* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 12, 2009

ကျောင်းဒကာဖြစ်ချင်သလား အလှူခံမလို့(၃)


အဟတ်။

သူလည်း ဘာမှန်းမသိတော့ဘူး။ ရွာက မွေးအမေက အရေးမကြီးတာ ဗဟိဒ္ဓရုံးသုံးမှာ ကြာပြီ။ စာရွက်တွေပေါ်မှာ စပွန်ဆာအမေရဲ့ နာမည်က ထူထူထဲထဲ ရှိနေရမယ်လေ။ သူ့မှာ သူ့ရွာက သူ့အမေရော စပွန်ဆာသူ့အမေရောက သူ့သားကို သိချင်ယောင်ဆောင်ချင်နေကြတာလေ။ ဟိုယောင်ယောင် ဒီယောင်ယောင် မောင်ပဇင်းလေးရဲ့ (စာတတ်ပေတတ်တတ်လို့တော့ အမေကိုယ်တိုင်က ထင်နေတာ အဟား သူ့သားပဲ သူထင်ရှာပေမပေါ့) လောကီ လောကုတ်စာမျက်နှာတွေမှာ ပျော်စရာကြီးဖြစ်ခဲ့ကြသပေါ့။ သူက သူ့အကြောင်းကို သူ့ဓါတ်ပုံတွေ တစ်ခုပြီး တစ်ခုနဲ့ သူ့လုပ်ဆောင်ချက်တွေလည်း ချယ်သရပေမပေါ့။


ကျောင်းဒကာဖြစ်ချင်သလား အလှူခံမလို့(၂)

ခေါင်းစဉ်ဖတ်ပြီး သူ့မိတ်ဆွေအချို့က အလှူခံဌာနဖွင့်ပြီလား လို့လုပ်ကြပါလေရော။ ရဟန်းဘောင်တက်တဲ့ နေ့က “ရဟန်းမှန်ရင် သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ သီတင်းသုံးနေထိုင်နိုင်ရမယ်”လို့ သြ၀ါဒစကားကြားပြီးကတည်း နေရေးထိုင်ရေးမပူတော့တာ။
အင်းခုတော့ တောတွေပြုံးတီး ဂေဟဗေဒစနစ်တွေ ပျက်သုံးလေတော့ သစ်ပင်ကို ကျောင်းအဖြစ်သုံးဖို့ မောင်ဖုန်းအကြံလည်း အငွေ့ပျံရလေသပေါ့။ ပြီးတော့လည်း ဘုတ်အုပ်အထူကြီးတွေဖတ်ပြီး အိပ်မက်မြင့်မြင့်ကြီးတွေမက်ချင်လာတာက ရောဂါဖြစ်လာပါရော။ ဒီလိုနဲ့ စာသင်တိုက်တွေတက် တက္ကသိုလ်တွေဆက်နဲ့ ရွာလေးနဲ့လည်း ဝေးဝေးသွားတော့တာ။

“မောင်ပဇင်းပညာအရည်အချင်းတွေနဲ့ တို့များရွာလေးမှာ အလုပ်မရှိပါဘူးကွယ်” ဆိုတဲ့
ရွာဦးကျောင်းဆရာတော့်အမိန့်ရှိချက်က သူ့ရွာလေးမှာ ပြန်လည်အခြေချပြီး ကျေးလက်သာသနာဖွံဖြိုးရေးစိတ်ကူးလေးလည်း လွင့်ပါးခဲ့ရလေသပေါ့။ ရွာကအမျိုးတွေကလည်း နိုင်ငံခြားသာသနာပြုတို့။ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တို့ ဆိုတဲ့ ဝေါဟာရကြီးတွေကို သူတို့အမျိုးရဟန်းတော်လေးရဲ့ ဘွဲ့အမည်နဲ့ ကပ်ပြီး အနာဂတ်ကို ရွှေချနေကြလေသကိုး။
ရွာနဲ့ ငါနဲ့မဆိုင်တော့လေပြီတကား။ ဝေးချေပြီကော ရွာဦးက ကုက္ကိုပင်ကြီးရေ။

ဓမ္မာစရိယတစ်ဘွဲ့ဘွဲ့ ရပြီးရင် ခုလက်ရှိကျင့်သုံးနေတဲ့ ပရိယတ္တိသင်ရိုးညွှန်းတမ်းအတွက် လုံလောက်နေပါပြီ။ ဓမ္မာစရိယဘွဲ့လေးကို ဆုပ်ကိုင်မိတဲ့ အချိန် ကျေးလက်ခေါ်သံကို နားစွင့်မိပေမယ့် ရွာလေးရဲ့ တံခါးချပ်တွေက သူ့အတွက် ပိတ်နေခဲ့ပါပြီ။

မြို့ပြမှာကောတဲ့။ သူ့လို ရဟန်းငယ်တစ်ပါးအတွက် နေရာမရှိ။ အလုပ်မရှိပြန်ပါ။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းမှာ မီခိုကပ်ရပ်နေထိုင်ကာ လမ်းကြောင်းအသစ်တွေနောက် ဖောက်ထွက်ရပြန်ပါတယ်။ ရာသီတိုင်း ကျောင်းတက်ရင်း ဒီပလိုမာတွေ ၀ိဇ္ဖာဘွဲ့ မဟာဝိဇ္ဖာဘွဲ့တွေက သူ့ဘွဲအမည်နောက်မှာ လိပ်စာကဒ်အတွက် အသုံးဝင်လာခဲ့ပြန်ပါတယ်။ သူ့ရည်ရွယ်ထားမိတဲ့ အနာဂတ်ပရိယတ္တိစီမံကိန်းတွေအတွက်တော့ ငြင်းခုန်ရဆဲပါ။

ဘာတွေဘယ်လိုစကြမလဲ။ ခေါင်းစဉ်အမျိုးမျိုးတွေအောက်မှာ ခပ်တည်တည်လက်မှတ်ထိုးလိုက်ကြပါစို့။ အမေရိကားနဲ့ အနောက်တိုင်းနိုင်ငံတွေ၊ ဂျပန်နဲ့ အရှေ့အာရှ၊ အရှေ့တောင် အာရှ နိုင်ငံတွေ ။ စကားလုံးတွေနဲ့အဆင်ပြေလေမလား။ သူကပြောကြည့်တယ်။ အနာဂတ်ပရိယတ္တိပညာရေးဟာ ဘယ်ဘက်ကို ဦးတည်နေမလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ဖြေနေမိတော့တာ။

10 September, 2009

ကျောင်းဒကာဖြစ်ချင်သလား အလှူခံမလို့

ခုတစ်လော ရေးမိတာတွေက မိတ်ဆွေတွေ ပြောသလို လေးလေးနက်နက်တွေ လုပ်စမ်းပါတဲ့။ သူကလည်း တံဆိပ်တစ်ခုမတပ်ရသေးတော့ ဘာရေးရမှန်းကို မသိတာ။ ရေးချင်တာတွေ ရေးမိနေတော့တာ။ နောက်တော့လည်း ဘာဆရာတော်ဆိုပြီး ဒကာဒကာမတစ်သိုက်ရဲ့ ခေါင်းစဉ်အောက်မှာ ကျောင်းဆောက် ဘုရားတည်ပေါ့လေ။ သူက ကလေးတွေကို စာသင်ချင်တာ။ စာကြည့်တိုက်တွေ ထောင်ချင်တာ။အဲဒါတော့ အားပေးကြမယ်မထင်။

အောဇီးက ဒကာမတစ်စု တောင်းပန်မှုကလည်း မဟာဗုဒ္ဓ၀င်ကို ရုပ်ရှင်သဖွယ် မွှန်းပါဆိုသကိုး။ ကိုမိုက်တီး၊ ကိုမီးပွား ၊မောင်မျိုးမင်းနဲ့ ကိုစင်ရော်ကြီးတို့ကို ကင်မရာကိုင်ခိုင်းပြီး ဒကာကိုနေ၀င်းမြင့်ကြီးကို ဇာတ်ညွှန်းရေးခိုင်းရလေမှာပ။ အင်း မင်းခိုက်စိုးစံတို့ နီကိုရဲတို့ အရိုးတို့ကလည်း ရှိသေး။ အကယ်ဒမီဦးငြိမ်းမင်းကြီးကိုတော့ ဆွမ်းပဲချက်ကပ်တော့ဗျာလို့ ပြောရတော့မှာပဲ။

ပန်းမြိုင်လယ်က ဥယျာဉ်မှူးဇာတ်ဝင်ခန်းထဲမှာ ကျောင်းဆရာကိုနေအောင်ကြီးပြောတဲ့ “လူဆိုတာ ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက် မိုက်၊ ဘယ်တော့မှ မယုတ်မာရဘူးကွ“ လို့ပြောတာက ရောက်မသွားဘဲ တာတီးဇာတ်ကောင် ဒကာကိုကျော်ဟိန်း( ခုတော့ ဘုန်းကြီးဝတ်နေဆိုလား) ကြီးရဲ့ “ အဘရေ သောက် သောက်” ဆိုပြီး ထန်းပင်အောက်မှာ မြောက်ခဲ့တာကြီးက ပေါက်သွားခဲ့တာကိုး။

အင်း ဟောလီးဝုဒ်နဲ့ ဘောလီးဝုဒ်က ပုဂ္ဂိုလ်ကြီးငယ်တွေကိုတော့ မျက်စိမှိတ်လိုက်ရပေမပ။ မွှမ်းမယ် လုပ်ချလိုက်ဦးမယ်။ စောင့်ကြည့်ကြပေတော့။ အင်းဒီအချိုးမျိုးကြောင့်ပဲ ၀ါဆိုကျောင်းလက်မဲ့ဖြစ်ခဲ့ရပေါင်းများလှပြီ။ ပိုးဖလံမျိုး အပြောဆိုး အဲ မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ။
ကျောင်းရိုးကိုးပေါက် ပျောက်ခဲ့ပြီ။

ခုတော့ ကျောင်းအလှူအကြောင်းပြောရဦးမယ်။ ကျောင်းက အကြီးကြီးဆောက်မှာပါ။ အရင်က ဆောက်ပြီးသားကျောင်းကိုပဲ မုဒိတာနဲ့ ပြန်ဆောက်ကြည့်တာပါ။

မန္တလေးက မစိုးရိမ်တိုက်ကြီးလေ။ မစိုးရိမ်ကျောင်းဒကာအကြောင်းဖတ်မိရင် အဲဒီဒကာကြီးရဲ့ အဇ္ဈတ္တအတွင်းသားနဲ့ လုပ်ဆောင်ချက်တွေက လင်းလင်းလက်လက်ရှိလွန်းလှပါတယ်။
တကယ်ပါ မစိုးရိမ်ဆရာတော်ဘုရားကြီး အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ရင်ကျောင်းဒကာမိသားစုတွေရဲ့ ပုံရိပ်တွေကို ခိုက်သွားမှာ။ ခုလက်ရှိ မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး အရှင်ရာဇဓမ္မာဘိဝံသပြုစုတော်မူတာပါ။
အဲဒီစာအုပ်ရဲ့ စာမျက်နှာတိုင်းမှာပါတဲ့ ဇာတ်ကောင်တွေက တကယ်လှပါတယ်။

ကျောင်းဒကာကြီးက ဦးသက်ရှည်တဲ့။ သူ့သားက မောင်ကျော်ပါ။ အမရပူရ ဥယျာဉ်တော်ရွာသားတွေပေါ့။ အလွန်ဆင်းရဲပါတယ်။ အမရပူရကနေ မန္တလေးကို ဟင်းသီးဟင်းရွက်တွေ လာရောင်းရတာပါ။ ဘတ်စ်ကားတွေ မရှိသေးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက အမရပူရ မန္တလေးခရီးဟာ ချွေးပြိုက်ပြိုက်ကျစရာပါ။ ဗိုက်တွေလည်း ဟာစရာပါ။ သားအဖနှစ်ယောက် မုန့်ပြားသလက်တစ်ချပ်ကို နှစ်ယောက်ခွဲဝေစားခဲ့ကြပါသတဲ့။

သူတို့သားအဖနှစ်ယောက်ကို မန္တလေးက ပွဲရုံသူဌေးက မျက်စိကျခဲ့ပါလေရော။ ရိုးသားမှုနဲ့ မမေ့မလျော့မှုသတိတရားဟာ ချမ်းသာခြင်းဆီကို ပို့ပေးတတ်ပါတယ်။ ပွဲရုံမှာ သားအဖနှစ်ယောက်အလုပ်ရသွားပါတယ်။ သူတို့က ပွဲရုံအလုပ်ဆိုပေမယ့် သူတို့ကိုယ်ပိုင်အလုပ်လိုကို အားထုတ်ကြတော့တာပါ။ ပွဲရုံလည်းစီပွားတက်သလို သူတို့သားအဖနှစ်ယောက်မှာလည်း စုမိဆောင်းမိလေးဖြစ်သွားခဲ့တာပါ။ ပွဲရုံပိုင်ရှင်သူဌေးကလည်း သူတော်ကောင်းပါ။ သူတို့ကို ပွဲရုံခွဲထောင်ပေးလိုက်ပါတယ်။

အဓိကအရေးကြီးတာက သူတို့သားအဖရဲ့ အဓိပတိတရားတွေပါ။ ငယ်စဉ်ကတည်းက သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းမှာ ကျောင်းဒကာဖြစ်ရေးခေါင်းစဉ်က ကြီးစိုးနေခဲ့တယ်ဆိုပဲ။ သာသနာပြုချင်တဲ့စိတ်က သူတို့သားအဖနှစ်ယောက်ကို လူရိုးလူကောင်းတွေ ဖြစ်အောင်တွန်းပို့နေတော့တာပါ။ ပြောကြပါစို့ သူတို့သားအဖတည်ထောင်တဲ့ လက်ဘက်ပွဲရုံလေးက အောင်မြင်လာပါတယ်။ သူတို့မှာ အိမ်ဆောက်ဖို့ထက် ကျောင်းဆောက်ဖို့ စိတ်ကူးက ရှေ့က ဥသြဆွဲတာပါ။ ရှိတဲ့ ငွေစလေးတွေ ပိုက်ပြီး ရွာပြန်ပြေးကြတာပါ။ ကိုယ့်ငယ်ဆရာကျောင်းမှာ ကျောင်းဆောက်မယ်လေ။ အိုးစည်ဗုံမောင်းတွေနဲ့ ဟိုတုန်းက လူဆင်းရဲသားအဖကျောင်းရေစက်ချမယ်လေ။

မိုက်တယ်။တကယ် လှတယ်။ ဒီဇာတ်ဝင်ခန်းကို တိုက်တန်းနစ်ရိုက်တဲ့ ဒါရိုက်တာကြီးမစ္စတာကင်မရွန်းတော့ ကင်မရာကို ဘယ်ဘက်က ချိန်မလဲ။ ကြည့်။
ရွာဦးကျောင်းဆရာတော်ကြီကလည်း အထင်ကရ အဘိဓမ္မာပညာရှင်ဆရာတော်ကြီးပါ။ မြို့ပြင်ကြီးဆရာတော်ဆိုပြီး ကျော်ဇောတော်မူတာပါ။

ကင်မရာက ဆရာတော်ကြီးမျက်နှာကို ချိန်လိုက်ရမှာပါ။ မီးတွေလင်းနေအောင် ထိုးကြကွာ။
“ ဟ မောင်သက်ရှည်ရ ဒီရွာမှာ ကျောင်းဆောက်တော့ ဘာအကျိုးများမတုန်းကွ။ ငါလည်း တစ်သက်တာလုံး အဘိဓမ္မာကျမ်းတွေပို့ချခဲ့ပြီးပြီ။ ခု သက်ရွယ်အိုမင်းလို့ အေးအေးလူလူသီတင်းသုံးနေတာ၊ စာသင်သားတွေလည်း လက်မခံနိုင်တော့ပါဘူးကွယ်။ အကျိုးများအောင် ကျောင်းဆောက်ချင်ရင်တော့ မန္တလေးက စာသင်တိုက်ကြီးတွေမှာ အနေဆင်းရဲနေတဲ့ စာသင်သားတွေအတွက်သာ ကျောင်းဆောက်ဖို့ စီမံပါလေကွယ်”တဲ့။
CUT!

ကောင်းတယ်။ ဒီဇာတ်ဝင်ခန်းကို အကယ်ဒမီပေးကြစို့။ ဂုဏ်ထူးဆောင်အကယ်ဒမီဆရာတော်ပေါ့လေ။

ကျောင်းဒကာလောင်းသားအဖကလည်း သဘောပေါက်လွယ်ပါတယ်။ မန္တလေးမြို့က စာသင်စာချကျောင်းတော်ဘုရားကြီးတိုက်အတွင်းမှာ ကျောင်းဆောက်လှူခဲ့ပါတယ်။ စာသင်သားတွေ စုစုရုံးရုံးစာတက်နေတဲ့ မိုးယိုယိုင်နဲ့နေတဲ့ကျောင်းလေးကိုမှ ရှာဖွေလှူဒါန်းခဲ့တာပါ။ အဲဒီကျောင်းရဲ့ ဆရာတော်ဘွဲ့အမည်ကိုတောင် သိကြဟန်မတူပါဘူး။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP