* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 14, 2009

နိဗ္ဗာန်သည် ဘုံဌာနတစ်ခုလား...


နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု မဟုတ်သလို ကောင်းကင်ဘုံလည်း မဟုတ်ပါ။ နိဗ္ဗာန်ဟာ နိဗ္ဗာနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာပါ။ နိဝါနဆိုတဲ့အဖွင့်အရ (၀ါန-တဏှာ၊ နိ-မရှိခြင်း၊ ကင်းခြင်း) ကိလေသာ၊ တဏှာ ကင်းရာကုန်ရာကို နိဗ္ဗာန်လို့ အလွယ်နားလည် သဘောပေါက်နိုင်ပါတယ်။ ပိုပြီး နားလည်သဘောပေါက်နိုင်ဖို့ ဗုဒ္ဓစာပေလာ နိဗ္ဗာန်နဲ့ ပတ်သက်လို့ ဟောကြားဖွင့်ပြထားချက်အချို့ကို အရင်ဖော်ပြလိုပါတယ်။

“- ငါ့ရှင် သာရိပုတ္တရာ…အဘယ်ကို နိဗ္ဗာန်ဟု ဆိုအပ်သနည်းဟူသော ဇမ္ဗုခါဒက ပရိဗိုဇ်၏အမေးကို အရှင်သာရိပုတ္တရာမထေရ်က “ရာဂ၊ ဒေါသ၊ မောဟတို့၏ကုန်ရာ သဘောတရားကို နိဗ္ဗာန်ဟု”ဆိုကြောင်း မိန့်တော်မူ၏။ (သံယုတ္တနိကာယ်၊ ဇမ္ဗုခါဒကသံယုတ်၊ နိဗ္ဗာနပဥှာသုတ်)
- အို…နတ်သား..လောကသည်လည်းကောင်း၊ လောက၏ဖြစ်ကြောင်းသည်လည်းကောင်း၊ လောက၏ချုပ်ရာ နိဗ္ဗာန်သည်လည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းစဉ်သည်လည်းကောင်း တစ်လံမျှလောက် ရှည်လျားသော ဤခန္ဓာကိုယ်အတွင်း၌သာ ရှိသည်ဟု ငါဘုရားဟောတော်မူ၏။ (သဂါထာဝဂ္ဂသံယုတ်၊ ရောဟိတဒေ၀ပုတ္တသုတ်)
- ရုပ်ဝေဒနာစသည်တို့၏ မမြဲသော၊ ဆင်းရဲသောသဘောကို ဟုတ်မှန်သည့်အတိုင်း ၀ိပဿနာပညာဖြင့် ရှုသော ပုဂ္ဂိုလ်အား စိုးရိမ်ပင်ပန်းခြင်းသည်မရှိ၊ ထိုသို့တောင့်တခြင်းမရှိ ချမ်းသာစွာနေရသော ပုဂ္ဂိုလ်ကို တဒင်္ဂနိဗ္ဗုတ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်၏။ (ခန္ဓသံယုတ်၊ အတ္တဒီပသုတ်)
- အိုပုဏ္ဏား…ရာဂ၊ ဒေါသ၊ မောဟကို ပယ်သည်ရှိသော် မိမိဆင်းရဲခြင်း၊ သူတစ်ပါးဆင်းရဲခြင်းကို မကြံ။ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းသည် မဖြစ်။ ဤသို့လျှင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ကိုယ်တိုင်သိမြင်အပ်သည် ဖြစ်၏။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သန္ဒိဋ္ဌိကနိဗ္ဗာနသုတ်)“

အထက်ပါဖွင့်ဆိုချက်များအရ နိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတို့ ကင်းရာကုန်ရာ သဘောတရားကိုဆိုတဲ့အတွက် ဘုံဌာနတစ်ခုမဟုတ်တာ ထင်ရှားပါတယ်။ ပြီးတော့ ဒီနိဗ္ဗာန်ဟာ တစ်ခြားမှာ ရှာစရာမလိုဘဲ ကိုယ့်ခန္ဓာထဲမှာပဲ ၀ိပဿနာဉာဏ်ဖြင့် ရှာဖွေရရှိနိုင်ပြီး နိဗ္ဗာန်ရဲ့ အရသာကို မျက်မှောက်ဘ၀ မှာပဲ ရရှိခံစားနိုင်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ တကယ်တော့ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွား တာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါ။ ကိလေသာကုန်သွားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ နိဗ္ဗာန်ရဲ့ အရသာကို ခံစားရတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို မျက်မောက်ဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသူတွေပါ။ သေပြီးနောက်မှ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ ရောက်တာမဟုတ်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ နောက်ထပ် တစ်ဖန် ပြန်လည်မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ မရှိတော့ဘဲ ဒုက္ခအားလုံးချုပ်ငြိမ်းသွားတာကို ပြောတာပါ။
ဒီသဘောအရ နိဗ္ဗာန်ဆိုတာ ဘုံဌာနမဟုတ်သလို နိဗ္ဗာန်ရောက်တယ်ဆိုတာ တစ်ခြားဘုံဌာနတစ်ခုကို ရောက်သွားတာမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာ အားလုံးကုန်ခမ်းသွားတာကိုဆိုလိုပြီး ယခုမျက်မှောက်ဘ၀မှာပဲ နိဗ္ဗာန်ကို ရရှိရောက်ရှိနိုင်တယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP