှောက်
ပွဲပြင်ရောက်သော်၊
မြှောက်မြှောက်စားစား၊
သားအားပိုက်ဖြူး၊
မိဘကျူးသို့၊
ကျေးဇူးကိုသာ
ရှာ၍ချည်းဆို။”

“အဓိပ္ပာယ်က တပည့်သားသမီးကို အပြစ်ပြောပြီး ဆုံးမစရာရှိရင်ကွယ်ရာမှာခေါ်ပြီး တိုးတိုးတိတ်တိတ် ဆုံးမပါတဲ့၊ လူ့ရှေ့သူ့ရှေ့မှာဆိုရင်တော့ တပည့်သားသမီးရဲ့ ကောင်းကွက်ကိုသာရှာပြီး ချီးမွမ်းပါတဲ့၊
မိဘဆရာတွေအတွက် မှတ်သားစရာပေါ့ ဒကာကြီး”“အရင်ကသာ ဒီနည်းလမ်းလေး သိထားရင် တပည့်တော် သမီးလေး ဒီအဖြစ်ဆိုးမျိုးဘယ်ကြုံရမှာတုံး ဘုရား”ဘယ်လိုပင် စကားလမ်းကြောင်း ပြောင်းပေးသော်လည်း ဒကာကြီး၏ မျက်ရည်တို့ကဘယ်လိုမှ စဲမသွားခဲ့ပါ။ သို့နှင့်ပင် ဆေးရုံဝင်းထဲသို့ မြင်းလှည်း
ရောက်သည်နှင့် စာရေးသူက သွေးဖောက်သော အခန်းထဲ ခပ်သွက်သွက်ဝင်သွားလိုက်သည်။ သွေးဖောက်နေဆဲ အချိန်မှာလည်း အာနိသင်ပိုရှိရန် သွေးကဆေးကဲ့သို့ အစွမ်းထက်ရန် လူနာသို့မှန်းပြီး မေတ္တာပို့နေလိုက်သည်။

သွေးဖောက်ပြီးသည်နှင့် စောစောက ဒကာကြီး အခန်းထဲသို့ ၀င်လာကာ-“အရှင်ဘုရား သမီးလေးအဖြစ်က သေမယ် ရှင်မယ်ဆိုတာ တပ်အပ်သေချာမပြောနိုင်တော့ ဖြစ်နိုင်ရင် လူနာဆောင်ထဲ ခေတ္တကြွပြီး သိသင့် သိထိုက်တဲ့တရားလေးများကို ဟောကြားပေးပါဘုရား”စာရေးသူ ခေါင်းညိမ့်ပြပြီး လူနာရှင် ဒကာကြီးနှင့်အတူ သွားလိုက်သည်။ လူနာဆောင်ထဲ ရောက်တော့ စာရေးသူထံမှ ထုတ်ယူသွားသော သွေးများကို လူနာအား
ချက်ချင်း ပြန်သွင်းပေနေသည်ကို တွေ့ရသည်။ ထူးခြားသော မြင်ကွင်းက စာရေးသူမျက်စိထဲမှ မထွက်၊ သေလုမြောပါး ဝေဒနာ ခံစားနေရသော်လည်း လူနာမိန်းကလေး၏မျက်နှာက တင်းမာ ခက်ထန်သယောင် ရှိနေသည်။

စကားကတော့ မပြောနိုင်ရှာတော့ပါ။ သွေးလှူရှင် ကိုရင်ကြွလာသည်ဟု မိဘများကပြောလိုက်သည်နှင့် မျက်လုံးကိုတော့ အားယူပြီး ဖွင့်ကြည့်လိုက်သည်ကိုတွေ့ရသည်။ အချိန်က သိပ်တန်ဖိုးရှိနေသည်။ စာရေးသူက အချိန်မဆွဲတော့၊လူနာအား ခေတ္တစိုက်ပြီး စိတ်ထဲမှ မေတ္တာပို့လိုက်ပြီးနောက် လူ့ဘ၀အပါအ၀င်
ရခဲခြင်းတရားငါးပါး၊ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရ။ထို့နောက် ပုထုဇဉ်တိုင်း အားကိုး အားထားပြုရမည့် အပါယ်မလားစေသောကုသိုလ်များ၊ သေခါနီးတွင် ဂတိကောင်းရန် စိတ်ထားပုံမှစ၍
တစ်နာရီခန့်ကြာအောင် တရားအလှူကို ပေးလှူလိုက်ပါသည်။ တရားအဆုံးတွင်လူနာရှင်များရော၊ ဆေးရုံဝန်ထမ်းများပါ အားလုံး ၀မ်းသာအားရ သာဓုခေါ်ကြသည်။ထူးခြားသည်က ဒေါသအရှိန်ဖြင့် တင်းမာသယောင် ရှိနေသော ဆယ်တန်းကျောင်းသူလေး၏ မျက်နှာမှာ နူးညံ့ ပျော့ပျောင်းလာပြီး လက်အုပ်ချီ
ကန်တော့ချင်သည့် အမူအရာကို ပြသဖြင့် မိဘများက သူမ၏လက်ကို လက်အုပ်ချီပြီး
ရင်ဘတ်ပေါ် တင်ပေးလိုက်ကြခြင်းပင်။မျက်စိကို အားယူဖွင့်ရင်း စာရေးသူကို ကန်တော့ရင်းကပင် ၀မ်းသာ
ကြည်နူးနေသော မျက်နှာအသွင်မှ တစ်ဖန် ၀မ်းနည်း ကြေကွဲသော မျက်နှာသို့ချက်ချင်း ပြောင်းသွားပြီး မျက်ရည်များပိုးပိုးပေါက်ပေါက်လှိမ့်ဆင်းလာကြသည်။

အမူအရာဖြင့်သာ ပြောပြနိုင်ရှာသော ဆယ်တန်း ကျောင်းသူလေး၏ စကားကို စာရေးသူ
ဘယ်လိုမှ နားမလည်နိုင်ခဲ့။ သူမပြောပြလိုသော စကားများ၏ အဓိပ္ပာယ်ကိုနောက်သုံးရက်ကြာမှ သိရသည်။ လူနာရှင် ဒကာကြီး ကျောင်းသို့ရောက်လာပြီး-“အရှင်ဘုရား တပည့်တော် သမီလေး ဆုံးသွားပါပြီ ဘုရား၊ သက်သာသလိုတော့ဖြစ်သွားသေးတယ် ဘုရား၊ အဲဒီအချိန်လေးမှာ မနည်း အားယူပြီး အရှင်ဘုရားကို
လျှောက်ခိုင်းတာလေးလဲရှိလို့ လာလျှောက်တာပါဘုရား၊ သမီးလေးပြောသွားတာကတော့ ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကိုမသေခင်မှာ သိသွားရလို့ သူသိပ်ပြီး ၀မ်းသာပါသတဲ့ဘုရား။”

“အရှင်ဘုရားကိုလဲ သွေးတင်မက တရားပါ လှူတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကိုသေချာ လျှောက်ထားခိုင်းပါတယ်၊ တရားဆုံးတဲ့နောက် သူ့မျက်နှာကြည်လင်သွားတာက မသေခင်မှာ သိသင့်သိထိုက်တဲ့ တရားကို သိရလို့ပါတဲ့။သူ့မျက်နှာ ညှိုးသွားပြီး မျက်ရည်ကျတာကိုလဲ တစ်မျိုးမထင်ပါနဲ့တဲ့၊
အဲဒါကတော့ ရခဲတဲ့လူ့ဘ၀ထဲကနေ ဘ၀အနှစ်သာရ ဘာတစ်ခုမှ ထုတ်မယူနိုင်တော့တဲ့အတွက် ၀မ်းနည်းပြီး ငိုမိတာပါတဲ့ဘုရား”ဟု လျှောက်ထားသွားရာ ဒကာကြီး၏ လျှောက်ထားသံက နားထဲကမထွက်။ သြော်- ဆယ်တန်းကျောင်းသူလေးကား ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ ဘာသာအနှစ်သာရကို
မျက်ရည်ကျပြီးမှ သိသွားတာပါလား၊ ကျန်သောဒကာ၊ ဒကာမများ ဘ၀တန်ဖိုး၊ဘာသာတန်ဖိုး၊ ဘာသာအနှစ်သာရကို ဆယ်တန်း ကျောင်းသူလေးကဲ့သို့ မျက်ရည်ကျပြီးမသိစေချင်ပါ၊ မျက်ရည်မကျခင် ကပင် ဘ၀တန်ဖိုး၊ ဘာသာတန်ဖိုး၊ ဘ၀အနှစ်သာရ၊ဘာသာအနှစ်သာရကို သိစေချင်လှပါသည်။
ထို့ကြောင့်လည်း ဤကျမ်းစာကို “မျက်ရည်မကျခင် သိစေချင်” ဟု အမည်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

မေတ္တာရှင်(ရွှေပြည်သာ)
ဆရာတော်ဦးဇ၀န
မန္တလေးကျောင်းတိုက်
(၆)ရပ်ကွက်၊ ရွှေပြည်သာ၊ ရန်ကုန်။

ဆက်ဖတ်ရန်...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP