* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 14, 2009

မမေ့မလျော့ ပြုလုပ်ရမည့် တရားများ

ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။

နောင်တ ၁၀-မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။
အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။

( ဉာဏ်လင်းအောင် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

လူဆိုး ဖိုးလူ

မကွေးတိုင်း မြို့သစ်မြို့အနီးရှိ ကျေးရွာကလေးတရွာတွင် ကိုဖိုးလူ ဆိုသူတယောက် ရှိလေသည်။ ကိုဖိုးလူသည် စာမတတ် ပေမတတ် လူရမ်းကားတယောက်ဖြစ်သည်။ သူသည် နွားသတ်ရဲသည်။ ၀က်ဆိုလည်း ထိုးရဲသည်။ အရက် ဖဲ ကြက် ဘာမျှမကျန်အောင် အစုံလုပ်တတ်သည်။ လစ်လျှင်လည်း ခိုးသည်။ မကောင်းမှုများ လုပ်ကိုင်သောကြောင့် သူ့ဆိုလျှင် လူတိုင်းက မယုံ။ မိုက်ကန်းသောကြောင့် မည်သူမျှ မပတ်သက်ချင်ကြပေ။ သူနှင့်ပတ်သက်ရမည်ဆိုလျှင် ကျားအမြီးဆွဲရမှာထက် ကြောက်ကြသည်။

သီတင်းကျွတ်လပြည့်နေ့ည၌ ရွာကလေးစည်ကားလျက်ရှိသည်။ တနှစ်လုံး တမိုးတွင်းလုံး လုပ်ကိုင်၍ရသော နှမ်းများမှ နှမ်းဦးပေါ် ကြိတ်ထားသော နှမ်းဆီများဖြင့် ရွာဦးဘုန်းတော်ကြီးကို ကန်တော့ကြမည်ဖြစ်သည်။ ထိုအတွက် ရွာက လူငယ်များနှင့် လူကြီးများ ကုမ္မာရီအမျိုးသမီးကလေးများမှာ စုရပ်ဖြစ်သော ရွာလယ်ဝိုင်းထဲသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ လူငယ်များမှာလည်း ဒိုးပတ်ဝိုင်းဖြင့် သံချပ်များ ထိုးကြပြီး ဘုန်းတော်ကြီး
ကျောင်းသို့ သွားရန် ဟန်ပြင်နေကြ၏။

တအိမ်လျှင် ဆီ ၂၅-ကျပ်သား၊ ၅၀-ကျပ်သားစသည်ဖြင့် တတ်နိုင်သလောက် စုပေါင်းလှူဒါန်းကြရန် ဖြစ်သည်။ တရွာလုံးက စုပေါင်းလှူဒါန်းသော ဆီပိဿာချိန် စာရင်းချုပ်လိုက်သောအခါ ၂၆-ပိဿာခန့် ရရှိလေသည်။ ထို့အပြင် လင်ပန်းထဲတွင် ဆီမီးများထွန်းကာ ရွာဦးကျောင်းဘုရားသို့ ဆီမီးပူဇော်ကြမည့်ပွဲလည်း ရှိသည်။

ထိုကဲ့သို့ စည်စည်ကားကား ဖြစ်နေချိန်၌ ကိုဖိုးလူသည် ရုတ်တရက် ရောက်ရှိလာပြီး အော်ဟစ်ဆူပူကာ ပွဲဖျက်၏။ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေကြသော ဒိုးပတ်ဝိုင်းမှ အသံများ တိတ်သွား၏။ တယောက်တပေါက် ပြောဆိုသံများ၊ သဘောကျရယ်မောသံများသည်လည်း ငြိမ်သွား၏။ အရက်အလွန်အကျွံ သောက်ထားသော ကိုဖိုးလူသည် ထွန်းထားသော ဆီမီးခွက်များကို လက်ဖြင့်သိမ်း၍ ရိုက်၏။ စားပွဲပေါ်မှ ဆီမီးခွက်များမှာ တချို့ငြိမ်းကုန်၏။ တချို့ အောက်သို့ကျကုန်၏။ ထိုအချိန်တွင် လူငယ်တယောက်က သည်းမခံနိုင်သဖြင့် တုတ်ဖြင့်ရိုက်မည်ပြုရာ ကျန်လူများက ဆွဲ၍ထားရ၏။ ကိုဖိုးလူကိုလည်း သူ့အိမ်သို့အရောက် ချော့မော့၍ ပို့ရလေသည်။ ကလေးများနှင့် အမျိုးသမီးလေးများသည် ကြောက်ရွံ့၍ ပြန်ပြေးသွားကြရာမှ မကြာခင် အလျှိုလျှိုပြန်လာကြပြီး ဆီမီးခွက်များ ပြန်၍ ပြင်ဆင်ကြသည်။ ထို့နောက် မီးမထွန်းရဲဘဲ ဒိုးပတ်မတီးဘဲ ကျောင်းသို့ တိတ်ဆိတ်စွာ သွားကြလေသည်။ ခြောက်ကပ်ကပ် မီးထွန်းပွဲပေတည်း။

ကျောင်းသို့ရောက်သောအခါ မိန်းကလေးများသည် ဘုရားတွင် ဆီမီးများထွန်းညှိပူဇော်ကြလေသည်။ လူငယ်လူရွယ်များမှာလည်း ဒိုးပတ်တီး၍ ကခုန်ကြလေသည်။ ထို့နောက် စုပေါင်း၍ လှူဒါန်းသော ဆီများကို ရွာဦးကျောင်းဆရာတော်ထံ ကပ်လှူကြပြီး အနုမောဒနာတရား နာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ အလှူဒါနပြီးမြောက်သောအခါ ဆက်လက်၍ လူငယ်မောင်မယ်တို့သည် တယောက်တလှည့် သီချင်းများ သီဆိုကြ၏။ ပျော်ပျော်ရွှင်ရွှင်ဖြင့် သီဆိုတီးမှုတ်ကခုန်နေကြစဉ်တွင် ရွာ၏အနောက်ဘက်မှ မီးတောက်များ ဖြာထွက်လာရာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ ထို့နောက် လူအားလုံး မီးလောင်ရာဆီသို့ ပြေးသွားကြပြီး ကိုဖိုးလူ မီးရှို့သဖြင့် မီးလောင်နေသော တဲကလေးတလုံးအား စုပေါင်းငြိမ်းသတ်လိုက်၍ မီးမှာ ငြိမ်း၍သွားလေသည်။

တခါတွင် ကိုဖိုးလူသည် နွားပေါက်လေးတကောင်အား လိုက်၍ ကိုက်နေသော ခွေးတကောင်ကို ဓားဖြင့်ရမ်းလိုက်ရာ ခွေး၏ဗိုက်သားကို ခုတ်မိသည်။ ခွေး၏ဗိုက်မှ အူများ မြင်မကောင်းအောင် ထွက်ကျလာလေသည်။ ထိုခွေးသည် ချက်ချင်းသေမသွားဘဲ တရက်ခန့်ကြာမှ သေသွားလေသည်။

ဤကဲ့သို့ ဆိုးဝါးလွန်းသော အပြုအမူများကြောင့် တနေ့၌ ကိုဖိုးလူ၏ ကံကြမ္မာသည် တပတ်လည်၍ လာခဲ့လေပြီ။ အရက်ကို အချိန်ရှိသရွေ့ သောက်လွန်းသော ကိုဖိုးလူသည် အိမ်သို့ မွန်းတည့်ချိန်လောက်တွင် ပြန်ရောက်လာပြီး ထမင်းစားရန်အတွက် မီးဖိုခန်းသို့ ၀င်သွားလေသည်။ ဟင်းမကောင်းသောကြောင့် ပန်းကန်များကို ရိုက်ခွဲသည်။ မိဘများကိုလည်း ဆဲရေး၏။ ထို့နောက် အောက်သို့ဆင်းကာ ကြက်တကောင်ကိုသတ်ရန် ကြိုးစား၏ လက်တွင်လည်း ဓားရှည်ကိုကိုင်ထား၏။ ဓားရှည်ဖြင့် ပစ်ခတ်ရာ မမှန်ပေ။ ကြက်များလည်း လန့်၍ ပြေးမိပြေးရာ ပြေးကြလေသည်။ ထိုအခါ ကိုဖိုးလူ ဒေါသထွက်လာ၏။ အိမ်ပေါ်ရှိ မိအိုဖအိုတို့အား ကြိမ်းမောင်း၏။ မိဘတို့မှာလည်း ကြောက်ရွံ့နေကြလေသည်။

ကိုဖိုးလူသည် ဘာစိတ်ကူးရသည်မသိ၊ အိမ်ပေါ်သို့ အပြေးတက်သွားလေသည်။ လှေကားဦးသို့ ရောက်သောအခါ ပျဉ်အစွန်းကို နင်းမိသည်။ ပျဉ်ချပ်ထောင်သွားသဖြင့် လှေကားတဖက်ရှိ ပိုင်းတန်းပေါ်သို့ ပက်လက်လှန်ကာ ကန့်လန့်ကျသွားလေသည်။ ကိုဖိုးလူ၏ခါးမှာ ကျိုးသွား၏။ ထိုအချိန်မှစ၍ လမ်းမသွားနိုင်သောကြောင့် ကိုဖိုးလူ၏ အဆိုးမှန်သမျှ နိဂုံးချုပ်သွားလေသည်။ ထို့နောက် ကိုဖိုးလူသသည် ပက်လက်ဖြင့်ပင် ၃-လခန့် အသက်ရှင်နေသေးသည်။ မည်သည့်ဘက်ကိုမှလည်း လှည့်မရ၊ ပက်လက်ဖြင့်ပင် နိဂုံးချုပ်ရလေသည်။

( မောင်ဝင်းညွန့်-ကံသာလေး )

( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

မိဘမေတ္တာ

ကျွန်မ၏ဖခင်ကြီးနှင့် မိခင်ကြီးတို့မှာ အသက် ၈၀-နားနီး အရွယ်များဖြစ်ကြသည်။ အသက်အရွယ်အရ တရားဘာဝနာနှင့်သာ ပျော်မွေ့နေထိုင်ကြသည်။ ဒါန သီလ ဘာဝနာတည်းဟူသော နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အချိန်ရှိခိုက် ပွားများအားထုတ်ကြသည်။ ကျွန်မမှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျက် မိဘအရိပ်တွင် လုံခြုံအေးချမ်းစွာ နေထိုင်ရသည်။

ထိုသို့နေထိုင်ရခြင်းမှာ ကျွန်မ၏ ကြိုးစားအားထုတ်မှု တခုတည်းကြောင့်တော့ မဟုတ်ပေ။ မိဘနှစ်ပါး၏ ကြီးမားလှသော မေတ္တာရိပ်ကြောင့်ဟု လက်ခံယုံကြည်မိပါသည်။ ကျွန်မတွင် ထူးခြားသောအကျင့်တခုရှိသည်။ မိဘနှစ်ပါးကို အလွန်အမင်း ယုံကြည်အားထားခြင်းပင်ဖြစ်သည်။ ခရီးသွားလာရာ၌ ဖြစ်စေ၊ အလုပ်ကိစ္စများ ဆောင်ရွက်ရာ၌ဖြစ်စေ၊ မိဘနှစ်ပါးကို ရှိခိုးဦးချ၍ ဆုတောင်းအဓိဋ္ဌာန်ပြုပြီးမှ လုပ်ကိုင်လေ့ရှိသည်။ မိဘနှစ်ပါးကိုလည်း အသိပေးတိုင်ပင်သည်။ ဆုတောင်းအဓိဋ္ဌာန်ပုံမှာ-

ဘုရားတပည့်တော်၏ မိခင်နှင့် ဖခင်ကြီးတို့မှာ ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်ပါသည်။ တရားဘာဝနာကိုလည်း ပွားများအားထုတ်ပါသည်။ ဘုရားတပည့်တော်သည်လည်း မိဘနှစ်ပါးကို မငြိုမငြင် လုပ်ကျွေးပြုစုပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ဆောင်ရွက်ရသော အလုပ်ကိစ္စဟူသမျှ ချောမောအောင်မြင်ရပါလို၏-ဟူ၍ ဖြစ်သည်။

မိဘနှစ်ပါးကလည်း ပြန်လည်ဆုပေးပါသည်။ ထိုနေ့မျိုးတွင် မိခင်ကြီးက မေတ္တာဘာဝနာကို ပို၍ပွားများသည်။ မကောင်းသောအကြောင်းအရာနှင့် ဆုံတွေ့ရမည်ဆိုပါကလည်း မိခင်ကြီးက ကြိုတင်သတိပေးတတ်သည်။ မိဘနှစ်ပါးက တားမြစ်သောလုပ်ကိစ္စမှန်သမျှကိုလည်း ကျွန်မအထူးရှောင်ကြဉ်ခဲ့သည်။

သို့ဖြစ်၍ ဆိုးရွားသော ဘေးဒုက္ခမျိုးနှင့် ကျွန်မ မဆုံးဆည်းခဲ့ရပေ။ အတိတ်ကံဝဋ်ကြွေးကြောင့် ဆုံဆည်းခဲ့ရပါကလည်း သူတပါး၏နှိပ်စက်ခြင်းကို မကြုံခဲ့ရပေ။ တခါက ကျွန်မ အလုပ်တာဝန်ကျသော ရွာကလေးတရွာတွင် ကျွန်မနေသောအိမ်ကို ဓားပြတိုက်ခံရပါသည်။ ကျွန်မမှာ ဓားပြများကို ကြောက်ရွံ့ခြင်းထက် မိဘနှစ်ပါးကိုသာ မြင်ယောင်တမ်းတ၍ ဂုဏ်တော်များကို ပွားများနေမိသည်။ သို့အတွက် ဓားပြများက ပစ္စည်းယူခြင်း၊ ရိုက်နှက်တောင်းခံခြင်းများကို မပြုလုပ်ခဲ့ပေ။ မိခင်ကြီးကလည်း ကြိုတင်ပြသော အတိတ်နိမိတ်များကြောင့် ကျွန်မထံသို့ မေတ္တာပို့လွှတ်နေ၍ဖြစ်သည်။

ထိုအဖြစ်မျိုးကို မိဘများရိပ်သာဝင်ရာ တရားစခန်းသို့ ကျွန်မတရားနာသွားစဉ်၌လည်း ကြုံဆုံခဲ့ရသည်။ ယောက်ျားတယောက်က ကျွန်မထံမှ ရွှေဆွဲကြိုးကို လုယူခြင်းဖြစ်သည်။ ထိုယောက်ျားက အားနှင့်ဆွဲဖြတ်သော်လည်း ဆွဲကြိုးမှာ ပြတ်ခြင်း၊ ပြုတ်ခြင်း မရှိပေ။ ဆွဲကြိုးလုသူ ထိုယောက်ျားသာ ခလုတ်တိုက် လဲ၍ လူအများ ၀ိုင်းဖမ်းခြင်းကို ခံလိုက်ရသည်။

ဤသည်မှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းနှင့် မိဘနှစ်ပါး၏ ပို့သသောမေတ္တာအရှိန်အ၀ါတို့ကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( သွဲ့ထားညို-သက္ကလ )
( မြတ်မင်္ဂလာ ၂၀၀၁-စက်တင်ဘာလ )

အကောင်းမြင်ဝါဒ ကျင့်သုံးကြစေလို

လောက၌ လူလေးမျိုးရှိကြောင်း မှတ်သားရဖူး၏။
၁။ လူတချို့ တရားသိ၏ တရားမရှိ။
၂။ လူတချို့ တရားရှိ၏ သို့သော် တကယ်တမ်းလည်း တရားမသိသေး။
၃။ လူတချို့ကား တရားလည်းရှိ၏ တရားကိုလည်း ဟုတ်မှန်သည့်အတိုင်း သိ၏။
၎။ လူတချို့ကား မရှိလည်း မရှိ မသိလည်း မသိပေ။
ထိုလူလေးမျိုးတို့တွင် သုံးနံပတ်ပုဂ္ဂိုလ်မှလွဲ၍ ကျန်ပုဂ္ဂိုလ်များအဖို့ မိမိမှတပါး အခြားသူများအတွက် စိတ်ကောင်း နှလုံးကောင်း ထားနိုင်လိမ့်မည် မဟုတ်သေး။ ထားနိုင်သည်ဆိုစေကာမူ အစစ်အမှန်တော့ မဟုတ်။ အတုအရံသာ ဖြစ်နေပေဦးမည်။ စိတ်ကောင်းနှလုံးကောင်း ထားနိုင်သော တနည်းဆိုရသော်-ပြု-ပြော-ကြံ အရာအားလုံး၌ အကောင်းမြင်ဝါဒ ကျင့်သုံးနိုင်သောပုဂ္ဂိုလ်ကား အခြားမဟုတ် အထက်ဖော်ပြပါ သုံးနံပါတ်ပုဂ္ဂိုလ်ပင် ဖြစ်ချေသည်။

တရားလည်းသိ တရားလည်းရှိသော ထိုပုဂ္ဂိုလ်သည်လည်း အခြားသောပုဂ္ဂိုလ်မျိုးမဟုတ်၊ ယောနိသော မနသိကာရပုဂ္ဂိုလ်-( သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းနားလည်ပေးနိုင်သော ပုဂ္ဂိုလ်) သာ ဖြစ်ပေသည်။

လွန်ခဲ့သော အတိတ်သာသနာ ၂၅၉၁-ခန့် ကာလက ပါရမီအဟုန်ကြောင့် မပျော်စိတ်စက် တောသို့ထွက်၍ အမှန်တရားကိုဖွေရှာရင်း သဗ္ဗညုအစစ် ဘုရားအဖြစ်သို့ ရောက်ခဲ့သော ဘုရားမြတ်စွာသည် သိထိုက်သောတရားအလုံးစုံကို သိတော်မူ၏။ အတူ ကင်းမဲ့သော တရားရှိပုဂ္ဂိုလ်လည်း ဖြစ်ခဲ့၏။ ဘုရားရှင်၏ စိတ်တော်သည် အားလုံးသောသတ္တ၀ါတို့အပေါ်၌ အကျိုးမဲ့စိတ်မျိုး လုံးဝ ကင်းမဲ့တော်မူ၏။ အယုတ် အလတ် အမြတ်မရွေး သတ္တ၀ါအားလုံးတို့အပေါ်၌ တန်းတူ မေတ္တာရှိတော်မူ၏။ မိမိ၏ ရင်သွေးအနှစ် သားတော်စစ်ဖြစ်သော ရှင်ရာဟုလာအပေါ်၌ ထားသောမေတ္တာသည်လည်း သတ္တ၀ါအားလုံးတို့အပေါ် ထားရှိအပ်သော မေတ္တာနှင့် အတူတူပင်တည်း။

ထို့အပြင် မိမိအားသတ်ရန် ပြေးလာသော နာဠာဂီရိဆင်၌သော်လည်း ရာဟုလာအတူ မေတ္တာထားခြင်းဖြင့် အကောင်းမြင်ဝါဒအောင်လံကို လွှင့်ပြနိုင်ခဲ့၏။ ယောနိသောမနသိကာရ အစစ်အမှန်ရှိကြောင်း မသိုမ၀ှက်ဘဲ မေတ္တာဖြင့်ချိန်စက်ပြတော်မူခဲ့၏။ ပုထုဇဉ်အမြင်ဖြင့် သုံးသပ်ကြည့်သော် ဘုရားရှင်အား နှောက်ယှက်ဖျက်ဆီးအကျိုးမဲ့ပြုကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်၌ ဘုရားရှင်သည်လည်း သာမန်အားဖြင့်ကြည်မူ ဒေါသအငွေ့အသက်တို့ ဖြစ်ပေါ်ရမည်သာ။ အာဃာတတရား ထားမိမည်သာ။ သို့သော် ဘုရားရှင်သည်ကား ဘုရားစင်စစ် အမှန်ဖြစ်သည်မှစ၍ လောဘ ဒေါသ စသည့် ဆယ်ဖြာသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်နိုင်ခဲ့ပြီတည်း။

ထို့ကြောင့် ချစ်သူ မုန်းသူ အားလုံးတို့အပေါ်၌ အာဃာတ-ရန်ငြှိုးဖွဲ့ခြင်းအစား အာဃာတပဋိဝိနယ-ရန်ငြှိုးပယ်ဖျောက်ခြင်းကို အစားထိုး ကျင့်သုံးနိုင်ခဲ့၏။ အာဃာတပဋိဝိနယ ခေါ် ရန်ငြှိုးပယ်ဖျောက်ခြင်းဟူသည်ကား အခြားမဟုတ် ယောနိသောမနသိကာရခေါ် အကောင်းမြင်ဝါဒ ကျင့်သုံးခြင်းပင်တည်း။

ဘုရားရှင်မို့လို့သာ ခုလိုသည်းခံခွင့်လွှတ်နိုင်တာပါဟူ၍ စောဒကကောင်တို့ အမြွက်ထောင်ဖို့ မလိုအောင်လည်း ဘုရားရှင်ကိုယ်တော်တိုင် နည်းနာနိဿယ ပေးထားခဲ့သည်သာ။ ဘုရားရှင်ကဲ့သို့ အပြည့်အ၀ အကောင်းမြင်ဝါဒမကျင့်သုံးနိုင်သေးသော်လည်း မကြာခဏ သိ၍ ထာဝရအကောင်းမြင်တတ်စေရန် ဘုရားရှင် နည်းပေးတော်မူခဲ့ပုံကား-

၁။ ပုဂ္ဂိုလ်တဦးတယောက်သည် ကိုယ်ဖြင့်ပြုလုပ်အပ်သော အလုပ်ကိစ္စတို့၌ မသန့်ရှင်း မသပ်ရပ် မကောင်းမွန် ကဲ့ရ့ထိုက်သောသဘောရှိ၏။ သို့သော် စကားအရာ လိမ္မာကျွမ်းကျင်၍ စကားကောင်းကို နားဝင်အောင်ပြောဆိုတတ်၏။ ပံသုကူဓုတင်ဆောင် ရဟန်းတပါးသည် လမ်း၌မြင်ရသော အ၀တ်စုတ်နွမ်းတထည်ကို ဘယ်ခြေဖြင့် နင်း၍ ညာခြေဖြင့် ဖြန့်ကြည့်ပြီးလျှင် အနှစ်အသား ကောင်သေးသော အသုံးပြု၍ရသေးသော နေရာလေးကို ဖြတ်ယူသွားသကဲ့သို့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်၌ မကောင်းသော ကာယကံကို လျစ်လျူရှုပြီးလျှင် ကောင်းသော ၀စီကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၂။ ပုဂ္ဂိုလ်တဦးတယောက်သည် အပြောအဆိုမတတ်၊ စကားပြောသော် ဆဲသကဲ့သို့ဖြစ်နေ၏။ အပြောမချိုသာ ၀စီကံမကောင်း၊ သို့သော် ကာယကံမြောက် လုပ်ဆောင်ရာတို့၌ ကျွမ်းကျင်လိမ္မာ၏။ သေသပ်လှပ ဘ၀င်ကျစရာများ ဖြစ်အောင် လုပ်ဆောင်နိုင်၏။ မှော် ရေညှိစသော မစင်ကြယ်သောအရာတို့ဖြင့် ရောပြွမ်းနေသော ရေကန်တခုသို့ ရောက်လာသော နေပူဒဏ်ကြောင့် ရေဆာနေသော ယောက်ျားတယောက်သည် ဘာကိုမျှ ဂရုမစိုက်အားဘဲ ရေကန်ထဲဆင်းကာ လက်နှစ်ဖက်ဖြင့် မသန့်ရှင်းသောအရာများကို ဖယ်ရှားလျက် သောက်၍ရလောက်ရုံမျှ အနည်းငယ်သောရေကောင်းကို လက်ခုပ်ဖြင့် ယူ၍သောက်ခါ သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်အပေါ်၌ မကောင်းသောဝစီကံကို လျစ်လျူရှုပြီးလျှင် ကောင်းသောကာယကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၃။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံလည်း မကောင်းမွန်၊ ၀စီကံအမှု၌လည်း ထို့အတူ မလိမ်မာ၊ သို့သော်-အခါအားလျော်စွာ (သူ့အချိန်အခါရောက်လျှင်) သမထ-စိတ်အပူအခိုးငွေ့ ကိလေသာတို့ကို စွန့်လွှတ်၍ စိတ်ကို ထိန်းသိမ်းခြင်း၊ ၀ိပဿနာ-လွဲမှားသော အထင်အမြင်တို့ကို စွန့်လွှတ်၍ အမြင်မှန်ကို ရအောင်ကြည့်ခြင်းဟူသော တရားနှစ်မျိုး ဖြစ်ခွင့်ရှိသေး၏။ အကြောင်းအားလျော်စွာ စိတ်ကြည်လင်ခွင့် ရနိုင်သေး၏။ ခရီးပင်ပန်းနွမ်းနယ်၍ ရေငတ်နေသော ယောက်ျားတယောက်သည် နွားခြေရာခွက်၌ရှိသော အနည်းငယ်သော ရေကိုမြင်လိုက်ရသော် အကယ်၍ ငါသည် ဤအနည်းငယ်သောရေကို လက်ခုပ်နှင့်ဖြစ်စေ ခွက်တခုခုနှင့်ဖြစ်စေ ခပ်ယူလိုက်ပါက နောက်သော်လည်း နောက်ရာ၏။ သို့မဟုတ် လုံးဝသောက်မရသည်မူလည်း ဖြစ်ရာ၏။ ဤကဲ့သို့ နှလုံးသွင်း၍ လေးဘက်ထောက်ပြီးလျှင် နွားသောက်ခြင်းဖြင့် သောက်၍ ခရီးဆက်သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ မကောင်းသောကာယကံ ၀စီကံတို့၏ အပြစ်ကို မသုံးသပ်တော့ဘဲ အကြောင်းအားလျော်စွာ ထိုပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေလာနိုင်သေးသော သမထ ၀ိပဿာတရားများ ဖြစ်စရာအခွင့်အလမ်းကိုသာ ကြည့်ရှုသုံးသပ်၍ အကောင်းမြင်ဝါဒကျင့်သုံးရမည်။

၎။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံ ၀စီကံ မကောင်း၊ အလုပ်အကိုင်လည်း မလုပ်တတ် မကိုင်တတ်၊ အပြောအဆိုလည်း မလိမ္မာ မကျွမ်းကျင်၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ကြည်လင်ငြိမ်းအေးမှုလည်း မရှိ၊ ပြင်းစွာဖျားနာနေသော ဒုက္ခိတလူနာ ရောဂါသည်တယောက်သည် နေမကောင်းပါဘဲလျက် ခရီးသွား၏။ ရှေ့သွားလိုသည့်ရွာကိုလည်း မရောက်သေး၊ ကျန်ရစ်သောရွာသို့လည်း ပြန်မရောက်နိုင်တော့။ သင့်တင့်မျှတအောင် ပြုစုလုပ်ကျွေး ဆေးပေးမီးယူ ကူဖော်လောင်ဖက်လည်း မပါ။ ထိုအခြေအနေတွင် အခြားခရီးသွားတယောက် တွေ့မြင်သော်-ဤဒုက္ခိတလူနာအား သင့်တင့်မျှတအောင် ပြုစုစောင့်ရှောက်၍ ရွာသို့ရောက်အောင် ပို့ဆောင်ပေးမည့်သူ ပေါ်ပေါက်လာသော် ကောင်းလေစွ-ဟုတွေး၍ သနားခြင်းကရုဏာ ဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် ထိုလူနာ လမ်းခရီးကြား၌ပင် အကျိုးမဲ့မပျက်စီးစေလိုသောကြောင့် ဖြစ်၏။ ဤအတူပင် အထက်ပါပုဂ္ဂိုလ်၌လည်း ဤပုဂ္ဂိုလ်သည် ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်၍ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်များကို ပြုကျင့်ပြောဆို ကြံစည်နေလျှင် ကောင်းလေစွဟု သနားခြင်းကရုဏာဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် အပါယ်ငရဲသို့ မကျရောက်စေလိုသောကြောင့် ဖြစ်၏။ ဤသို့ ထိုသူ့အပေါ်၌ မကောင်းသော အရာများကို လျစ်လျူရှု၍ သနားမှု ကရုဏာ တရား ပွားများခြင်းဖြင့် အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၅။ ပုဂ္ဂိုလ်တဦးတယောက်ကမူ ကာယကံမြောက်လုပ်ဆောင်သမျှ အားလုံးကျွမ်းကျင်၍ စိတ်တိုင်းကျလုပ်ဆောင်ပေးနိုင်၏။ စကားပြောလည်း ပြေပြစ်ချောမော၏။ စကားအရာ အပြစ်ပြောစရာမရှိ၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းလည်း ရှိနေသေး၏။ ထိုသို့ ဘက်ပေါင်းစုံတော်သော ပုဂ္ဂိုလ်အပေါ်၌လည်း အာဃာတတရားရှိနေသေးလျှင် ကြည်လင်အေးမြ သန့်ရှင်းချိုမြိန်၍ ပန်းမာလ်သစ်ပင် အထူးထူးတို့ဖြင့် တန်ဆာဆင်ထားသော ရေကန်သို့ရောက်လာသော ခရီးပင်ပန်းနွမ်းနယ်နေသူ ယောက်ျားတယောက်သည် ထိုရေကန်အရိပ်၌ပင် ထိုင်ခြင်း အိပ်ခြင်းတို့ကို ပြုသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ အလုံးစုံကောင်းမွန်သော ကာယကံ ၀စီကံနှင့် အခါအားလျော်စွာ သမထ ၀ိပဿနာတရား ပွားများနိုင်ခွင့်တို့ကို ကြည့်ရှုသုံးသပ်ဆင်ခြင်၍ အကောင်းမြင်ဝါဒကို ကျင့်သုံးရမည်ဟူ၍ ဖြစ်၏။

ဘုရား၏တရားတော်ကား ရိုးရှင်း၍ မြင်လွယ် ထင်လွယ်ရှိ၏။ ဘုရားရှင်သည် သက်ရှိအားလုံးတို့အတွက် အကောင်းမြင်ဝါဒကို ကျင့်သုံးတတ်စေရန် ဥပမာ ဥပမေယျတို့ဖြင့် တန်ဆာဆင်လျက် ကျင့်ကြံလွယ်အောင် လမ်းညွန်တော်မူခဲ့ပေပြီ။ ဘုရားရှင်ပေးသော လမ်းညွန်ချက်ကို မှီဝဲကျင့်သုံးခြင်းဖြင့် ပုထုဇဉ်တို့ပီပီ ပယ်ဖျောက်နိုင်ခဲသော အာဃာတတရားများကို ပယ်စွန့်လာနိုင်ပေလိမ့်မည်။ တဦးမေတ္တာ တဦးမှာ ဆိုသကဲ့သို့ တဦးဟာကွက်ကို တဦးဖာ၍ တဦးကောင်းကွက် တဦးချောင်းလျက် နှစ်သက်ပျော်ရွှင်နိုင်ကြလျှင်ဖြင့် အမုန်တရားတို့ ဆုံးပါး၍ အချစ်တရားတို့ အဖြစ်များလာပေလိမ့်မည်။

ထို့ကြောင့်-လူသာမန်တို့ဘာဝ ပယ်ဖျောက်နိုင်ခဲလှသော လောဘ စသော ကိလေသာတရားတို့၏ မှိုင်းတိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒ ဒေါသ မောဟ ဘယာ လေးဖြာသောအဂတိတရားတို့ဖြင့် ရောနှောကြေမွ အာဃာတတရားတို့ကို ဗုဒ္ဓဟောလှစ် ဒေသနာစနစ်သစ်ဖြင့် အစားထိုးလျက် အကောင်းမြင်ဝါဒကျင့်သုံးနိုင်ကြစေရန် သုတ္တန်ပိဋကတ်လာ ဒုတိယအာဃာတ ပဋိဝိနယသုတ် ဒေသနာ အမွန်ဖြင့် စေတနာသွန်၍ လမ်းညွန်လိုက်ရပါသည်။

( အရှင်ဝိမလာလင်္ကာရ-သဒ္ဓမ္မမဏ္ဍိုင် )

Saturday, September 12, 2009

အပူစာ အအေးစာ နှင့် တိုင်းရင်းဆေး အမြင်

လူတိုင်း နေ့စဉ် စားသုံးနေရသော အစာအာဟာရများအနက် အပူစာဆိုတာ ဘာကိုခေါ်သလဲ၊ အအေးစာဆိုတာ ဘာကိုခေါ်သလဲ၊ အပူစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ အအေးစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ ဘယ်ရာသီမှာ အပူစာ စားသင့်သည်။ ဘယ်ရာသီမှာ အအေးစာ စားသင့်သည် စသည်ဖြင့် လူအများပင် သိထား နားလည်လိုကြပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားတင်ပြပါသည်။

အပူစာ အာဟာရများ ( အသား နှင့် ဥများ )
၁။ ကြက်သာ-ကြက်ဥ
၂။ ဆိတ်သား
၃။ နွားသား
၎။ ချေသား
၅။ ယုန်သား
၆။ သမင်သား
၇။ ကြောင်သား
၈။ သိုးသား
၉။ စာကလေးသား-စာကလေးဥ
၁၀။ ဖွတ်သား
၁၁။ ပုတတ်သား
၁၂။ ချိုးသား-ချိုးဥ
၁၃။ ခါသား
၁၄။ ခိုသား-ခိုဥ
၁၅။ ငုံးသား-ငုံးဥ

အပူစာ အသီအရွက်များ
၁။ တမာရွက်
၂။ သင်္ဘောရွက်-ပွင့်၊
၃။ သင်္ဘောသီးအစိမ်း
၎။ကြောင်လျှာသီး-အရွက်
၅။ ပင်စိမ်းရွက်
၆။ ဇီရာရွက်
၇။ နံနံပင်ရွက်
၈။ စပါးလင်
၉။ မဆလာ
၁၀။ ချင်း
၁၁။ ငရုတ်သီးမျိုးစုံ
၁၂။ ငရုတ်ကောင်း
၁၃။ မိဿလင်
၁၄။ နနွင်းစိမ်း
၁၅။ မိုးနှံရွက်
၁၆။ ရဲယိုရွက်-သီး
၁၇။ အုန်းနှဲရွက်
၁၈။ ကြိတ်မှန်ရွက်
၁၉။ ပိုးစာရွက်
၂၀။ ထနှောင်းရွက်
၂၁။ ကြာဟင်းရွက်-ဆူး
၂၂။ ကြက်ဆူရိုးနီရွက်
၂၃။ ဂုံမင်း
၂၄။ သရက်ကင်းဥ
၂၅။ ပတဲကော
၂၆။ ပျဉ်းတော်သိမ်
၂၇။ မလွသီး
၂၈။ ကြက်သွန်ဖြူ
၂၉။ မာလာဖူး
၃၀။ ဒန့်သလွန်သီး-ရွက်
၃၁။ ဥသျှစ်သီး-ရွက်
၃၂။ ဥသျှစ်ကင်း
၃၃။ ပိတ်ချင်းသီး-ရွက်
၃၄။ မြန်မာကုက္ကိုရွက်
၃၅။ ရှောက်ရွက်
၃၆။ ပူစီနန်
၃၇။ မျှစ်
၃၈။ ယင်းပြားရွက်
၃၉။ မျှစ်ချဉ်
၄၀။ တောက်တာဥ
၄၁။ ဆိတ်ဖူး
၄၂။ သက်ရင်းကြီးရွက်
၄၃။ ကြောင်ပန်းရွက်
၄၄။ ဖျောက်ဆိပ်ရွက်
၄၅။ မယားကြီးရွက်
၄၆။ ဂုံခါးရွက်
၄၇။ ခွေးတောက်ရွက်
၄၈။ တောက်တာဖူး
၄၉။ ခံတက်ချဉ်
၅၀။ ဟင်းဂလာချဉ်
၅၁။ စောင်ချမ်း
၅၂။ ပဲကြီး
၅၃။ ကုလားပဲ
၅၄။ ပဲစဉ်းငုံ
၅၅။ ပဲနောက်
၅၆။ အရက်အမျိုးမျိုး
၅၇။ ချင်းသုပ်
၅၈။ ဒူးရင်းသီး-ယို

အသားနှင့်အသီးအရွက်တို့ကို ဖော်ပြပြီးနောက် ငါး ပုဇွန်တို့ကို အပူစာ၊ အအေးစာများအဖြစ် ခွဲခြားပြသရန် လိုပါသည်။ ငါး ပုဇွန်သည် ရေထဲ၌သာနေ၍ ကျက်စားသော သတ္တ၀ါများဖြစ်သဖြင့် အအေးအစာအာဟာရသာ ဖြစ်ပါသည်။ အပူအစာအာဟာရအဖြစ် တိုက်ရိုက်ယူ၍ မရပါ။ သို့ရာတွင် အကြေးရှိသော ငါးနှင့် အကြေးမရှိသော ငါး နှစ်မျိုးအနက် အကြေးရှိသော ငါးသည် အကြေးမရှိသော ငါးလောက် မအေးပါ။

ဥပမာ-အင်္ကျီဝတ်ထားသူနှင့် အင်္ကျီချွတ်ထားသူ နှစ်ဦးတွင် အင်္ကျီချွတ်ထားသူသည် အင်္ကျီဝတ်ထားသူထက် ပို၍အေးသကဲ့သို့ အကြေးရှိသော ငါးသည် အကြေးမရှိသောငါးထက် အအေးသက်သာပါသည်။ အကြေးရှိသော ငါး ပုဇွန်တို့ကို အပူစာ တိုက်ရိုက်မဟုတ်သော်လည်း အပူအစာအာဟာရအဖြစ် ငရုတ်သီး၊ မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ရဲယိုရွက်၊ ဒန့်သလွန်ရွက် စသည်တို့ဖြင့် ရောနှော၍ ချက်ပြုတ်စားသောက်နိုင်ပါက အပူစာအာဟာရကဲ့သို့ အကျိုးသက်ရောက်နိုင်ပါသည်။

အအေးအစာအာဟာရများ ( အသား နှင့် ဥများ )
၁။ ၀က်သား
၂။ ကျွဲသား
၃။ ဘဲငန်းသား
၎။ ရေကြက်
၅။ လိပ်သား
၆။ ဖားသား
၇။ ဗျိုင်း
၈။ စစ္စလီ
၉။ မန်ဒါလီ
၁၀။ ငါးအမျိုးမျိုး
၁၁။ ငါးရှဥ့်
၁၂။ ပုဇွန်အမျိုးမျိုး
၁၃။ ၀မ်းဘဲဥ
၁၄။ လိပ်ဥ
၁၅။ ငါးဥများ
၁၆။ ကိုင်းဥ
၁၇။ အင်ဥ
၁၈။ မြေဥ
၁၉။ ပိန်းဥ
၂၀။ ကန်စွန်းဥ
၂၁။ မှိုဥ
၂၂။ ပဲမြစ်
၂၃။ အာတာလွတ်ဥ
၂၄။ အာလူး
၂၅။ ထန်းမြစ်
၂၆။ မျောက်ဥ
၂၇။ ပြောင်းဖူး
၂၈။ နို့အမျိုးမျိုး
၂၉။ ထောပတ်
၃၀။ မြေပဲ

အအေးစာ အသီးအရွက်များ
၁။ ဘူသီး-ရွက်
၂။ ဖရဲသီး
၃။ ကျောက်ဖရုံသီး
၎။ ရွှေဖရုံသီး
၅။ သခွားသီး
၆။ ရုံးပတီသီး
၇။ ပုံလုံသီ-ရွက်
၈။ အုန်းသီး
၉။ ငှက်ပျော်သီး အမျိုးမျိုး
၁၀။ သရက်သီးမှည့်
၁၁။ မရန်းသီးမှည့်
၁၂။ မင်းကွတ်သီး
၁၃။ ပိန္နဲသီး-နု
၁၄။ ပန်းသီး
၁၅။ ကတွတ်သီး
၁၆။ သင်္ဘောသီးမှည့်
၁၇။ သပြေသီး
၁၈။ သစ်တော်သီး
၁၉။ နာနတ်သီးမှည့်
၂၀။ သီဟိုဠ်သီး
၂၁။ လိမ္မော်သီး
၂၂။ ရှောက်သီး
၂၃။ သံပရာသီး
၂၄။ ကျွဲကောသီး
၂၅။ ရှောက်ချိုသီး
၂၆။ မာလကာသီး
၂၇။ သြဇာသီး
၂၈။ သလဲသီး
၂၉။ ခရမ်းချဉ်သီး
၃၀။ ခရမ်းကဆော့သီး
၃၁။ စောင်းလျားသီး
၃၂။ ဆီးသီး
၃၃။ ဖန်ခါးသီး
၃၄။ ဂွေးသီးမှည့်
၃၅။ နှင်းသီး
၃၆။ သဖန်းသီး
၃၇။ ခ၀ဲသီး
၃၈။ မြို့ပျက်ခရမ်းသီး
၃၉။ ဆီးဖြူသီး
၄၀။ သခွားသီးမွှေး
၄၁။ ထောပတ်သီး
၄၂။ စတော်ဘယ်ရီသီး
၄၃။ ကြက်မောက်သီး
၄၄။ စပျစ်သီး
၄၅။ မက်မန်းသီး
၄၆။ သစ်ကြားသီး
၄၇။ မန်ကျည်းသီးမှည့်
၄၈။ ကနစိုးသီး
၄၉။ သီးသီး
၅၀။ သစ်ဆိမ့်သီး
၅၁။ ကြက်ဟင်းခါးသီး-ရွက်
၅၂။ ကင်းပုံသီး-ရွက်
၅၃။ သပွတ်ခါးသီး
၅၄။ ကြက်သွန်နီ

အအေးစာ အရွက်နှင့် အရည်များ
၁။ ကန်စွန်းရွက်
၂။ မန်ကျည်းရွက်
၃။ သနပ်ရွက်
၎။ သဖန်းရွက်
၅။ ညံရွက်
၆။ လယ်ပတူရွက်
၇။ ပီလောရွက်
၈။ ပြည်ပန်းညိုရွက်
၉။ ကြက်ဟင်းခါးရွက်
၁၀။ ကင်းပုံရွက်
၁၁။ ပုံလုံရွက်
၁၂။ လယ်ဟင်းခါး
၁၃။ ကုလားမျက်စိ
၁၄။ ကန့်ကလာ
၁၅။ ဂန့်ခါး
၁၆။ မုန်ညင်းရွက်
၁၇။ ဆူးလေရွက်
၁၈။ ချဉ်ပေါင်ရွက်
၁၉။ ကင်ပွန်းရွက်
၂၀။ ဘူးရွက်
၂၁။ ရွှေဖရုံရွက်
၂၂။ ကျောက်ဖရုံရွက်
၂၃။ ဆလတ်ရွက်
၂၄။ ဂေါ်ဖီထုပ်
၂၅။ မှိုနတိုချဉ်
၂၆။ ဟင်းနုနယ်ရွက်
၂၇။ ကညွတ်ရွက်
၂၈။ ဇရစ်ရွက်
၂၉။ စားတော်ပဲရွက်
၃၀။ ပဲကတ္တီပါ
၃၁။ ပဲလွန်းရွက်
၃၂။ မြေပဲရွက်
၃၃။ မြင်းခွါရွက်
၃၄။ လက်ဖက်
၃၅။ ကြံ
၃၆။ ကြံရည်
၃၇။ ရေခဲရေ
၃၈။ ပျားရည်

အကျိုးအပြစ်
အပူစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သော အကျိုးတရားများမှာ ၀မ်းမီးကို ကောင်းစေသည်။ အစာကို ကြေစေသည်။ နှုတ်ကို မြိန်စေသည်။ ချွေးကို ထွက်စေသည်။ ပိုးနာ ယားနာ တို့ကို ပျောက်ကင်းစေသည်။ အဆီကို ပြေစေသည်။ သွေးကြော လေကြောတို့ကို ပွင့်စေသည်။ သလိပ်ကို နိုင်စေသည်။

သို့သော် ၄င်းအပူအစာအာဟာရများကို အလွန်အကျွံ စားသောက်ပါက ရေငတ်ရောဂါ၊ အရေပြား၌ အနာအမျိုးမျိုးပေါက်သော ရောဂါ၊ ဆံပင်ကျွတ်ရောဂါ၊ ဆံပင်ဖြူရောဂါ၊ အရေတွန့်ရောဂါ၊ သုက်ခန်းရောဂါ၊ အဖျားရောဂါ၊ မူးဝေသောရောဂါ၊ ပိန်ကျုံသောရောဂါ၊ အသားအရေ ခြောက်ခန်းသောရောဂါ၊ လျှာ နှုတ်ခမ်းကွဲရောဂါ၊ ဆီးပူညောင်းကျသော ရောဂါ၊ မျက်စိဝေ မျက်စိမှုန်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နားလေထွက်ရောဂါ၊ နှာခေါင်းသွေးလျှံရောဂါ၊ လည်ချောင်းကွဲ လည်ချောင်းနာရောဂါ၊ နှလုံးခုန် ရင်တုန်ရောဂါ၊ မောဟိုက်သောရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါ၊ အစာအိမ် အပူလောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ မီးယပ်သွေးလွန်ရောဂါ၊ စမြင်းထိုးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးဝမ်းရောဂါ စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

အအေးအစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သောအကျိုးတရားများမှာ ခွန်အားကို တိုးပွားစေသည်။ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ သုက် စသည့် ဓာတ်ခုနစ်ပါးတို့ကို တိုးပွားကြီးထွားစေသည်။ နို့ရည်ကို တိုးပွားစေသည်။ ရေငတ်ရောဂါ၊ မူးဝေရောဂါတို့ကို ပျောက်ကင်းစေသည်။ အပူနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။ ချွေးလွန်သောရောဂါကို ပျောက်ကင်းစေသည်။ ဆီး ၀မ်း လေတို့ကို မှန်စေသည်။

သို့သော် ၄င်းအအေးစာ အာဟာရများကို အလွန်အကျွံ စားသောက်ပါက သလိပ်ပွားသောရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ သွေးကြော၊ လေကြောတို့၌ အဆီပိတ်သောရောဂါ၊ အဆီတိုးပွားသောရောဂါ၊ အဆုတ်နာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ရောဂါ၊ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ရောဂါ၊ ထုံကျဉ်သော ရောဂါ၊ ကိုယ်လက်လေးလံသောရောဂါ၊ သွက်ချာပါဒခေါ်ကိုယ်တခြမ်းသေရောဂါ၊ မီးယပ်သွေးချုပ်ရောဂါ၊ သွေးကျန်ရောဂါ၊ အခိုးပိတ်ချွေးငုပ်ရောဂါ၊ ခေါင်းအုံဇက်လေးရောဂါ၊ ငိုက်မျဉ်းသောရောဂါ စသည်တို့ကို ဖြစ်နိုင်ပါသည်။

အရသာ ၆-ပါး
အပူစာ၊ အအေးစာတို့၏ အမည်သရုပ်နှင့် အကျိုးအပြစ်တို့ကို ဖော်ပြပြီးနောက် ထိုအပူစာ၊ အအေးစာတို့၌ ပါဝင်သော အရသာ ၆-ပါးကို ဆက်လက်ဖော်ပြပါမည်။ ၄င်းတို့မှာ-
၁။ အချို
၂။ အချဉ်
၃။ အငန်
၎။ အစပ်
၅။ အဖန်
၆။ အခါး အားဖြင့် ၆-ပါးဖြစ်ပါသည်။

ထို့အပြင် ရာသီအလိုက်စားရမည့် အစာအာဟာရများမျာ-
၁။ နွေရာသီ၌ အချိုအရသာ ဦးဆောင်သော ထန်းလျက်၊ ထန်းရည်ချို၊ နွားနို့၊ ထောပတ်၊ ပျားရည်၊ ကြက်သား၊ ဆိတ်သား၊ အကြေးရှိသော ငါး၊ ပုဇွန်၊ ကြက်ဥ၊ ငုံးဥ စသည့် အချိုအရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

၂။ မိုးရာသီ၌ အခါးအရသာ ဦးဆောင်သော ခွေးတောက်ရွက်၊ ရဲယိုရွက်၊ တမာရွက်၊ ငါးရံ့ပတူရွက်၊ ကန့်ကလာ၊ ကြောင်လျှာသီး-ရွက်၊ ကြက်ဟင်းခါးသီး-ရွက်၊ စသည့် အခါးအရသာရှိသော အစာအာဟာရများကို ဦးစားပေး စားသောက်သင့်ပါသည်။

၃။ ဆောင်းရာသီ၌ အချဉ်အရသာ ဦးဆောင်သော ရှောက်သီး၊ သံပရာသီး၊ မတ်ကျည်းသီး၊ ဆီးသီး၊ ကင်ပွန်းချဉ်၊ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ မရန်းသီး၊ ဖန်ခါးသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ လိမ္မော်သီး၊ စောင်းလျားသီး၊ သလဲသီး၊ မက်လင်ချဉ်သီး စသည့်အချဉ်အရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။

( ဦးမြတ်ထွန်း-တိုင်းရိုင်းဆေး )

ဆိုင်းဘုတ် သုံးခု

၁။
သင့်မေတ္တာဖြင့် သင့်ရွာ အကျိုးကို သယ်ပိုးပါ။
သင့်အကြင်နာဖြင့် သင့်ရွာ သာယာအောင် ပြုပါ။
သင့်ပညာဖြင့် သင့်ရွာ အမြင်ကျယ်အောင် လုပ်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။

၂။
သင့်ကြိုးစားမှုဖြင့် သင့်ရွာ ဖွံ့ဖြိုးရေးကို ကူညီပါ။
သင့်သည်းခံမှုဖြင့် သင့်ရွာ ညီညွတ်မှုကို အားပြုပါ။
သင့်သီလဖြင့် သင့်ရွာ လုံခြုံမှုကို စောင့်ရှောက်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။

၃။
သင့်ကို သတ်ရင် သင် ကျေနပ်နိုင်မလား။
သင့်ဥစ္စာကို ခိုးရင် သင် ကြိုက်နိုင်မလား။
သင့်သမီးနဲ့ ဇနီးကို ဖျက်ဆီးရင် သင် သဘောတူနိုင်မလား။
သင့်ကို လိမ်ညာရင် သင် လက်ခံနိုင်မလား။
သေရည်အရက်ကို သောက်ပြီး သင့်ကို ရမ်းကားရင် သင် နှစ်ခြိုက်နိုင်မလား။
ဒါတွေကို စဉ်းစားကာ ကိုယ်ချင်းစာ၍ ရှောင်ကြဉ်ပါ။

ဆင်ခြင်၍ လုပ်၊ ပြော၊ ကြံ

ဗုဒ္ဓဘုရားရှင်သည် ပုဂ္ဂိုလ်အမျိုးမျိုးတို့အား တရားဟော၍ ဆိုဆုံးမတော်မူခဲ့၏။ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့သော ပုဂ္ဂိုလ်တို့တွင် သားတော်ရာဟုလာလည်း ပါဝင်သည်။ ဘုရားရှင်သည် သားတော်ရာဟုလာ ရှင်သာမဏေ ဖြစ်စဉ်တွင်လည်း ဆိုဆုံးတော်မူခဲ့သည်။ ရဟန်းဘ၀သို့ ရောက်ရှိစဉ်တွင်လည်း ဆိုဆုံးမတော်မူခဲ့သည်။ ယင်းသို့ ဆိုဆုံးမရာ၌ အောက်ပါအဆုံးအမလည်း ပါဝင်သည်။

ရာဟုလာ-ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့် အလုပ်ကို လုပ်ရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။
ရာဟုလာ သင်သည် ကိုယ်ဖြင့် အလုပ်တခုကို ပြုလုပ်မည်ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ ဖြစ်မည်လော။ သူတပါးဆင်းရဲခြင်းငှါ ဖြစ်မည်လော။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခကို ပွားစေတတ်သလော။ ဆင်းရဲခြင်းအကျိုး ရှိသလော ဟု ဆင်ခြင်ရမည်။

ယင်းသို့ဆင်ခြင်၍ ငါပြုလုပ်မည့်အလုပ်သည် မိမိဆင်းရဲခြင်းငှါ ဖြစ်၏။ သူတပ်း ဆင်းရဲခြင်းငှါဖြစ်၏။ မိမိသူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါဖြစ်၏။ ဤအမှုသည် အကုသိုလ်တည်း။ ဆင်းရဲဒုက္ခကို ပွားစေတတ်၏။ ဆင်းရဲခြင်းအကျိုးရှိ၏။ ဟုသိလျှင် ထိုအမှုကို စင်စစ်မပြုအပ်ချေ။

ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ မဖြစ်။ သူတပါး ဆင်းရဲခြင်းငှါ မဖြစ်။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါလည်း မဖြစ်။ ဤအမှုသည် ကုသိုလ်တည်း။ ချမ်းသာသုခကို ပွားစေတတ်၏။ ချမ်းသာခြင်းအကျိုးရှိ၏-ဟု သိလျှင် ထိုအမှုကို ပြုလုပ်အပ်၏။

ဤအဆုံးအမသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားသီတင်းသုံးတော်မူစဉ် သားတော်ရာဟုလာအား တရားဟောတော်မူရင်း ထည့်သွင်းဟောကြားသော အဆုံးအမဖြစ်သည်။ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ၂-ဘိက္ခုဝဂ်၊ ၃-အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၌ အထင်အရှား ပါရှိသည်။

ဤအဆုံးအမသည် ဗုဒ္ဓခေတ် တခေတ်တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။
ရာဟုလာတပါးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ခေတ်အဆက်ဆက် လူအမျိုးမျိုး၊ ဘာသာအဖုံဖုံ အားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။ ဤအဆုံးအမကို လိုက်နာ ကျင့်ကြံသူတိုင်း လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကို ဖြစ်စေသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးကို ရရှိလိမ့်မည်ဟု ယူဆမိပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP