နှုတ်ခမ်းကို လျက်ကာ လျက်ကာ...
စတုတ္ထသိက္ခာပုဒ်
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားကုန်၏။ပ။
''နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအံ့ဟု ကျင့်ကြံ အားထုတ်မှုကို ပြုရမည်'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။
နှုတ်ခမ်းကို လျက်ကာ လျက်ကာ မစားအပ်။
အကြင်ရဟန်းသည် သိက္ခာပုဒ်၌ မရိုသေခြင်းကို စွဲ၍ နှုတ်ခမ်းကို လျက်ကာ လျက်ကာ စားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စေတနာမရှိသော ရဟန်း။ပ။ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 630
၎ - စတုတ္ထသိက္ခာပုဒ်၊ သုရုသုရုဝဂ်၊ သေခိယအခန်း၊ ပါစိတ်ပါဠိတော်။

သာဓု... သာဓု... သာဓု...။
နေစာလှုံလျက် နေတော်မူ၏...
ဧရာဓမ္မသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာ ဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထခဲ့၍ ကျောင်း အနောက်ဘက် နေပူဆာ၌ ကျောက်ကုန်းကို နေစာလှုံလျက် နေတော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား၏ ကိုယ်တော်ကို လက်ဖြင့် အဖန်ဖန် ဆုပ်နယ် သုံးသပ်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
''အသျှင်ဘုရား အံ့သြဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊
အသျှင်ဘုရား ယခု မြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပါ၊ ခန္ဓာကိုယ်အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေပါကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်းပါ၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်ပါ၏'' ဟု လျှောက်၏။ အာနန္ဒာ ထိုစကားသည် မှန်၏၊ ပျိုနုခြင်းသဘော ရှိခဲ့သော် အိုခြင်း သဘောရှိ၏၊ ကျန်းမာခြင်း သဘော ရှိခဲ့သော် နာခြင်း သဘောရှိ၏၊ အသက်ရှင်ခြင်း သဘော ရှိခဲ့သော် သေခြင်း သဘောရှိ၏၊ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ် အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်း၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်၏ဟု မိန့်တော်မူ၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူပြီး နောက် ထိုမှတစ်ပါး ဤဂါထာကို မိန့်တော်မူပြန်၏ -
''ယုတ်မာလှသော ဟယ်ဇရာတရား သင့်အား စက်ဆုပ်ဖွယ် ဖြစ်ပါစေ၊ အဆင်းပျက်အောင် ပြုလုပ်တတ်သော ဟယ်ဇရာတရား နှစ်သက်ဖွယ် ကောင်းသော ခန္ဓာကိုယ် အတ္တဘောကို ဇရာတရားသည် ဖိစီး နှိပ်စက်လေစွ တကား။
အနှစ်တစ်ရာ အသက်ရှည်သူသည်လည်း သေရခြင်းလျှင် လဲလျောင်းရာရှိ၏၊ သေခြင်းတရားသည် တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်၊ အလုံးစုံသော သတ္တဝါကိုပင် ဖိစီး နှိပ်စက်လေ၏'' ဟု မိန့်တော်မူ၏။ 511
၁ - ဧရာဓမ္မသုတ်၊ ဧရာဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

0 comments:
Post a Comment