သက်ကယ်ရိတ်စကားများ(၇)
သံဃာတော်တို့ ဆွမ်းခံကြွလာကြသည်။ တိုက်အုပ်ဆရာတော် နှင့် ကမ္မဋ္ဌာနာစရိယ ဆရာတော်တို့၏ နောက်ပါးတွင် ၀ါစဉ် ကြီးငယ်လိုက် ကြွလာခြင်းဖြစ်ပါသည်။ မဒေါက်မြို့မှ ပန်းငွေရုံကျောင်းတိုက်ကြီးနှင့် ညောင်လေးပင်မြို့မှ တောရကြီး စာသင်တိုက်တို့ ကဲ့သို့ပင် ဤရွာဦးကျောင်းမှ ရဟန်းသံဃာတော် များသည်လည်း ၀ိနည်းပဋိပတ်နှင့်ပတ်သက်၍ ဤနယ်တ၀ိုက် ကျော်စောမှုနှင့် သြဇာတက္ကိမ ရှိသည်။
ဆွမ်းခံကြွလာစဉ် မိဘဖြစ်သူများက မိမိ၏ သားဖြစ်သူ ကိုရင်ကလေးအထံ ဆွမ်းမုန့် ကောင်းကောင်းကလေး ဆက်ကပ် လှူဒါန်းမည် ဆိုပါစို့။ သားဖြစ်သူ ကိုရင်ကလေးက အဲသည် ဆွမ်းမုန့်ကလေးကို မိမိဖာသာ ဘုဉ်းမပေးဘဲ ၀ါကြီးသော ကိုရင်တစ်ပါးထံ ထပ်မံဆက်ကပ်မည် ဖြစ်ပြီး ၀ါအကြီးဆုံး ကိုရင်ကလေးက ထိုဆွမ်းမုန့်ကို ကိုရင်အပါး အရေအတွက်နှင့် အညီအမျှ ဖြစ်အောင် ခွဲဝေပေးမည် ဖြစ်သည်။
လောကုတ္တရာဘက်သို့ လှည့်သော ပုဂ္ဂိုလ်များအတွက် လာဘ်လာဘနှင့် ပတ်သက်လျှင် လိုက်နာကျင့်သုံးရမည့် ဒေသနာ ရှိ၏။ ထိုဒေသနာအရ ပုဂ္ဂိုလ်သုံးမျိုးရှိသည်။ ပထမအမျိုးအစားမှာ လာဘ်လာဘရလျှင် ရသမျှနှင့် ကျေနပ်တတ်သော ပုဂ္ဂိုလ်ဖြစ်သည်။ သည့်ထက် မပိုရကောင်းလား ဟူ၍ နှလုံးမသာယာခြင်းသည် မဖြစ်သောသူမျိုး ဖြစ်၏။ ဒုတိယ အမျိုးအစားသည်ကား မိမိထိုက်တန်သမျှရသော လာဘ်လာဘထဲမှ မိမိလိုသလောက်သာ ယူ၍ ပိုလျှံသမျှကို ဝေမျှသုံးစွဲသူဖြစ်သည်။ တတိယအမျိုးအစားကမူ မိမိ လိုသလောက်ထဲမှပင် မိမိနှင့်တန်ရာတန်ရာကိုသာ သုံးစွဲ၍ မိမိနှင့်မတန်သော ပစ္စည်းများကို ထိုက်တန်သောသူများအား ဝေမျှ သုံးစွဲသူ ဖြစ်သည်။
ထိုသို့ဖြစ်၍ ကိုရင်ကလေးများ၏ အပြုအမူကို တစေ့တစောင်း လေ့လာနေသည့် ဒါယကာသည် မိမိ ဆွမ်းလှူဒါန်းရသော သံဃာတော်များသည်ကား လောကုတ္တရာဘက်လှည့်သော သံဃာတော်များပါတကားဟု အကြည်ညိုနှင့် ကုသိုလ် တိုးရလေ၏။
ရှစ်မောင်းတီးချိန်မှာ ရွာရိုးတစ်လျှောက် ပုံမှန် လမ်းလျှောက်တတ်သော အဘိုးအို တစ်ဦးကမူ ကိုကို၊ နွယ်နှင့် ညီညီတို့မောင်နှမသုံးဦး တပျော်တပါး ဆွမ်းလောင်းလှူနေကြသည်ကို နံနက်တိုင်းစောင့်ကြည့်ကာ သာဓုခေါ်လေ့ရှိသည်။
ကောင်းသောအာရုံများနှင့် တွေ့ဆုံရခြင်းတို့သည် ကုသိုလ်၏ အကျိုးဟူသော အဘိဓမ္မာနည်းကို ကိုးထောက်၍ စကားဆိုရလျှင် သံဃာတော်များတည်းဟူသော ကောင်းသောအာရုံများကို နေ့စဉ် တွေ့မြင်နေရသော ထိုမောင်နှမကို လူချမ်းသာများ ဖြစ်ကြသည်ဟု ဆိုသင့်ပေသည်။ မြည်တွန် တောက်တီးနေသော အိမ်ရှင်မ၏ နံဘေးတွင် ခွေခေါက်လဲလျောင်းနေရသော ရောဂါသည် သူကြွယ်တစ်ဦးထက် အဆများစွာ ချမ်းသာနေကြသည်ဟုလည်း ဆိုနိုင်သည်။
ဆွမ်းများ လောင်းလှူ၍ ပြီးသောအခါ နေလည်း အတန်မြင့်လာ၏။ အိမ်အလုပ်များကိုကား လုပ်ကြရဦးမည်။ အိမ်အလုပ်များကို လုပ်ရင်းနှင့်ပင် စကား ပြောကြရသည်။ ကိုကိုက ဆရာအတတ်သင်သိပ္ပံကို လျှောက်ထားသည်ဖြစ်၍ ကျောင်းတက်ရမည့် အချိန်သည်လည်း ရက်သတ္တပိုင်းမျှအထိ နီးကပ်လာပြီ ဖြစ်သည်။ ညီညီအတွက် အချိန်သည် အဘိုးတန်လာသည်။ ကိုကိုနှင့် စကားပြောလို့ မ၀အောင် ဖြစ်နေရသည်။ အလတ်ဖြစ်သော နွယ်သည်လည်း ကိုကိုနှင့် ညီညီ တို့၏ ဆွေးနွေးပွဲကို ပုံမှန်တက်ရောက်တတ်သော ပင်တိုင် ပရိသတ် ဖြစ်လာသည်။
ကြွယ်သောသုတ နှင့် ထက်သော ဥာဏ်ရည် ရှိသလောက် ရဲရင့်၍ ကိုယ်ကျင့်တရားကောင်းသော ကိုကိုသည် နွယ့်အတွက်လည်း သူရဲကောင်း တစ်ပါးဖြစ်သည်။ နွယ်တို့မိသားစု၏ နှလုံးသားဖြစ်သော ကိုကိုသည် စင်စစ်အားဖြင့် သွေးမတော်သည့် သူစိမ်းတရံစာ သက်သက်ပါတကား ဟူသောအတွေးနှင့် အားငယ်ခြင်းသည်လည်း နွယ့်ရင်မှာ ဖြစ်ရ၏။ ဆောင်းအကုန် နွေအကူးမှာ လေရူးသည် ပွေတတ် ဝှေ့တတ်သလို နွယ်၏ နွေဦးအရွယ်သည် ရူးတတ်သောအရွယ်ပင် မဟုတ်ပါလား။
"၀မ်းနည်းမပြေ၊ မွေ့ရာရွှေထက်၊ ကြာခွေသော့တူ၊ မယ့်လွမ်းမူကို၊ ကြင်သူသက်ဝေ၊ မသိလေတည့်" ဟူသော ရဝေရှင်ထွေး၏ နတ်သျှင်မောင်တော်ကို ရွယ်ညွှန်းဆိုသော မိုးဘွဲ့ရတုကလေးကို အဓိပ္ပါယ်တမျိုးနှင့် ရွတ်လျက် မျက်သား ကြည်ကြည်မှာ မျက်ရည်ဝိုင်းဝိုင်းက လည်လာရသည်ကလည်း အခါခါ။ ပိယေဟိ သမ္ပယောဂါသည်လည်း စင်စစ် ဒုက္ခော ပင် ဖြစ်နေပါပကော။ သမုဒယကား နည်းစုံအောင် နှိပ်စက်နိုင်လွန်းစွ။
"ကိုကိုရေ... ညီညီ မေးချင်တာ တစ်ခုရှိတာက ယခုခေတ်မှာ ရုပ်တရားနာမ်တရားတို့ရဲ့ အဖြစ်အပျက်ကို မြင်အောင် ရှုမှတ်နိုင်တဲ့ ယောဂီပုဂ္ဂိုလ်တွေ ဘယ်လောက်များများ ရှိနိုင်မလဲ ဆိုတာပဲ ကိုကို"
"ကိုကို့ အထင်အရတော့ သန်းနဲ့ချီပြီး ရှိမှာပဲ ညီညီ။ မဟာစည်ဆရာတော်ဘုရားရဲ့ ၀ိပဿနာ အခြေခံတရားတော်ကို စာအုပ်အဖြစ် ပြန်လည်ရေးသားထားတဲ့ ကျမ်းတစ်အုပ်မှာ တွေ့ရတဲ့ စကားရပ်အချို့နဲ့ အခြားအချက်အလက်တွေကို ထောက်ဆပြီး ခန့်မှန်းမိတာပါ။ အတိအကျတော့ မပြောနိုင်ဘူး။ တရားတွေ့တဲ့ ပုဂ္ဂိုလ်များကလည်း ကိုယ်တွေ့တဲ့တရားကို တိုက်ရိုက်ပြောရမှာ ၀န်လေးကြတယ် ညီညီ"
"ဘာကြောင့် ၀န်လေးကြတာလဲ ကိုကို။ တရားတွေ့တာကို တွေ့တယ်လို့ တင်းတင်းပဲ မပြောသင့်ဘူးလား"
"အရိယာ ပုဂ္ဂိုလ်များမှာက အပိစ္ဆာလို့ ခေါ်တဲ့ အလိုဆိုးမျိုး ကင်းတော် မူကြတယ် ညီညီ။ ဂုဏ်ဖော်လိုတဲ့ စိတ်တွေ မရှိတော့ဘူး။ အရိယာပုဂ္ဂိုလ်မဆိုထားနဲ့ တရားအင်အားကောင်းတဲ့ ယောဂီပုဂ္ဂိုလ်ဟာတောင် ကိုယ်တွေ့တဲ့ တရားကို တွေ့တယ်လို့ ပြောရရင် ရှက်နိုးကြသေးတာပဲ။ ရှိတဲ့ဂုဏ်ပေမဲ့လည်း ဖော်ထုတ်ရမှာ ရှက်စနိုးဖြစ်တော်မူကြသတဲ့။ မပြောမဖြစ်တဲ့ အကြောင်းတစ်စုံတစ်ရာ ရှိမှသာ သိုသိုသိပ်သိပ် ပြောတတ်ကြပါသတဲ့။ အကြောင်းမဲ့သက်သက် ကြွားဝါပြီးတော့ ဖြင့် မပြောတော့ဘူး။ သြော်ဒါနဲ့ ညီညီနဲ့နွယ်လည်း မေမေတရားစခန်းက ထွက်လာရင် တရားဝင်ရမယ်နော်"
"ဟုတ်ကဲ့ ကိုကို။ နောက်တစ်ပါတ် မဟုတ်လား။ ညီညီကတော့ အဲဒီအချိန်ကိုပဲ မျှော်နေတာကိုကို။ နွေကျောင်းပိတ်ရက် ညီညီတရားစခန်း ၀င်မယ်ဆိုတော့လေ သူငယ်ချင်းတွေက ပြောတယ်။ မင်းကွာတဲ့ ငယ်ငယ်လေး ရှိသေးတာကို တဲ့။ အဲဒါနဲ့ ညီညီက အိုမင်းမစွမ်းတဲ့ လူကြီးတွေတောင် ကြိုးကြိုးစားစား တရားအားထုတ်နေသေးတာ ငါ့လိုသန်သန်စွမ်းစွမ်း ကောင်ကလေးတစ်ယောက် တရားအားမထုတ်ဘဲ အပါးခိုနေရမှာ ရှက်လွန်းလို့ပါကွာလို့ ပြောလိုက်တယ်။"
ကိုကိုက ညီညီ့ ခေါင်းကို ဖွဖွပုတ်ပြီး ရယ်သည်။
"ညီညီက စကားတတ်တယ်။ အလုပ်လည်း တတ်ပါစေနော်"
"ဟုတ်ကဲ့ပါကိုကို။ အခုလည်း ညီညီက သိစရာလေးတွေကို လေ့လာရင်း သွားရင်းလာရင်း တရားမှတ်နေကြည့်တယ် ကိုကို။ အဲဒီတော့ မေးစရာလေးတွေတောင် ပေါ်လာတယ်။"
"သြော် ဒါကြောင့် ညီညီ့မျက်နှာလေး ကြည်နေတာကိုး။ ဒါပေမဲ့ မေးစရာရှိတာကို နောက်တစ်ပတ်အထိ မစောင့်နိုင်တော့ဘူးလား။ မစောင့်နိုင်ရင်တော့ ကိုကို့ကို မမေးနဲ့။ ဆရာတော်ကို ညနေပိုင်းလောက် သွားလျှောက်ချေ။"
" ကိုကို့ကို မေးလို့ မဖြစ်ဖူးလား ကိုကို။"
"သြော် ညီညီရဲ့။ ဒီလိုလက်တွေ့ တရားတွေကိုတော့ ဘုရားရဟန္တာ၊ အရိယာပုဂ္ဂိုလ် ရှိရင် ဘုရား၊ ရဟန္တာ၊ အရိယာပုဂ္ဂိုလ်ကို မေးလျှောက်တာက အကောင်းဆုံးဖြစ်တာပေါ့ကွယ့်။ မရှိရင်တော့ စာတတ်ပေတတ် ပရိယတ်ပိုင်နိုင်တဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ကို ဆရာသမားအဖြစ် မေးလျှောက်ပြီး အားထုတ်အပ်တယ်လို့ ကိုကို ကြားဖူးတယ်။ တရားကလည်း အားထုတ်နေဆဲ အသိအကျင့် မပြည့်စုံသေးတဲ့ ကိုကို့လို ယောဂီပုဂ္ဂိုလ်ချင်းကို မေးမြန်း ပြောဆိုနေပြီး အားထုတ်ရင်တော့ သိပ်ပြီး နေရာကျမယ် မထင်ဘူး။"
"ကောင်းပါပြီ ကိုကို၊ ညနေကျရင် ဆရာတော်ဘုရားဆီ ညီညီ တရားမေးလျှောက်ဖို့ သွားလိုက်ပါ့မယ်။"
"ဟုတ်ပြီ ညီညီ နောက်တစ်ပတ်မတိုင်မီ ညီညီ့ကို တင်ကြိုမှာထားချင်တာက ယခု ကမ္မဋ္ဌာနစရိယ ဆရာတော်ရဲ့ နည်းနာများဟာ သိန်းနဲ့ချီတဲ့ ယောဂီပုဂ္ဂိုလ်တွေ ကျေနပ်သဘောကျပြီး ကျမ်းဂန်ပရိယတ္တိနဲ့အညီ တရားအစစ်ဆေးခံထားပြီး အောင်မြင်မှုရရှိထားတဲ့ နည်းနာတွေ ဖြစ်တယ်ဆိုတာပဲ။ အချို့က ၀ိပဿနာတရားတွေ ဟောနေ ပြောနေကြပေမဲ့ စာသံပေသံ ပြောင်သလောက် လက်တွေ့အားထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ကိုကို ထင်တယ်။ ဥပမာအားဖြင့် စိတ်ကိုစိတ်အတိုင်းထား လို့ ပြောထားတဲ့ တရားကို ဥပမာကြည့်။ စိတ်ဆိုတာ စေတသိက်မပါဘဲ မဖြစ်နိုင်ဘူး။ သဗ္ဗစိတ္တ သာဓာရဏ စေတသိက် တွေကတော့ အနည်းဆုံးအနေနဲ့ ပါနေရတာပဲ။ ဒါကြောင့် စိတ်ကိုစိတ်အတိုင်းထားဖို့ ဆိုတာကတော့ တိုက်ရိုက်အနေအားဖြင့် မဖြစ်နိုင်ဘူး။ သွယ်ဝိုက်အနက်ယူတဲ့ အနေနဲ့ လောဘဒေါသမောဟ မဖြစ်အောင် အမြဲမပြတ် ရှုမှတ်နေရမယ် လို့ ကြံဆပြီးယူရင်တော့ ဖြစ်နိုင်ကောင်းမယ်။
တရားမရှုမှတ်ဘဲ စိတ်ကိုလွှတ်ထားလို့ ကြံယူရင်တော့ မှားကုန်မှာပဲ။ အချို့ကလည်း စိတ်ဆိုတာဟာ စေတသိက်တွေ အရောင်ဆိုးလို့သာ ဖြစ်ရတယ်၊၊ စေတသိက်တွေကို ဖယ်ထားရင် စိတ်ချည်းသက်သက် ဖြူဖြူစင်စင်ဖြစ်နေမှာပဲဆိုပြီး ကြံတွေးတဲ့ အတိုင်း ကျေနပ်နေကြတယ်။ ဒါမျိုးကလည်း ဒဿနသာဖြစ်မယ်။ ၀ိပဿနာ မဖြစ်နိုင်ဘူး။"
"ညီညီ သဘောပေါက်ပါတယ် ကိုကို။ ဒဿနတွေဟာ သူ့ချည်းသက်သက် ကြည့်ရင် ဟုတ်တယ် မှန်တယ်ပဲ ထင်ရပေမဲ့ လက်တွေ့ကျင့်ကြံပြီး လောဘဒေါသမောဟ ကင်းစရာ နည်းလမ်းတွေတော့ မပါရှိဘူး။"
"ဟုတ်ပြီ ညီညီ။ နေ့လည် ကိုကို ရွာဦးကျောင်းမှာ စာသွားပြပေးရင် ညီညီလိုက်ခဲ့ပေါ့။ ဆရာတော်ကို ညီညီသိလိုတာ မေးလျှောက်လိုက်ပေါ့။ ကာလေန ဓမ္မသာကစ္ဆာတဲ့ဗျား။ ကြိုပြီး သာဓု ခေါ်လိုက်တယ် ညီညီ။ သာဓု၊သာဓု"

0 comments:
Post a Comment