အမှောင်လမ်းလော အလင်းလမ်းလော
ရှင်ရဟန်း၊ အဘိသိက် သွန်းထားသည့်မင်း၊ မင်္ဂလာဆင်တော်၊ အမျိုးသမီး ဤလေးဦးသည် မြန်မြန်သွားလျှင် မတင့်တယ်ပါ။ ဖြည်းဖြည်းသွားမှသာ တင့်တယ်ပါ၏။ ဤလေးဦး မြန်မြန်သွားလျှင် အမြင်မတော် ဆင်တော်နှင့်ခလောက်ပမာ ဖြစ်တတ်ပါ၏။ ဤပုဂ္ဂိုလ်လေးဦးပမာ မသင့်တော်သော အခြားပုဂ္ဂိုလ်တို့လည်း များစွာရှိကြ၏။ ဘုရားဒကာ အမည်ခံနေသည့် ပုဂ္ဂိုလ်တို့သည် မုဆိုး တံငါကဲ့သို့သော အလုပ်မျိုးတို့ကို လုပ်နေလျှင် မသင့်တော်ပါ။ သူတော်ကောင်းဟု အများက အထင်မြင်ခံနေရသော ပုဂ္ဂိုလ်သည် ရှင်ရဟန်းပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ သတ်ဖြတ် ခိုးဝှက် လိမ်ညာ ထန်းရည်အရက်သောက် စသော မသူတော်အလုပ်တို့ကို လုပ်နေလျှင် မသင့်တော်ပါ။ မတင့်တယ်ပါ။
သားသမီးတို့ကို လိမ္မာယဉ်ကျေးအောင် ဆုံးမသွန်သင်သည့် မိဘက အလိမ္မာမယဉ်ကျေးသည့် အမူမရာတို့ကို ပြုမူပြီး မလိမ္မာ မယဉ်ကျေးသည့် စကားတို့ကို ပြောဆိုနေလျှင် မတင့်တယ်ပါ။ မောင့်ကျက်သရေ ခေါင်းပေါင်းကို ဦးခေါင်း၌ပေါင်းထားသူသည် ခါးတောင်းကျိုက်ထားလျှင် မတင့်တယ်ပါ။ ဤသို့ မတင့်တယ်တာတွေ လောကမှာ များစွာရှိပါလေ၏။
ဤနေရာ၌ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၀က်လက်မြို့နယ် ရွာတရွာမှ ဆရာတော်ကြီးတပါးက သူ့တပည့်ဒကာကို မိန့်ကြားသည့် စကားလေးသည် အလွန်ပင် မှတ်သားစရာကောင်းလှပါ၏။ ထိုဒကာ၏နာမည်သည် ဦးခင်မောင် ဖြစ်၏။ အသက် ၄၀-ကျော်ရှိ၏။ ဦးခင်မောင်သည် အလှူပွဲစသော သာရေးနာရေးပွဲတို့၌ တရားစကား ဆွေးနွေးပြောဆိုသည့်စကားဝိုင်းတွင် ပရမတ်စကား၊ ဓာတ်စကားတို့ကို ပြောကြားလေ့ရှိ၏။ တရားစကားတို့ကို ဆွေူနွေးပြောကြားရာ၌ ၀ါသနာကြီး၏။ ပွဲတိုင်းကျော်ဖြစ်၏။ ထိုဆရာတော်ကြီးသည် သူ့တပည့် ဦးခင်မောင်ကို အားရကျေနပ်နေလေ၏။ ခင်မောင်ဟာ လူတော်လေးပဲ-ဟု သတ်မှတ်ယူထား၏။
ထိုရွာမှ ဘုန်းတော်ကြီးတပါးနှင့် အနီးရွာမှ ဆရာတော်ကြီးတပါးတို့ ရှေ့ဆင့်နောက်ဆင့် ပျံလွန်တော်မူကြ၏။ ထိုဘုန်းကြီးနှစ်ပါး ပျံလွန်တော်မူ၍ ဘုန်းကြီးပျံပွဲနှစ်ပွဲ ပြုလုပ်၏။ ကရ၀ိတ်ဖောင်ဖြင့် လှေလှော်ပွဲ အစီအစဉ်လည်း ထိုပွဲနှစ်ပွဲ၌ ပါဝင်၏။ ဦးခင်မောင်သည် ထိုလှေလှော်ပွဲ၌လည်း ပါဝင်နေသည်ကို ထိုဆရာတော်ကြီး မြင်တွေ့သွား၏။ ဦးခင်မောင်သည် အင်္ကျီမပါ ပုဆိုးတောင်ရှည်ဖြင့် ခါးတောင်းကျိုက်ထား၏။ ခါးတောင်းကျိုက်ထားရာ ခါးနောက်မှ အ၀တ်စအပိုသည် မျောက်အမြီးပမာ ရှည်နေ၏။ နှုတ်ခမ်းမွေးရှည်ရှည် အတုတပ်ထား၏။ ပါးစပ်ကို ဘယ်ညာရွဲ့ပြ၏။ ရွဲ့ပြတိုင်း နှုတ်ခမ်းမွေးသည် ထောင်ထောင်လာ၏။ ပါးနှစ်ဖက်၌ ပါးကွက်ကျား ပြုလုပ်ထား၏။ ရင်ဘတ်၌လည်း ကြောင်ကြောင်ကျားကျား ဆေးတွေ ရေးခြယ်ထား၏။ ထိုသို့သော သရုပ်ပျက်အနေအထားဖြင့် ကရ၀ိက်ဖောင်၌ ပဲ့ကိုင်အဖြစ်ဖြင့် လှေလှော်၏။ ထိုပွဲနှစ်ပွဲ ပြီးသွားသောအခါ ဆရာတော်ကြီးသည် ဦးခင်မောင်ကိုခေါ်၍ ဆုံးမတော်မူ၏။
ခင်မောင်၊ ခင်မောင် မင်း-ယင်ကောင်လို မလုပ်နဲ့။
ဦးခင်မောင်သည် ဆရာတော်ကြီး၏ ဆုံးမစကားကို နားမလည်နိုင်သဖြင့် ဆရာတော်ကြီးကို မျက်လုံးပြူးကာ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေမိ၏။ ဆရာတော်ကြီးက စကားဆက်၍ဆိုပါ၏။
ခင်မောင်၊ ယင်ကောင်ဆိုတာ ဘုရားဆွမ်းတော်ပွဲမှာလဲ နားတယ်၊ မစင်(ကျင်ကြီး)မှာလဲ နားတယ်၊ ခင်မောင် မင်း-အဲဒီယင်ကောင်လို မလုပ်ပါနဲ့။
ဦးခင်မောင်သည် ဆရာတော်ကြီး၏စကားကို သဘောပေါက်သွားသဖြင့် သဘောကျသွားလေ၏။
မှန်ပါဘုရား၊ တပည့်တော် ဆရာတော့်အဆုံးအမအတိုင်း လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်-ဟုလျှောက်ကာ ဆရာတော်ကြီးကို ဦးချ၍ ပြန်သွားလေ၏။
ယင်ကောင်လိုလုပ်သည့် ဦးခင်မောင်လို လူစားမျိုး လောကတလွှား၌ မြင်နေ ကြားနေရပါ၏။ ရှားလှမည်မဟုတ်ပါ။
လောက၌ တချို့လူတို့သည် မွေးသည်မှ သေသည်အထိ အမှောင်လမ်း (ဒုစရိုက်လမ်း)ပေါ်ချည်း လျှောက်လှမ်းသွားကြ၏။ တချို့က အလင်းလမ်း (သုစရိုက်လမ်း)ပေါ်ချည်း လျှောက်လှမ်းသွားကြ၏။ တချို့ကား အမှောင်လမ်းပေါ်ရော၊ အလင်းလမ်းပေါ်ပါ လျှောက်လမ်းသွားကြ၏။ ယင်ကောင်လို လုပ်သည့် ခင်မောင်သည် အမှောင်လမ်းပေါ်ရော အလင်းလမ်းပေါ်ပါ လျှောက်လှမ်းသူ ဖြစ်ပါ၏။
စာရှုသူသည် ယင်ကောင်လိုလုပ်သညိ့ ခင်မောင်လို လူစားထဲ မပါဝင်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ အလင်းလမ်းပေါ်ချည်း လျှောက်လှမ်းနိုင်အောင် ကြိုးစားရပါမည်။ စာရှုသူ ယခုလျှောက်နေသောလမ်းသည် အလင်းလမ်းဖြစ်ခဲ့လျှင် ဆက်လျှောက်ဖို့သာ လိုပါ၏။ အမှောင်လှမ်း ဖြစ်နေခဲ့လျှင် တပ်ခေါက်ဖို့ (နောက်ဆုတ်ဖို့) လိုပါ၏။ စာရှုသူ လျှောက်နေသောလမ်းသည် အမှောင်လမ်းလော အလင်းလမ်းလော။
( သာမဏေကျော် )

မမေ့နိုင်သော ကုသိုလ်
စာရေးသူသည် သာသနာ့ဝန်ထမ်း ရဟန်းတော်တပါး ဖြစ်ပါသည်။ စာရေးသူ ကိုရင်ငယ်ဘ၀က နေခဲ့သော ကျောင်းတိုက်ကြီးတတိုက်တွင် ခွေးများ များစွာရှိပါသည်။ ထိုခွေးများမှာ ကျောင်းကမွေးထားသော ခွေးများ မဟုတ်ကြပါ။ ဟိုအရပ် ဒီအရပ်မှ ခွေးလေခွေးလွင့်များ ကျောင်းသို့ ရောက်လာရာမှ သံဃာတော်များက စားကြွင်းစားကျန်များကို ကျွေးမွေးသဖြင့် မှီခိုစားသောက်ရသောကြောင့် အခြားအရပ်သို့ မသွားကြတော့ပေ။ ကျောင်းမှာပင် မျိုးဆက်များတိုးပွားပြီး များပြားလာခြင်းဖြစ်သည်။
သံဃာတော်များသည် ထိုခွေးများနှင့် အခြားကျေးငှက်များ ရှဥ့်ကလေးများကို နံနက်အရုဏ်ဆွမ်းစားပြီး တကြိမ်နှင့် နေ့ဆွမ်းစားပြီးတကြိမ် တနေ့လျှင်နှစ်ကြိမ်ကျ ဆွမ်းကျန်ဟင်းကျန်များကို ကျွေးလေ့ရှိပါသည်။ တနေ့၌ နေ့ဆွမ်းစားပြီးချိန်တွင် မိမိမှာပိုကျန်နေသည့် ဆွမ်းနှင့်ဟင်းများကို ခွေးများအား ကျွေးနေသည်။ ထိုစဉ် ခွေးကျားမလေးတကောင်မှာ အခြားခွေးများနည်းတူ တိုးဝှေ့လုယက်ကာ အစာမစားနိုင်ရှာဘဲ တအီအီအော်နေသည်ကို တွေ့ရသည်။
ထိုခွေးမလေးကို အနီးကပ်ပြီး သေသေချာချာကြည့်သောအခါ ခွေးမလေး၏ ညာဘက်လက်မှာ ခွေးချင်းကိုက်ရာမှ အနာဖြစ်ပြီး ရောင်နေရုံမျှမက ပြည်များပင် စိုရွှဲနေသည်ကို တွေ့ရပါသည်။ စာရေးသူလည်း သနားသဖြင့် ပြည်များကို ညှစ်ထုတ်ပြီး ရေဖြင့် ဆေးပေးပါသည်။ ပြီးလျှင် အုတ်ခဲကိုအမှုန့်ပြု၍ အနာဝကို သိပ်ပေးပြီး အ၀တ်စုတ်တခုဖြင့် အနာပေါ်မှအုပ်လျက် စည်းပေးပါသည်။ ထို့နောက် ကျန်နေသည့် အစာများကို ကျွေးရာ အနည်းငယ်သာ စားနိုင်ရှာပါသည်။
နောက်ရက်များ၌လည်း ထို့အတူ ပြုစုကျွေးမွေးခဲ့သည်။ တပတ်မျှကြာသောအခါ ခွေးမလေးမှာ အနာပျောက်၍အစာကို ကောင်းစွာ စားသောက်နိုင်လာသည်။ မိမိ၏ ပြုစုကျွေးမွေးမှုဖြင့် အခြားခွေးများနည်းတူ ထိုခွေးမလေးပျော်ရွှင်စွာ စားသောက်ဆော့ကစားနေသည်ကို စာရေးသူမြင်ရတိုင်း ကြည်နူးဝမ်းသာဖြစ်ခဲ့ရပါသည်။ ယခုအချိန်အထိ တွေးမိတိုင်းလည်း ကြည်နူးဝမ်းမြောက်၍ မဆုံးနိုင်အောင် ဖြစ်ရပါသည်။
စာရေးသူ၏ ဘ၀တွင် အခြားအခြားသော ကုသိုလ်များကိုလည်း စွမ်းနိုင်သမျှ ပြုခဲ့ဖူးပါသည်။ သို့သော် ထိုကုသိုလ်များထဲတွင် မည်သည့်ကုသိုလ်မျှ ဤကုသိုလ်ကလေးလောက် စာရေးသူ၏စိတ်ကို ကြည်နူးဝမ်းမြောက်မှု မဖြစ်စေနိုင်ကြပါ။ ထို့ကြောင့်ပင် စာရေးသူ၏ တသက်မှာ ကိုရင်ငယ်ဘ၀က ခွေးမလေးကို ပြုစုကျွေးမွေးခဲ့ဖူးသော ထိုကုသိုလ်ကလေးကို ဘယ်သောအခါမှ မေ့နိုင်လိမ့်မည်မဟုတ်ဟု စွဲမြဲစွာယုံကြည်နေမိပါတော့သည်။
( သော်တာဆွေ-အရာတော် )
ဲ( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

သရဏဂုံ ဆောက်တည်ခြင်းအကျိုး
ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ဆန္ဒ၀တီပြည်တွင် မိအိုဖအိုတို့ကို လုပ်ကျွေးနေသော အမျိုးကောင်းသားတဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တနေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝ အရှင်နိသဘမထေရ်မြတ်ထံသို့ ရိုသေစွာသွားရောက်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်၏။
ထိုအမျိုးကောင်းသားသည် အနှစ်တသိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်၍ ၈-ပါးသောအကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး ၈-ပါးတို့မှာ-
၁။ နေရာမရွေး ပူဇော်ခံရခြင်း။
၂။ ဉာဏ်ပညာ လွန်စွာ ထက်မြက်ခြင်း။
၃။ များစွာသော စည်းစိမ်ချမ်းသာ ရှိခြင်း။
၎။ အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
၅။ အသားအရောင် ရွှေရောင်အဆင်း တောက်ပခြင်း။
၆။ အရာရာ မိမိအလိုကျ ဖြစ်ခြင်း။
၇။ မိတ်ပျက်ခြင်းမရှိ၊ ပေါများသောမိတ်ဆွေ ရှိခြင်း။
၈။ ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း ဖြစ်၏။
ထို့နောက် ထိုဘ၀မှစုတေပြီး သိကြားမင်းအဖြစ် အကြိမ် ၈၀၊ စကြာမင်းအဖြစ် ၇၅-ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ခဲ့သည်။
နောက်ဆုံး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့သည်။ ထို့နောက် ၇-နှစ်သားအရွယ်၌ ရဟန္တာတပါးထံ သရဏဂုံယူစဉ် ကမ္ဘာတသိန်းထက်က ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်ကာ ၀ိပဿနာဉာဏ်စဉ် ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။
ဘုရားရှင်သည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူ၏။ သရဏဂုံ ဆောက်တည်ခြင်းအကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်းပြု၍ ထိုရဟန္တာအရှင်ကို တိသရဏ ဂမနိယထေရ်ဟု ဘွဲ့မည်ပေး၏။
အပဒါနပါဠိ။ ပ-၃-သုဘူတိဝဂ်။
( မြတ်သစ်ဌေး-မြတ်စေတနာ )
( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

မြန်မာနိုင်ငံ ပိဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ ( ၂ )
( ကျောက်စာ ဓမ္မစေတီများ (၁)ပါ ၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )
( ယခင်လမှ အဆက် )
ပိဋကတ်သုံးပုံ အပြည့်အစုံကို ကျောက်စာရေးထိုးခြင်း အလုပ်သည် လုပ်ငန်းပမာဏလည်း ကြီးမား၊ အချိန်ကာလအားဖြင့်လည်း အရှည်အကြာ လုပ်ရသဖြင့် နေရာအားလုံး မလုပ်နိုင်ကြပါ။ ထို့ကြောင့် ပါဠိတော်၊ ၀ိနည်းပိဋကတ်တပုံကိုသာ ကျောက်ထက်အက္ခရာတင်ထားသည့် နေရာများ ရှိပါသည်။ ၄င်းတို့မှာ မင်းကင်းမြို့ ရွှေဘုံသာဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၁-ချပ်ကိုလည်းကောင်း။
သုံးခွမြို့နယ် မင်းရွာတွင် ကျောက်ချပ်ရေ ၁၅၄-ချပ်ကိုလည်းကောင်း။
ဝမ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ရွာဦးကျောင်းအတွင်း၌ ကျောက်ချပ်ရေ ၁၁၀-ကိုလည်းကောင်း။
ရန်ကုန်မြို့ ကျိုက္ကဆံ ဘုရားအတွင်း၌ ကျောက်ချပ်ရေ ၉၅-ချပ်ကိုလည်းကောင်း။
ဟင်္သာတမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း၌ ကျောက်ချပ်ရေ ၄၅-ချပ်ကိုလည်းကောင်း။ တွေ့နိုင်ပါသည်။
ဟင်္သာတမြို့တွင် ကျောက်စာများ ထုလုပ်ဆဲ၌ ဒုတိယကမ္ဘာစစ် ဖြစ်လာသဖြင့် အပြီးမသတ်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက ကျောက်စာတိုက်ကြီး ဗုံးဒဏ်ခံရသဖြင့် ဤမျှသာ ကျန်သည်ဟု သိရပါသည်။
ပါဠိတော် ၀ိနည်းကျောက်စာများကို ထုလုပ်ပူဇော်ရာ၌ မင်းရွာတွင် လူချမ်းသာ ဦးရွှေဖြူ၊ ဘုရားစုကိုးရွာတွင် လူချမ်းသာ ဦးရွှေခဲ၊ ဟင်္သာတတွင် ဘုရားဒါယကာ ဦးကျော်ဇံတို့က တဦးတည်းကုသိုလ်အဖြစ် လှူဒါန်းထားကြောင်းကို လေ့လာသိရှိခဲ့ရပါသည်။ အထက်ပါတို့မှာ ပိဋကတ်သုံးပုံ ပါဠိတော် ဓမ္မစေတီများအကြောင်း ဖြစ်ပါသည်။
ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာများကိုမူ ရသေ့ကြီး ဦးခန္တီသည် မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၇၂-ချပ်ကို ရေးထိုးပူဇော်ခဲ့ပါသည်။
မိတ္ထီလာမြို့ ထီးသုံးဆင့်ဘုရားအတွင်း၌လည်း ကျောက်ချပ်ရေ ၅၉၇-ချပ်အပေါ်တွင် အဋ္ဌကထာများကို ကျောက်ထက်အက္ခရာတင် ပူဇော်ထားခဲ့ပါသည်။
အဋ္ဌကထာနှင့် ဋီကာမှာ ဤနှစ်နှစ်နေရာ၌သာ ရှိပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံတလွှားတွင် ပိဋကတ်သုံးပုံ ကျောက်စာများ ရှိရာဒေသများသို့ သွားရောက်လေ့လာခဲ့သမျှကို အကျဉ်းမျှ တင်ပြရပါသည်။
မုဒုံမြို့နယ် ဖားအောက်တောရတွင် ၀ိနည်းကျောက်စာ အနည်းငယ်ရှိနေသည်ဟု သိရပါသည်။ ထိုနေရာသို့ ကျွန်တော် မရောက်သေးပါ။
ပိဋကတ်တော်ကျောက်စာများသည် အစောဆုံး ၁၂၂၂-ခုနှစ်မှစ၍ နောက်ဆုံး မင်းကွန်းတွင် ရေးထိုးသော သက္ကရာဇ် ၁၃၄၂-ခုနှစ်အထိ နှစ်ပေါင်း ၁၂-အတွင်း ရေးထိုးပူဇော်ခဲ့ကြသည်ကို တွေ့ရပါသည်။ အများပြည်သူတို့သည် ထိုကျောက်စာ ဓမ္မစေတီများကို ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓာတုစေတီတို့ကဲ့သို့ ဆီမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပြီး ဆည်းကပ်ကိုးကွယ်ထိုက်သော ဘုရားများဟု သဘောမပေါက်ကြပါ။ သာမန် သမိုင်းကျောက်စာများကဲ့သို့ အမှတ်တမဲ့ လျစ်လျူရှုထားတတ်ကြပါသည်။
ထို့ကြောင့် ကာလအားဖြင့် မကြာသေးစေကာမူ ဓမ္မစေတီအချို့ ပျက်စီးယိုယွင်းမှုများ ရှိနေပါသည်။ ဥပမာအားဖြင့် မူလက ကျောက်စာတိုက်ကြီးများ ရှိခဲ့သော်လည်း အချိန်ကာလနှင့် ရာသီဥတုကြောင့် တိုက်ကြီးများ ပြိုပျက်သွားရာ အမိုးအကာမဲ့နေသော ညောင်ရမ်းမှ ကျောက်စာများ၊ မူလကပင် အမိုးအကာ အလုံအလောက်မရှိခဲ့သော သထုံမြို့ ရွှေစာရံဘုရားကြီးအတွင်းမှ ကျောက်စာများမှာ မိုးရွာလျှင် စို၊ နေပူလျှင် ခြောက်၍ ရာသီဥတုဒဏ်ကို နှစ်ရှည်ခံစားကြရသဖြင့် ကျောက်စာတိုင်များမှာ ချုံနွယ်များအကြား ရေညှိများ ဖုံးအုပ်၍ စာများမှေးမှိန်နေပါသည်။
မင်းကင်း၌ ဓမ္မ္စစေတီများအပေါ် ညောင်ပင်မှစ၍ သစ်ပင်များ ပေါက်နေသဖြင့် ဓမ္မစေတီများ ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အားလုံခြုံရပါလျှင် ထိန်းသိမ်းမှုကောင်းသလောက်သာ ဓမ္မစေတီများ ကောင်းမွန်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် (က) အမိုးအကာမရှိသော ပိဋကတ်တော် ကျောက်စာများကို အမိုးအကာ ပြုလုပ်ခြင်း။
(ခ)ဓမ္မစေတီများတ၀ိုက် လိုအပ်သလို ရှင်းလင်း၍ အခါအားလျော်စွာ ရေဆေးသန့်စင်ပေးခြင်း။
(ဂ) တနှစ်တကြိမ်ဖြစ်စေ ကျောက်စာတချပ် ဆီမီးတတိုင် ထွန်း၍ ဓမ္မံ ပူဇေမိ-ဂုဏ်မြောက်အောင် ဆီမီးပူဇော်ပေးခြင်းနှင့်
(ဃ) ကျိုးပဲ့ပျက်စီးသွားသော ကျောက်စာများကို အစားထိုးပူဇော်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။
အချုပ်အားဖြင့် တင်ပြရသော် ကမ္ဘာတခွင် ဤမြန်မာပြည်၌သာရှိသော ဤဓမ္မစေတီကျောက်စာများကို သာသနာတော်အဓွန့်ရှည်ရေးအတွက် ရည်ရွယ်ပြီး ပုဂံပြည်မှ ရှေးဟောင်းစေတီ၊ ပုထိုးများကို ပြုပြင်ထိန်းသိမ်းသကဲ့သို့ မင်နှင့်ပြည်သူ ကြည်ဖြူစွာ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လှပါကြောင်း တင်ပြအပ်ပါသည်။
( ဦးအောင်သူ )
မြတ်မင်္ဂလာ ၂၀၀၁-သြဂုတ်လ

ကမ္ဘာ့ဗုဒ္ဓသာသနပြု သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလ-၏ ကိုယ်တွေ့ကျန်းမာ သက်ရှည်နည်း ( ၃ )
( သက်ရှည်နည်း ( ၁ )-၂၀၀၁-ခု ဇွန်လထုတ် မြတ်မင်္ဂလာ နှင့် သက်ရှည်နည်း ( ၂ )-၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိပါသဖြင့် သက်ရှည်နည်း ၁ နှင့် ၂ ကို မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )
( ကမ္မဋ္ဌာန်းအားထုတ်မှုနှင့် ကျန်းမာရေး )
ဆရာတော်ကြီး အရှင်သေဋ္ဌိလသည် ကျန်းမာသက်ရှည်မှုနှင့်ပတ်သက်၍
၁။ အစားအစာ အရေးကြီးပုံ
၂။ စိတ်ချမ်းသာမှု အရေးကြီးပုံတို့ကို မိန့်ဆိုတော်မူခဲ့သည်။
ထို့နောက် ဆရာတော်ကြီးက ကျန်းမာရေး အသက်ရှည်ရေးနှင့် ပတ်သက်၍ ကမ္မဋ္ဌာန်းတရားအားထုတ်မှုသည် ကြီးစွာ အထောက်အပံ့ပြုပုံကို အရှင်ဉာဏိကအား ဤသို့ မိန့်တော်မူခဲ့သည်။
ကျန်းမာ အသက်ရှည်ရေးအတွက် အရေးအကြီးဆုံး နောက်ဆုံးတခုကတော့ စိတ်အလုပ်ပဲကွ။ တကယ့်ကို စိတ်အလုပ်လုပ်ထားတဲ့ လူတယောက်ဟာ သေချိန်ကျလို့ သေခါမှ သေရော မကျန်းမမာ ဖြစ်ခဲတယ်။ ဟိုဘ၀က ပါလာတဲ့ ကံဟောင်း၊ ကံကြွေးရှိလို့ ခံရတာမျိုးမှတပါး ကျန်းမာရေး မထိခိုက်နိုင်ဘူးဆိုတာ တို့တကယ်ယုံကြည်တယ်။ အလုပ်လုပ်နေတယ်။ အလုပ်လုပ်နေလို့ ညအိပ်ချိန် နည်းသွားမယ်။ ဘာမှမဖြစ်ဘူး။ အလုပ်ဆိုတာ စိတ်အလုပ်ပြောတာနော်။ ကမ္မဋ္ဌာန်းပေါ့။
သူများကို တရားသာဟောတယ်။ ကိုယ်က ကမ္မဋ္ဌာန်းအလုပ် မလုပ်ဘူးဆိုရင် မဟုတ်သေးဘူးကွယ့်။ မကောင်းဘူးကွယ့်။ ငါ သြစတြေးလျရောက်တော့ သူတို့ကို ကမ္မဋ္ဌာန်းအကြောင်း ပြောပြီး လက်တွေ့ အလုပ်လုပ်ခိုင်းတယ်။ ကိုယ်ကလည်း စိတ်စူးစိုက်ပြီး တကယ်လုပ်တယ်။ ဟန်လုပ်တာမဟုတ်ဘူး။ ဘုရားတရားောတ်ကို ကိုယ်တိုင် နှစ်နှစ်ကာကာကြီး ယုံကြည်ပြီးကမ္မဋ္ဌာန်းအလုပ် လုပ်ပြမှ သူတပါးလည်း နှစ်နှစ်ကာကာ ယုံကြည်လာမယ်။ ကမ္မဋ္ဌာန်းအလုပ်လုပ်မယ်။ ဒါဟာ ငါ့ဝါဒ၊ ငါ့အယူအဆပဲ။ အေး-ဒါကြောင့် ငါ့ကို ခေတ်ဆန်တဲ့ ဘုန်းကြီးဆိုပြီး အပြောသမားသက်သက် အဟောသမားသက်သက်လို့ ထင်တဲ့သူ ရှိတယ်။ ငါ ငယ်ငယ်ကတည်းကစပြီး ကမ္မဋ္ဌာန်းအလုပ်လုပ်ခဲ့တယ်။ ဒီအလုပ်ကလည်း ငါ့ကို ကျန်းမာစေတယ်လို့ ငါယူဆတယ်-ဟူ၍ ဆရာတော်ကြီးက ကမ္မဋ္ဌာန်းအလုပ် တန်ဖိုးရှိပုံကို အရှင်ဉာဏိကအား ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။
ထို့ပြင် ဆရာတော်ကြီးက နောက်တခုက ကိုယ်လက်လှုပ်ရှားခြင်းဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေးကျင့်မှုတရပ်ပဲ။ လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ပုဂ္ဂိုလ်များနဲ့ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူများအတွက် အလွန်အရေးကြီးတယ်။ လမ်းမလျှောက်လို့ ဖြစ်ကို မဖြစ်ဘူး။ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြံသွားခြင်းရဲ့ အကျိုး ၅-ပါးကို ဘုရားရှင် ဟောထားတာရှိတယ်။ ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊ များ၏စင်္ကြံအကျိုးတည်း-တဲ့ ဟူ၍လည်း မိန့်တော်မူသည်။
ဒါကြောင့် ငါ အင်္ဂလန်မှာ နေတုန်းက ရာသီ ဥတု ဘယ်လောက်အေးအေး ထွက်ပြီးလမ်းလျှောက်တာပဲ။ မိုးသိပ်များလို့ မထွက်နိုင်ရင်လဲ ကျောင်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်။ Touch-toe ခြေဖျားကို ထိအောင်ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုး မပျက်မကွက်လုပ်လေ့ရှိတယ်။ ဒါကြောင့် နှာစေးချောင်းဆိုးမှတပါး အခြားရောဂါဖြစ်တယ်လို့ သိပ်မရှိပါဘူး-ဟူ၍ ဆရာတော်ကြီးက မိမိကျန်းမာရေး ကောင်းမွန်ပုံတို့ကို ဖွင့်ဟမိန့်တော်မူခဲ့သည်။
ဤကား ဆရာတော် အရှင်ဉာဏိက ရေးသားပြုစုသည့် ဆရာတော်ကြီး ဦးသေဋ္ဌိလ၏ ဘ၀ဖြစ်စဉ်နှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု မှတ်တမ်းစာအုပ်မှ ကျန်းမာအသက်ရှည်ရေးနှင့် ပတ်သက်၍ ထုတ်နှုတ်တင်ပြချက် ဖြစ်ပါသည်။ အလွန်တန်ဖိုးရှိလှသဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။
( မင်းယုဝေ )

ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှားခြင်း အကျိုးများ
ခင်ပွန်းကြီး ၁၀-ပါးကို မပြစ်မှား မေတ္တာထား၍ ဆက်ဆံသူကား-
မျက်နှာမြင် ချစ်ခင်၊ အသံကြား သနား၊ ဆိုသည့်ဆုနှင့် ပြည့်စုံတတ်၏။
ရန်သူမျိုးငါးပါးတို့၏ အန္တရာယ်မှ လွတ်ကင်းတတ်၏။
မျက်နှာကြည်လင် စိတ်ကောင်းဝင်လျက် နေရ၏။
သူတပါးတို့ ပူဇော်သက္ကာရပြုခြင်းကို ခံရ၏။
မိမိကို သူတပါးတို့က ကျိုးနွံရိုသေစွာ ဆက်ဆံ၏။
ခံ့ညား ရိုသေ၏။
ခြွေရံသင်းပင်းတို့ တနေ့တခြား တိုးပွားစည်ပင်၏။
အလုပ်အကိုင် အကြံအစည် ထမြောက်အောင်မြင်၏။
ဆွေလယ် မျိုးလယ် တင့်တယ်၏ သြဇာရှိ၏။
( မင်းဘူး ဦးသြဘာသ-တေမိဇာတ် )

ကုသိုလ်ကြီး သုံးရပ်
ကုသိုလ်ဆိုသည်မှာ ကုသလဟူသော ပါဠိစကားမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ ကောင်းမှု-ဟူ၍ဖြစ်သည်။ လူ့ဘ၀တွင် စိတ်စေတနာကောင်းမွန်သော ပုဂ္ဂိုလ်များသည် ကောင်းမှုကုသိုလ်အမျိုးမျိုး ပြုကြသည်။ ယင်းသို့ ပြုကြရာတွင် အဓိကကျသော ကုသိုလ်ကြီးသုံးရပ် ရှိသည်။ ယင်းတို့မှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ ဖြစ်ကြသည်။
ထိုကုသိုလ်သုံးရပ်တွင် ဒါနကုသိုလ်သည် ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းတည်းဟူသော ကောင်းမှုဖြစ်သည်။
သီလကုသိုလ်သည် ငါးပါး ရှစ်ပါး ကိုးပါး ဆယ်ပါးစသော ကျင့်ဝတ်တို့ကို စောင့်ထိန်းသော ကောင်းမှုဖြစ်သည်။ ဘာဝနာကုသိုလ်မှာ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်သော ကောင်းမှုဖြစ်သည်။
ဤကုသိုလ်ကြီးသုံးရပ်လုံးပင် မွန်မြတ်လှသည်။ ပြုသူကို ယခုဘ၀ရော နောင်ဘ၀တွင်ပါ ကောင်းကျိုးချမ်းသာများ ဖြစ်စေနိုင်သည်။ သို့ရာတွင် ဤကုသိုလ်ကြီး သုံးရပ်မှာလည်း အကျိုးကျးဇူးကြီးမားပုံခြင်း မတူကြပေ။ ဒါနကုသိုလ်ထက် သီလကုသိုလ်က ပို၍ အကျိုးကြီးသည်။ တဖန် သီလကုသိုလ်ထက် ဘာဝနာကုသိုလ်က ပို၍ အကျိုးကြီးသည်ဟု ဝေလာမသုတ္တန်၌ ဘုရားရှင်ဟောကြားတော်မူခဲ့သည်ကို အထင်အရှားသိမြင်နိုင်ပေသည်။
ဤနေရာတွင် ဘာဝနာဆိုရာ၌ သမထဘာဝနာ ၀ိပဿနာဘာဝနာ ဟု၍ နှစ်မျိုးရှိသည်ကို ပိုင်းခြားသိမြင်ရပေမည်။ အာရုံတခုတည်း၌ တည်နေသော စိတ်ကို ထပ်တလဲလဲ ဖြစ်အောင် ပွားများခြင်းသည် သမထဘာဝနာဖြစ်ပေသည်။ သမထဘာဝနာသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်းအေးစေနိုင်သည်။
ဝိပဿနာဘာဝနာသည်ကား ပညာစခန်း ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို ထပ်တလဲလဲ ပွားများရှုမြင်၊ သိမြင်သောပညာ ဖြစ်သည်။ တနည်းအားဖြင့်-ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပညာ ဖြစ်သည်။ ၀ိပဿနာဘာဝနာကို ကျင့်ကြံပွားများမှသာ မဂ်တရား ဖိုလ်တရားတို့ကို ရရှိနိုင်ပေမည်။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဒါနကုသိုလ်၊ သီလကုသိုလ်မျှဖြင့် မတင်းတိမ်သင့်။ ဒါနကုသိုလ် သီလကုသိုလ်အပြင် ဘာဝနာကုသိုလ်တည်းဟူသော ၀ိပဿနာတရားကိုပါ ကျင့်ကြံပွားများအားထုတ်နိုင်ရန် ကြိုးစားကြရပေမည်။ ဗုဒ္ဓဘုရားရှင်ကလည်း ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မှ အသက်ရှည်ရခြင်းသည် မြတ်၏ဟူ၍ ဓမ္မပဒ၌ ဟောကြားထားပေသည်။ ထို့ကြောင့် အမြတ်ဆုံးဖြစ်သော ၀ိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

0 comments:
Post a Comment