* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
Monday, September 14, 2009
၁။ ဝီထိ
ဝီထိ (၁)
သဟဇာတပစ္စည်း အကြောင်းမသွားခင် ဝီထိကို သင်္ဂြိုဟ်နည်းအားဖြင့် ပြန်လည်၍ နည်းနည်းတင်ပြချင်ပါတယ်။
'ဝီထိ' သဒ္ဒါသည် 'အစဉ်အတိုင်း' ကို ဟော၏ ။ လူတို့၏ သွားလာရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်ဘဲ တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်း ဖြစ်သန်းသွားသကဲ့သို့ ထို့အတူ စိတ္တနိယာမအရ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သော စိတ်အစဉ်တို့ကို မကျော်မူဘဲ စိတ်တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ဖြစ်ပျက်ရ၏ ။
ဥပမာ - မျက်စိ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်ပေါ်လာသောအခါ ပထမ ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းသော ပဉ္စဒွါရာဝဇ္ဖန်းစိတ် ဖြစ်ရ၏ ။ ထို့နောက် ထင်လာသော ရူပါရုံကို မြင်သော စက္ခုဝိညာဏ်စိတ် ဖြစ်ရ၏ ။ မြင်ရုံသာ မြင်သေး၏ ။ မည်သည့်အဆင်းဟူ၍ မသိသေးချေ။ ထို့ကြောင့် စက္ခုဝိညာဏ် မြင်လိုက်သည့် ရူပါရုံကို လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် ဆက်လက်ဖြစ်ရ၏ ။ ထို့နောက် ထိုရူပါရုံကို စုံစမ်းသော သန္တီရဏစိတ် ဖြစ်၏ ။ ထို့နောက် 'ဤရူပါရုံသည် မည်သည့်အရာပဲ' ဟု အာရုံကို ဆုံးဖြတ်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဝုဋ္ဌောစိတ်) ဖြစ်၏ ။ ထို့နောက် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် အာရုံ၏ အရသာကို ခံစားသော ဇောစိတ်တို့သည် အရှိန်အဟုန်နှင့် ဖြစ်၏ ။ ထို့နောက် ဇောစိတ်၏ အဟုန်ကြောင့် ဇောအစဉ်နောက်သို့ လိုက်သော တဒါရုံစိတ် ဖြစ်ပေါ်၏ ။ ထို့နောက် မြင်သိခြင်းကိစ္စ ပြီးဆုံးပြီဖြစ်၍ ဘဝင်စိတ်သည် ဖြစ်မြဲအတိုင်း ဆက်လက်ဖြစ်သွားရ၏ ။
ဤသို့ ဒွါရ ၆-ပါး၌ ထင်လာသော အာရုံတစ်ခုစီကို သိနိုင်ရန် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ်-စသည်ဖြင့် ဖြစ်ပေါ်ရသော စိတ်အစဉ်တစ်ခုစီကို 'ဝီထိ'-ဟု ခေါ်သည်။
ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်များ
တစ်ဘဝ၌ ပထမဆုံးဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်ပါတယ်။ ထိုပဋိသန္ဓေစိတ်သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးတွင် တစ်မျိုးမျိုးကို အာရုံပြု၏ ။ ပဋိသန္ဓေစိတ် ချုပ်ပျောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘဝကို ဆက်ပေးသော ဘဝင်စိတ် တို့သည် ပဋိသန္ဓေစိတ် ယူသောအာရုံကိုပင် ဆက်ယူလျက် ဆက်ကာဆက်ကာ ဖြစ်ပျက်သွားကြ၏ ။ တစ်ဘဝ၏ နောက်ဆုံးစိတ်ဖြစ်သော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်၏ ။ စုတိစိတ်သည်လည်း ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်-တို့ ယူသော အာရုံကိုပင် ဆက်ယူ၏ ။
ထိုပဋိသန္ဓေစိတ်, ဘဝင်စိတ်နှင့် စုတိစိတ်-တို့၏ အာရုံသည် အလွန်သိမ်မွေ့သဖြင့် ကျွန်ုပ်တို့ မသိရှိကြချေ။ ဤစိတ်တို့သည် စိတ်တစ်မျိုးတည်း ဖြစ်သောကြောင့်လည်းကောင်း၊ ဒွါရ ၆-ပါးတို့၌ မဖြစ်သောကြောင့်လည်းကောင်း ဤစိတ်တို့ကို ဝီထိမုတ္တ = ဝီထိမှ အလွတ်ဖြစ်သောစိတ်များဟု မှတ်ယူရ၏ ။
ဘဝင်စိတ်အစဉ် ဖြစ်ပေါ်နေစဉ် ဒွါရ ၆-ပါးအနက် တစ်ပါးပါး၌ အဆင်း၊ အသံ၊ အနံ့ - စသည့် ပြင်ပအာရုံတစ်မျိုးမျိုး ထိတိုက်လာသည့်အခါ ထိုအာရုံကို သိနိုင်ရန် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်- စသည်ဖြင့် စိတ်တစ်ခုပြီး တစ်ခု စီတန်းကာ ဖြစ်သောကြောင့်လည်းကောင်း၊ စက္ခုဒွါရ - စသည့် ခြောက်ဒွါရတို့၌ ထိုက်သည့်အားလျှော်စွာ ဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်အစဉ်အတန်းကို 'ဝီထိ' ဟု ခေါ်ဆိုရ၏ ။
ဘဝင်စိတ်အစဉ်သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်နှင့် တူ၏ ။ ဝီထိစိတ် အစဉ်တို့သည် လေမုန်တိုင်း၏ ပင့်ဆောင်မှုကြောင့် ကြွတက်မို့မောက်လာကြသည့် ပင်လယ်ဒီလှိုင်းများနှင့် တူကြ၏ ။
စိတ်၏ အသက်
စိတ်တစ်ခုစီ၏ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ ဟူသော ခဏငယ် ၃-ချက်ကို စိတ္တက္ခဏတစ်ခု-ဟု ခေါ်၏ ။ ထိုစိတ္တက္ခဏတစ်ချက် (ဝါ) ခဏငယ် ၃-ချက်သည် စိတ်တစ်ခု၏ အသက်တည်း။
ဥပါဒ် = ဥပ္ပါဒ = ဖြစ်ပေါ်လာမှု၊
ဌီ = ဌီတိ = ဖြစ်ပေါ်ပြီးနောက် တည်နေမှု၊
ဘင် = ဘင်္ဂ = တည်နေပြီးနောက် ပျက်စီးချုပ်ကွယ်မှု၊
ဖြစ်ပေါ်ရန်အကြောင်း ပြည့်စုံညီညွတ်၍ ပရမတ္ထတရားတို့၏ ရှေးဦးဖြစ်ပေါ်လာသော ခဏအခါသည် ဥပါဒ်ခဏ မည်၏ ။
ဖြစ်ပေါ်ပြီးနောက် ပရမတ္ထတရားတို့၏ မချုပ်သေးမီ တည်နေသော အခိုက်အတန့်သည် ဌီခဏ မည်၏ ။
ဖြစ်ပေါ်တည်ပြီးနောက် ပရမတ္ထတရားတို့၏ ကွယ်ပျောက်ချုပ်ဆုံးသော ခဏအခါသည် ဘင်ခဏ မည်၏ ။
ထိုဥပါဒ်-ဌီ-ဘင် ခဏငယ် ၃-ချက်နှင့် ညီမျှသော စိတ္တက္ခဏတစ်ချက်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်ကာလတွင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်ဟု ကျမ်းဂန်၌ ဆိုထား၏ ။ ထို့ကြောင့် စိတ္တက္ခဏတစ်ခုသည် မျက်တောင်တစ်ခတ်မျှကာလ၏ ကုဋေတစ်သိန်းပုံ တစ်ပုံခန့်သာ ကြာရှည်၏ ။
ရုပ်၏ အသက်
စိတ္တက္ခဏပေါင်း ၁၇-ချက်သည် ရုပ်သက်တစ်ခုနှင့် ညီမျှ၏ ။ တစ်နည်းဆိုသော် ရုပ်၏ အသက်သည် စိတ်အသက်၏ ၁၇-ဆနှင့် ညီမျှ၏ ။ စိတ်တစ်ခု၏ အသက်သည် ခဏငယ် ၃-ခု ရှိသည့်အတွက် ရုပ်သက်တစ်ခုတွင် စိတ်ခဏငယ် ၁၇*၃ = ၅၁ ချက် ရှိ၏။
ထို ၅၁-ချက်တွင် အစဖြစ်သော ခဏငယ်တစ်ခုကား​ ရုပ်၏ ဥပါဒ်ခဏတည်း။ အဆုံးဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဘင်ခဏတည်း။ အလယ်ဖြစ်သော ခဏငယ်ပေါင်း ၄၉-ခုကား ရုပ်၏ ဌီခဏတည်း ။
သို့အတွက် ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏတို့သည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် အချိန်ကာလ အတူတူပင် ဖြစ်ကြ၏ ။ ရုပ်၏ ဌီခဏကမူ စိတ်၏ ဌီခဏထက် ၄၉-ဆ ကြာရှည်၏ ။ ဤအကြောင်းကြောင့် ရုပ်ကလာပ်များစွာ စုဝေးနိုင်ပြီး ထိုရုပ်အစုအဝေးကို ကျွန်ုပ်တို့ မြင်တွေ့နိုင်၏ ။ အလွန်လျင်မြန်စွာ တစ်ခုချင်းဖြစ်သောစိတ်ကိုမူ မည်သည့်အခါမျှ မမြင်တွေ့နိုင်ချေ။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် အချိန်ကာလတွင် ရုပ်သက်ပေါင်း ကုဋေ ၅၈၀၀-ကျော် ရှိသည်ကို တွက်ချက်ကြည့်နိုင်ပါသည်။
မျက်စိတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် စက္ခုဒွါရ၌ ထင်လာသော ရူပါရုံ (အဆင်း)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စက္ခုဒွါရဝီထိ-ဟု ခေါ်၏ ။
နားတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် သောတဒွါရ၌ ထင်လာသော သဒ္ဒရုံ (အသံ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို သောတဒွါရဝီထိ-ဟု ခေါ်၏ ။
နှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဃာနဒွါရ၌ ထင်လာသော ဂန္ဓာရုံ (အနံ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဃာနဝီထိ-ဟု ခေါ်၏ ။
လျှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဇိဝှာဒွါရ၌ ထင်လာသော ရသာရုံ (အရသာ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဇိဝှာဒွါရဝီထိ-ဟု ခေါ်၏ ။
ကိုယ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ကာယဒွါရ၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ကာယဒွါရဝီထိ-ဟု ခေါ်၏ ။
စိတ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် မနောဒွါရ၌ ထင်လာသော ဓမ္မာရုံ (အကြံအတွေး စသည်)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို မနောဒွါရဝီထိ-ဟု ခေါ်၏ ။
ဆောင်ပုဒ်။ ။ ခြောက်ဒွါရဝယ်၊ စိတ်အစဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။ (ဒွါရ ခြောက်ပါးကို အကြောင်းပြု၍ စိတ်အစဉ် ခြောက်မျိုး (ဝါ) ဝီထိ ခြောက်မျိုး ဖြစ်ပေါ်သည်။)
ဆသက္က ခြောက်မျိုး ခြောက်လီ
* ဝီထိပိုင်း၌ ခြောက်ခု အပေါင်းအစု-ဟူသော ဆက္ကတို့သည် အဘယ်မျှ ရှိသနည်း။
ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က၊ ဝိညာဏဆက္က၊ ဝိသယပ္ပဝတ္ထိဆက္က၊ ဝီထိဆက္က-ဟူ၍ ခြောက်ပါး ရှိသည်။
ဝတ္ထုဆက္က ။ ။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု-ဟူသော ဝတ္ထုခြောက်ခု အစုကို ဝတ္ထုဆက္က-ဟု ခေါ်၏ ။ ပထမဝတ္ထု ငါးခုသည် စက္ခုပသာဒ - စသည့် ပသာဒရုပ် ၅-ပါး ဖြစ်၏ ။ ဆဋ္ဌမမြောက် ဟဒယဝတ္ထုသည် နှလုံးအတွင်းရှိ သွေး၌ တည်သော ဝတ္ထု ဖြစ်၏ ။
ဒွါရဆက္က ။ ။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှာဒွါရ၊ ကာယဒွါရ၊ မနောဒွါရ - ဟူသော ဒွါရ ခြောက်ခုအစုကို ဒွါရဆက္က-ဟု ခေါ်၏ ။ ပထမဒွါရ ငါးပါးသည် ပသာဒရုပ် ၅-ပါးပင် ဖြစ်၍၊ ရုပ်ဒွါရများ ဖြစ်ကြ၏ ။ မနောဒွါရမှာ ဘဝင်စိတ် ၁၉-ပါး ဖြစ်သဖြင့် နာမ်ဒွါရ ဖြစ်၏ ။
အာရမ္မဏဆက္က ။ ။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံ-တို့သည် အာရမ္မဏဆက္က ဖြစ်၏ ။
(ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က-တို့အား ပိုသဘောပေါက်ရန် ပကိဏ်းလည်း လေ့လာကြပါ။)
ဝိညာဏဆက္က ။ ။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာတဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဟူသော ဝိညာဏ် ခြောက်ပါးကို ဝိညာဏဆက္က-ဟု ခေါ်ပါသည်။
ဝိညာဏ = ဝိညာဏ်-ဟူသည်မှာ သိခြင်း (စိတ်)ပင် ဖြစ်၏ ။
ဝီထိဆက္က ။ ။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှာဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ-ဟူ၍ ဝီထိခြောက်ပါးကို ဝီထိဆက္က-ဟု ခေါ်၏ ။
စက္ခုဒွါရဝီထိကို စက္ခုဝိညာဏဝီထိ-ဟုလည်း ခေါ်၏ ။ စက္ခုဒွါရ၌ ထင်လာသော အာရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်နှင့်စပ်၍ အဆက်ဆက်ဖြစ်လာသော စိတ်အစဉ်ကို စက္ခုဝိညာဏဝီထိ-ဟု ခေါ်ဆိုနိုင်၏ ။ ဒွါရ၏ အစွမ်းဖြင့် စက္ခုဒွါရဝီထိ-ဟု ခေါ်၍ ဝိညာဏ်၏ အစွမ်းဖြင့် စက္ခုဝိညာဏဝီထိ-ဟု ခေါ်ခြင်း ဖြစ်၏ ။
ထိုနည်းတူ ကျန်သည့်ဝီထိငါးပါးကို သောတဝိညာဏဝီထိ၊ ဃာတဝိညာဏဝီထိ၊ ဇိဝှာဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ-ဟုလည်း ခေါ်ဆိုအပ်၏ ။
ဝိသယပ္ပဝတ္တိဆက္က ။ ။ ဝိသယ = အာရုံ + ပဝတ္တိ = ဖြစ်ခြင်း, ထင်ခြင်း။ ဒွါရတို့၌ အာရုံ၏ ဖြစ်ခြင်းကို ဝိသယပ္ပဝတ္တိ-ဟု ခေါ်၏ ။ တစ်နည်း... အာရုံတို့၌ စိတ်ဖြစ်ခြင်းသည် ဝိသယပ္ပဝိတ္တိ - မည်၏ ။
ပဉ္စဒွါရ၌ ဖြစ်သော အာရုံ ၄-ပါး
၁။ အတိမဟန္တရုံ = ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၂။ မဟန္တရုံ = သင့်တင့် ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၃။ ပရိတ္တာရုံ = မထင်ရှား မသိသာသည့် အားနည်းသော အာရုံ ငါးပါး၊
၎။ အတိပရိတ္တာရုံ = အလွန်တရာ မသိသာ မထင်ရှား၍ အားနည်းလှသော အာရုံ ငါးပါး။
မနောဒွါရ၌ ဖြစ်သော အာရုံ ၂-ပါး
၁။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သော အာရုံ၊
၂။ အဝိဘူတာရုံ = မထင်မရှားဖြစ်သော အာရုံ ။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဒွါရတို့၏ အာရုံ ထင်ပုံ (၆)မျိုးကို ဝိသယပ္ပဝတ္တိဆက္က - ဟု ခေါ်၏ ။
ဝိသယပ္ပဝတ္တိ ၉-မျိုး ။ ။ အထက်ပါ အာရုံထင်ပုံ ခြောက်မျိုးတို့သည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ခြောက်မျိုး ဖြစ်၏ ။ ဝီထိမုတ်-ခေါ်သော ပဋိသန္ဓေ, ဘဝင်, စုတိစိတ်-တို့၏ ဝိသယပ္ပဝတ္တိကား ကံ, ကမ္မနိမိတ်, ဂတိနိမိတ်-အားဖြင့် သုံးမျိုးရှိ၏ ။ သို့အတွက် စုစုပေါင်း ဝိသယပ္ပဝတ္တိ ၉-မျိုး ရှိ၏ ။
ဆက်ရန် .... ဝီထိ (၂) သို့
အပြည့်အစုံသို့...
0 comments:
လာလည်ကြသူများ
ဤဘလော့ဂ်၏ ရည်ရွယ်ချက်
ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
မြန်မာပြက္ခဒိန်
မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
  © Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP