ယနေ့လူသားများရဲ့ နက်ဖန် ကမ္ဘာ
ရန်ကုန်ထေရ၀ါဒတက္ကသိုလ်နှင့် စစ်ကိုင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့၏ ပါမောက္ခချုပ်ဆရာတော် ဟောကြားတဲ့ တရားတော်များထဲမှ ခေတ်အမြင်နှင့် ပတ်သက်၍ လေ့လာဖတ်ရှုသင့်သော တရားတော်တစ်ပုဒ် ဖြစ်ပါတယ်။ မေမေ့လပြည့်ဝန်းလေး အသံဖိုင်ကနေ စာဖိုင်အဖြစ် ပြောင်းယူထားတာပါ။
ဆရာတော်ပေးထားတဲ့တရားတော်နာမည်ကတော့“မှတ်လို့လွယ်အောင်လို့မို့ယနေ့လူသားများရဲ့နက်ဖန်ကမ္ဘာ” ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ ပိဋကတ်သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မခက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ထဲမှာ အပါအ၀င် ဖြစ်တဲ့ စက္က၀တ္တိသုတ္တန်ဆိုတာ ရှိတယ်။ အဲဒီစက္က၀တ္တိသုတ္တန်က မြတ်စွာဘုရားက Predict-လုပ်တဲ့အနေနဲ့-Proficiency-အနေနဲ့ အနာဂတ်လူ့ကမ္ဘာ လူ့လောကကြီးမှာ ဘယ်တွေဖြစ်မလဲဆိုတာ အဲဒီသုတ္တန်က ဟောတယ်။
အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ မဟောခင် အတိတ်တုန်းက ဘာတွေ ဖြစ်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကိုလည်း ဒီသုတ္တန်မှာ မြတ်စွာဘုရား ဟောထားလို့ အလွန်စိတ်ဝင်စားစရာကောင်းတယ်၊ သံဝေဂလည်း ယူစရာ ကောင်းတယ်၊ မိမိတို့ ဘာလုပ်ရမလဲဆိုတာလည်းဘဲ ထိုသုတ္တန်ကနေပြီးတော့ မြတ်စွာဘုရားက အတိအလင်းဟောထားတာ ဖြစ်တယ်။ အဲဒီ သုတ္တန်ကို စက္က၀တ္တိသုတ္တန်လို့ ဒီလိုမှတ်ရမယ်၊ စက္က၀တ္တိဆိုတာ ပါဠိစကား ဗမာလို ဆိုရင်တော့ စကြ၀တေးမင်းပေါ့၊ အဲဒီသုတ္တန်မှာ မြတ်စွာဘုရားဟောထားတဲ့ တရားကို ဘုန်းကြီးက ဒီကနေ့ မှတ်လို့ လွယ်အောင်လို့ဆိုပြီး “ယနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာ”။
အဲဒီတော့ နက်ဖန်ကမ္ဘာကို မပြောခင် လူသားတွေ အတိတ်ဘ၀က ဘယ်လိုနေခဲ့သလိုဆိုတာကို ပြန်ပြောင်းပြီးတော့ ကြည့်ရအောင်၊ လူတွေရဲ့ သက်တမ်းဟာ ဒီကနေ့ခေတ်လူတွေရဲ့ သက်တမ်းနဲ့ ဟိုလူတွေရဲ့ နှစ်ပေါင်းများရဲ့ လူတွေရဲ့ သက်တမ်းဟာ မတူညီတာကို တွေ့ရမယ်။ တစ်နှစ်တစ်ခါကာလတုန်းက - တစ်ခေတ်တစ်ခါ ကာလတုန်းက လူတွေမှာ ရွှေခေတ်လို့ ခေါ်ရတဲ့ အင်မတန်မှ အဆင်ပြေပြီးတော့ လူ့လောက်ကြီးက ငြိမ်းချမ်းပြီး ဒုက္ခသုက္ခတွေမရှိဘဲနဲ့ ထာဝရငြိမ်းချမ်းနေ့ ခေတ်ကြီးတစ်ခေတ်ကို လူတွေဟာ ကြုံခဲ့ကြရတယ်။ ပြောမယ်ဆိုရင် ရွှေခေတ်လို့ ပြောရမှာပေါ့။
အဲဒီလောက်သာယာတဲ့ ခေတ်ကြီး တစ်ခေတ်အကြောင်းကို မြတ်စွာ ဘုရားက စပြီးတော့ ချီထားတာ။ အဲဒီခေတ်တုန်းက လူတွေရဲ့ သက်တမ်းဟာ အနှစ်ရှစ်သောင်း၊ အနှစ်ရှစ်သောင်းဆို ပျင်းနေအောင်နေရမှာပေါ့ အခုခေတ်နဲ့ စာရင်။ အနှစ်သောင်း လူတွေရဲ့ သက်တမ်းဟာ ရှည်ကြာခဲ့တယ်။ အဲဒီလို နှစ်ပေါင်း ရှစ်သောင်းအသက်ရှည်ကြာတဲ့ အချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဘုရင်တွေက စကြ၀တေးမင်းလို့ခေါ်တယ်။ စကြ၀တေးမင်းလို့ ဆိုတာ တရားဥပဒေကို ရှေ့တမ်းတင်ပြီးတော့ တရားဥပဒေအတိုင်း အုပ်ချုပ်တဲ့ ဘုရင်တွေ၊ သူတို့ခေတ်မှာ လူတွေကလည်း အင်မတန်မှ ကိုယ်ကျင့်တရား ကောင်းကြတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ အချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရတာလည်း အဆင်ပြေမယ်ပေါ့၊ ဒီကနေ့ခေတ်နဲ့တော့ နှိုင်းယှဉ်ပြီးတော့ ကြည့်၊ အဲဒီ အနှစ်ရှစ်သောင်းတမ်းတုန်းက လူလောကမှာ ရာဇ၀တ်မှုတွေ ဘာတွေဆိုတာ ဘာမှမရှိဘူး။ အလွန်အေးချမ်းနေတဲ့ ခေတ်ကြီးပဲ၊ ရွှေခေတ်လို့ ပြောရမယ်။
အဲဒီတိုင်းပြည် အုပ်ချုပ်တဲ့ ဘုရင်တွေက အုပ်ချုပ်ပုံ နည်းစနစ်ကလည်း အလွန်ကောင်းတယ်၊ အဆက်ဆက် စကြ၀တေးမင်းတွေက သားစဉ်မြေးဆက် အမွေဆက်ခံပြီးတော့ အုပ်ချုပ်သွားတာ၊ စကြာရတနာကြီးပေါ်ထွန်းလာတဲ့ အချိန်မှာ စကြ၀တေးမင်းကြီးဟာ ထိုစကြာရတနာကြီးကို အသုန်းပြုပြီးတော့ သူ့နိုင်ငံတော်ကြီးကို လှည့်ပတ်ပြီးတော့ အုပ်ချုပ်တယ်။ အဲဒီလို အုပ်ချုပ်တဲ့ အခါမှာလည်းပဲ အပြစ်ဒဏ်တွေကို ချမှတ်ပြီးတော့ အုပ်ချုပ်တာ မဟုတ်ဘူး၊ သတ်ဖို့ ဖြတ်ဖို့ ဒီလို လက်နက်တွေနဲ့ လွမ်းမိုးပြီးတော့ အုပ်ချုပ်တာလည်း မဟုတ်ဘူး၊ တရားသဖြင့် လူတွေကို လိုက်နာရမည့် စည်းကမ်းလေးတွေကို ဟောပြောပြီးတော့ အုပ်ချုပ်တယ်။ အဲဒီတော့ စကြာမင်းကြီးက တိုင်းပြည် လုံခြုံရေးကို တရားဥပဒေနဲ့အညီ စံမံပြီးတော့ အုပ်ချုပ်တာ၊ ဒါက တစ်ပိုင်း။ နောက်တစ်ခုက တိုင်းပြည်မှာ တရားဥပဒေရဲ့ ဆန်ကျင်ဘက်တွေကို အမှုကိစ္စတွေကို မတရားတဲ့ အမှုတွေ မပေါ်ပေါက်အောင် ဘုရင်က တာဝန် ယူပြီးတော့ ထိန်းသိမ်းစောင့်ရှောက်တယ်။ အဲဒါက တစ်ချက်။
နောက်တစ်ချက်က တိုင်းပြည်မှာ ဥစ္စာဓနမပြည့်ဝလို့မို့ ဆင်းရဲ မွဲတေမှုတွေ ရှိလာလို့ရှိရင် ထိုပုဂ္ဂိုလ်တွေကိုလည်း ငွေကြေးထောက်ပံ့ပေးတယ်၊ ဒီကနေ့ခေတ် အနောက်တိုင်းတွေမှာ အလုပ်အကိုင်မရှိတဲ့ ပုဂ္ဂိုလ်တွေကို ငွေကြေးထောက်ပံ့ပေးတာတွေနဲ့ အလားသဏ္ဍာန်သွားပြီးတော့ တူနေတယ်။ ဒါနှစ်ပေါင်း နှစ်ထောင့်ငါးရာက မြတ်စွာဘုရား ဟောထားတဲ့ တရားပါ။ ပါဠိလိုပြောမယ်ဆိုရင် “အဓနာနံ ဓနမနုဗ္ဘာသိတဗ္ဗံ”။ ဓနကြေးငွေ မရှိတဲ့ လူတွေကို ဓနကြေးငွေထောက်ပံ့ပေးရမယ်။ အဲဒီစည်းကမ်းနဲ့အညီ စကြာမင်းကြီးက တိုင်းပြည်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးကို စီမံထားတာ။ ငြိမ်းချမ်းလို့ နှစ်ပေါင်းများစွာ တိုင်းပြည်မှာ အုပ်ချုပ်လာတာ။ နောက်ကျတော့ စကြာမင်းတွေမှာ အစဉ်အလာ တစ်ခုရှိတယ်တဲ့၊ လူဆိုတာက သက်တမ်း စေ့လို့ရှိရင် ဘ၀တစ်ခု ပြောင်းရရွှေ့ရတယ်ဆိုတာ လူတိုင်း ဒါသဘော ပေါက်ပြီးသားပဲ။ သက်တမ်းကုန်ခါနီးလားလို့ ရှိရင် လူတွေမှာ Signလို့ဆိုတဲ့ နိမိတ်တွေ ပြလာတတ်တယ်။ စကြာမင်းကြီးလည်း ဘယ်လောက်ကောင်းအောင် အုပ်ချုပ် အုပ်ချုပ်နောက်ပိုင်းကျတော့ Signပြလာတယ်။
ဘာSignပြလာတုန်း ဆိုရင် စကြာရတနာကြီးဟာ ထားတဲ့နေရာကနေ နဲနဲလေး အောက်ကို ကျသွားတယ်။ ခါတိုင်း နေရာနဲ့မတူပဲနဲ့ နဲနဲအောက် လျောသွားတယ်။ အဲဒီလိုလျောသွားတာကို သူက အစဉ်အလာ မှတ်တမ်းအရ သူတို့အတိုင်းအတာလေးတစ်ခု လုပ်ထားတယ်ပေါ့၊ အဲဒီတော့ စကြာမင်းကြီးက အသက်အရွယ်ကြီးလာလို့ ထီးနန်းစည်းစိမ်ကို စွန့်ရမည့် အချိန်ပိုင်း ရောက်လာတဲ့ အချိန်မှာ အဲဒီစကြာရတနာကြီးက အောက်ကို လျောကျ သွားတယ်။ အဲဒီလိုလျောကျသွားတာကို စကြာမင်းကြီးက သူ့လူတစ်ယောက်ကို ဘုရင်ကြီးက စကြာရတနာကို အမြဲတမ်း စောင့်ကြည့်ခိုင်းထားတယ်။ စောင့်ကြည့်ခိုင်းလို့ အဲဒီလူက စကြာရတနာကြီးဟာ အနည်းငယ်ဆံချည် တစ်မျှင်လောက် အောက်ကိုနဲနဲ ဆံချည်တစ်မျှင်လောက် ကျသွားတာကို သူတွေ့တာနဲ့တစ်ပြိုင်နက် စကြာမင်းကြီးကို သွားပြီးတော့ သံတော်ဦးတင်တယ်။
အရှင်မင်းကြီး စကြာရတနာကြီးကတော့ ခါတိုင်းတည်တဲ့ နေရာထက် ဆံချည်တစ်မျှင်လောက် အောက်နဲနဲကျသွားတယ်ဆိုရင် စကြာမင်းကြီးက ဘာသဘောပေါက်တုန်းဆိုရင် ငါ-အာနာစွန့်ရတော့မယ်၊ တိုင်းပြည်ကို အာနာ စွန့်ပြီးတော့ အာနာလွဲပြောင်းဖို့ရန်အတွက် ငါ့သက်တမ်းလည်း သိပ်မရှည်နိုင်တော့ဘူး။ အဲဒါကြောင့်မို့လို့ အာနာလွဲပြောင်းဖို့ အချိန်ရောက်ပြီလို့ဆိုပြီး စကြာမင်းကြီးက သားတော်ကိုခေါ်တယ်။ ခေါ်ပြီးတဲ့အခါကျတော့ ထုံတမ်း စဉ်လာအရ စကြာရတနာကြီး ဒီလိုရွေ့သွားလို့ရှိရင် စကြာမင်းက သိပ်မကြာဘူး။ အဲဒီတော့ ဒီဘ၀ ဒီလောက လူ့စည်းစိမ်တွေ ခံစားပြီးပြီ၊ နောင်ဘ၀အတွက် သူပြင်ဆင်မှုကို စလုပ်မယ်။ ဒါကြောင့်မို့လို သားဖြစ်တဲ့ သားကြီးရတနာကို စကြာရတနာကို လွဲအပ်တယ်၊ တိုင်းပြည် အုပ်ချုပ်ရေး အာနာတွေကို လွဲအပ်တာ။ လွဲအပ်တဲ့အခါ ဘာပြောတုန်းလို့ဆိုရင် ငါ့သား! မင်းစကြာမင်းရဲ့ ကျင့်ဝတ်တွေအတိုင်းကျင့်၊ တိုင်းပြည်ရဲ့ လုံခြုံရေး အုပ်ချုပ်ရေးအားလုံးကို တရားနည်းလမ်းတကျ စီမံအုပ်ချုပ်ပါ၊
သူမှာတဲ့ အထူးက ဘာတုန်းဆိုရင် “မာတေ တာတ ၀ဇ္ဇိတေ အဓမ္မကာရော ပ၀တ္တယိတ္ထ”၊ ငါ့သား မင်းနိုင်ငံမှာ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ မပေါ်ပေါက်စေနဲ့၊ စကြာမင်းကြီးက အထူးမှာတယ်။ ငါ့သား တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ မင်းနိုင်ငံမှာ မပေါ်စေနဲ့၊ ဒါတစ်ချက်။ အဲဒီလိုမှာပြီး ဘာပြောတုန်းဆိုရင် “အဓနာနံ ဓနမနုဗ္ဘာသိတဗ္ဗံ”၊ ငါ့သား မင်းနိုင်ငံမှာ ဓနကြေးငွေ မရှိတဲ့လူတွေကို ဓနကြေးငွေထောက်ပံ့ပါ။ ဟောဒီ အချက်သုံးချက်ကို အဓိကထားပြီး မှာပြီးတော့ စကြာမင်းကြီးဟာ တောထွက်ပြီး ရသေ့ဝတ်သွားတယ်။
သားကို အာနာလွဲထားခဲ့တယ်။ အဲဒီလို့ ရသေ့ဝတ်ပြီးတော့ တောထွက်သွားတဲ့အခါ ဘာဖြစ်လာတုန်းလို့ဆိုရင် စကြာမင်းကြီး ရသေ့ဝတ်လို့ ခုနရက်လောက်လည်း နေရော့ နန်းရင်ပြင်မှာ အလှဆင်ထားတဲ့ စကြာရတနာကြိးက ပျောက်ကွယ်သွားတယ်။ ပျောက်သွားတဲ့ အခါကျတော့ ထိုဘုရင်ကြီးရဲ့ တိုင်းပြည်ကိုဆက်ခံတဲ့ နောက်ဘုရင်က စကြာရတနာကြီးပျောက်သွားပြီဆိုတော့ စိတ်မကောင်းလို့ သူ့ဖခင် ရသေ့ကြီးသည်ကို သွားပြီးတော့မေးတယ်။ နန်းပြင်မှာ စကြာရတနာကြီးပျောက်သွားပြီ၊ ဘယ်လိုလုပ်ရ မတုန်းဆိုတော့? သူ့အဖေက ဘာပြောတုန်းဆိုတော့ ငါ့သား! မင်းစကြာရတနာဆိုတာ အမွေခံရတဲ့ ပစ္စည်းမျိုးမဟုတ်ဘူး၊ မင်းနဲ့ထိုက်ရင် ရမယ်၊ မထိုက်ရင် မရဘူး။ ဒါလည်း အလွန်မှတ်သားစရာကောင်းတဲ့ အချက်တစ်ခုပဲ။
လူဟာ ကောင်းမှ ဒီစကြာရတနာဆိုတာ ရတယ်။ ငါ့သား ဒါဟာအမွေခံလို့ မရဘူးတဲ့၊ မင်းနဲ့ထိုက်လို့ရှိရင် စကြာရတနာရမယ်၊ အဲတော့ မင်းစကြာရတနာရချင်လို့ရှိရင် စကြာမင်းရဲ့ ကျင့်ဝတ်ကို မင်း-ကျင့်၊ ဘာကျင့်ရ-မတုန်းဆိုရင် အခုနပြောတဲ့ စကြာမင်းတွေ လိုက်နာရတဲ့ တိုင်းပြည်မှာ ဥပဒေအရ တိုင်းသူပြည်သားတွေကို အုပ်ချုပ်ဖို့၊ တိုင်းပြည်မှာ တရားမဲ့ လုပ်ရပ်တွေ မပေါ်ဖို့၊ မပေါ်ပေါက်အောင် ထိန်းသိမ်းဖို့၊ ဓနကြေးငွေမရှိတဲ့ လူတွေကို ဓနကြေးငွေ ထောက်ပံ့ပေးဖို့ဆိုပြီးတော့ အဲဒီအချက်သုံးချက်ကို အလေးအနက်ထားပြီးတော့ မင်းရှစ်ပါးသီလထိန်းသိမ်း စောင့်ရှောက်ပြီး ကိုယ်ကျင့်တရားကောင်းအောင် ပြန်လုပ်လို့ရှိရင် စကြာရတနာ ကြီးဟာ မင်းအတွက် ရောက်လာမှာပါဆိုပြီးတော့ သူစကြာမင်းလိုက်နာရမည့် ကျင့်ဝတ်တွေကို ကျင့်သုန်း လိုက်နာလိုက်တဲ့ အခါ သူ့အတွက် စကြာရတနာအသစ်တစ်ခု ထပ်ပြီးတော့ပေါ်လာတယ်။
အဲဒီလိုနဲ့ အုပ်ချုပ်သွားတာ စကြာမင်း ခုနဆက်အထိအောင် လူ့လောက လူ့ပြည်ကြီးဟာ အလွန်ကိုအေးချမ်းတယ်။ စကြာမင်းကြီးက စကြာရတနာကို အသုန်းပြုပြီးတော့ တိုင်းတော် ပြည်တော်ကိုလှည့်လယ်တဲ့အခါမှာ သူတို့ပြောတဲ့ ဆုံးမသြ၀ါဒပေးတဲ့စကားက very simple-ပါ။ သိပ်ပြီးတော့ ရိုးရိုးလေးတွေ ဘာပြောတုန်းလို့ ဆိုရင်-
၁။ ပါဏော နဟန္တဗ္ဗော=မင်းတို့ သူများအသက် မသတ်ကြနှင့်၊ ဒီတစ်ချက်။ ငါးပါးသီလပဲ။ ပါဏော နဟန္တဗ္ဗော=သူများအသက် မသတ်ရဘူး။
၂။ အဒိန္နံ အနာဒိယိတဗ္ဗံ= သူများမပေးတဲ့ ပစ္စည်းကို မတရားသဖြင့် မယူရဘူး။
၃။ ကာမေသု မိစ္ဆာရာ န စရိတဗ္ဗာ= ကာမဂုဏ် ကိစ္စတွေမှာ မှားမှားယွင်းယွင်းတွေ မကျင့်ရဘူး။
၎။ မုသာ န ဘဏိတဗ္ဗာ= မင်းတို့ လိမ်မပြောနဲ့။ မှန်မှန်ကန်ကန်ပြောရမယ်။
၅။ မဇ္ဇပါဏာ န ပါယိတဗ္ဗာ= မူးယစ်ဆေးဝါး သေရည် သေရက်ကို မင်းတို့ မသောက်စားကြနဲ့။ ဒီငါးချက်ကိုပဲ စကြာမင်းကို လူတွေကို သြ၀ါဒပေးတယ်။
အဲတော့ ငါးပါးသီလဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စဉ်းစား ကြည့်ပေါ့။ ခေတ်တိုင်း ခေတ်အဆက်ဆက် လူသားတိုင်း၊ လူသားရှိ-နေသရွေ့ကာလပတ်လုံး ဒီငါးပါးသီလ လုံခြုံနေလို့ရှိရင် ဘာပြဿနာမှ မတက်နိုင်ဘူး။ အဲဒီတော့ စကြာမင်းတွေက ဆုံးမသြ၀ါဒပေးရာမှာလည်း ဟောဒီငါးပါးသီလကိုပဲ မင်းလုံခြုံအောင်လုပ်လို့ ပြောတယ်။ တိုင်းသူ ပြည်သားတွေကို ဒီလို ဆုံးမသွန်သင်ပြီးတော့ တိုင်းပြည်ကြီးဟာ အလွန်ငြိမ်း-ချမ်းပြီးတော့ လူ့လောကကြီးဟာ ရာဇ၀တ်မှုကင်းပြီးတော့ အလွန်ငြိမ်းချမ်းတဲ့ ခေတ်ကြီးတစ်ခေတ်၊ ဒီကနေ့ခေတ်က ဘယ်လောက်တိုးတက်တယ်လို့ပြောပြော ဒီကနေ့ခေတ်မှာ အင်မတန်ကြောက်စရာ လန့်စရာတွေနဲ့ terrorism ဆိုတာပေါ်နေတဲ့ခေတ်ပဲ။

0 comments:
Post a Comment