* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 19, 2009

ဘုရားစကားနားမေထာင္ပြဲ



ဒီခေါင်းစဉ်လေးများ တပ်လိုက်ရင် အတော်လေးများ ရိုင်းသွားတယ်ထင်ပါ့မယ်။ လုံးဝမဖြစ်သင့်ဘူးလို့ ထင်တဲ့အတွက် ဒီခေါင်းစဉ်လေးကို တမင်တပ်လိုက်မိတာပါ။ ဗုဒ္ဓဘာသာဝင်အများစု အမှားကြီးမှားနေတဲ့ အရာတစ်ခုပါပဲ။ ထိုင်တာမှ တရားလို့ ထင်နေကြတဲ့သူတွေ အတွက်ပါ။ တရားထိုင်တာကို တရားအားထုတ်တာ မဟုတ်ဘူးလို့ ကျွန်တော် မပြောလိုပါဘူး။ ဒီလိုမျိုး မလှုပ်မယှက်တိုင်း တရားထိုင်နေမှ တရားစွမ်းရည်ရှိတယ်လို့ ပြောတာကျတော့ အတော်ကြီးကို မှားနေတယ်လို့ ယူဆပါတယ်။ အဲ့လောက်ကြီးတော့ ဘုရားရှင်ဆုံးမခဲ့တဲ့ ဆုံးမစကားတွေနဲ့ မလွဲသင့်ဘူး ထင်ပါတယ်။ လုပ်နေတဲ့ တရားစွမ်းရည်ပြိုင်ပွဲကို မှားတယ်လို့ အရင်ဆုံး မပြောလိုပါဘူး.. ဒါပေမယ့် အခုစာရွက်ထဲမှာပါတဲ့ တရားစွမ်းရည်ပြိုင်ပွဲရဲ့ စည်းကမ်းချက်ပါ အကြောင်းအရာလေးတွေကိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတွေနဲ့ မှန်မမှန် တိုက်ကြည့်ကြရအောင်ပါ။

အခုတရားစွမ်းရည်ပြိုင်ပွဲရဲ့ စည်းကမ်းထဲမှာပါတဲ့.. ငါးနာရီလုံးလုံး မလှုပ်မရှားဖို့ပါပဲ ဆိုတဲ့ အချက်ကို ဘုရားရှင်ရဲ့ ပထမဆုံးဟောကြားခဲ့တဲ့ ဓမ္မစက္ကပ၀တ္တနသုတ်တော်ပါ အချက်တွေနဲ့ တိုက်ကြည့်ရအောင်ပါ။ ဘုရားရှင်က ဟောကြားခဲ့ပါတယ်.. ရဟန်းတို့ အယုတ်တရား နှစ်ပါးကို မမှီဝဲကြနဲ့.. (၁) ကာမသုခလ္လိကာနုယောဂ - ကာမချမ်းသာကို ငြိကပ်တွယ်တာသောအားဖြင့် အဖန်တလဲလဲလိုက်စား အားထုတ်တဲ့အကျင့် (၂) အတ္တကိလမထာနုယောဂ - မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် အားထုတ်တဲ့အကျင့်ဆိုတဲ့ အကျင့်နှစ်ပါးပါ။ ကာမချမ်းသာကို မကပ်ညိနဲ့ဆိုတာကတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာအာရုံတွေကို နှစ်သက်ပျော်ပိုက်ကာ အာရုံတွေအပေါ်မှာ သာယာနှစ်သက်ပြီး သဘောကျခံစား မနေဖို့ပါ။ နောက်တစ်ချက်ကတော့ အတ္တကိလမထာနုယောဂပါ။ အတ္တကိလမထာနုယောဂကို ပုဒ်ခွဲလိုက်တော့ အတ္တ+ကိလမထ+အနုယောဂ လို့ရပါတယ်။ အတ္တ- မိမိကိုယ်ကို၊ ကိလမထ- ဆင်းရဲပင်ပန်ကြောင်းဖြစ်တဲ့အကျင့်၊ အနုယောဂ- အဖန်ဖန်အားထုတ်ခြင်း၊ မိမိခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ပြုလုပ်အားထုတ်သော အကျင့်မှားကို အတ္တကိလမထာနုယောဂ အကျင့်လို့ ခေါ်ပါတယ်။

ကျွန်တော်ပြောလိုတာက.. သူတို့ ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကျင်းပနေတဲ့ တရားစွမ်းရည်ပြိုင်ပွဲဆိုတာ ဘုရားရှင်ဆုံးမထားတဲ့ ဆုံးမစကားနဲ့ ဆန့်ကျင့်ဘက် ဖြစ်နေတယ်ဆိုတာကို မြင်သာအောင် ယှဉ်ပြလိုက်တာပါ။ ဘုရားရှင်က ခန္ဓာကိုယ်ကို ဆင်းရဲပင်ပန်းအောင် မကျင့်နဲ့.. အဲ့ဒါအကျင့်မှားပဲလို့ ဆုံးမပါတယ်။ ဒါကိုမှ မလှုပ်မယှက်ရဘူး.. လှုပ်ရင် တရားမဟုတ်ဘူး.. တရားဆိုတာမလှုပ်မယှက် ခန္ဓာကို ပင်ပန်းအောင်ကျင့်မှ တရားလို့ ပြောနေတာကျတော့ ဘုရားစကားကို နားမထောင်ပဲ လုပ်ချင်တာလျောက်လုပ်နေတာနဲ့ တူမနေပေဘူးလား?


နောက်တစ်ချက်က မလှုပ်ယှက်ပဲနေနိုင်တာကို အရည်အချင်းပါတဲ့။ သတ္တ၀ါတွေဆိုတာ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ အရာတစ်ခုပါ။ ဘယ်အလုပ်ပဲလုပ်လုပ် ကြာကြာလုပ်ရရင် ညောင်းလာမယ်.. ကိုက်လာမယ်.. နောက်ပြီး နာလာမယ်.. ထုံလာမယ် ဆိုတာတွေဟာ အဆင့်ဆင့် ဖြစ်လာမှာပါ။ ဒါကိုဇွတ်ကြိတ်မှိတ်ပြီးထိုင်တယ်.. ပြောင်းချင်ရဲ့သားနဲ့ ပြောင်းလို့ရွှေ့လို့မရတော့ တရားထဲလည်းစိတ်က မရောက်တော့ပါဘူး။ ဒီတော့ ဒေါသဆိုတဲ့ အကုသိုလ်က ၀င်ပြီး ကိုယ့်ကိုလောင်နေပြန်တာပါ။ ဒေါသ၀င်လာတဲ့အချိန်.. အကုသိုလ်ဝင်လာတဲ့ အချိန်ဟာ တရားအားထုတ်နေတဲ့ အချိန်မဟုတ်တော့ပါဘူးနော်။ မတရားတာတွေကို အားထုတ်တာဖြစ်သွားပါပြီ။


တရားစွမ်းရည်ပြိုင်ပွဲမှာပါတဲ့ မလှုပ်မယှက်ပဲနေနိုင်တာဟာ အရည်အချင်းပါဆိုရင်.. အဲ့အချက်လေးကို ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဒုက္ကရစရိယ ကျင့်တော်မူတုန်းက အချက်လေးနဲ့ ယှဉ်ပြလိုပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဒုက္ခစရိယာကျင့်တုန်းကဆိုရင် မလှုပ်မယှက်ပဲနေတာတင် မဟုတ်ပါဘူး.. နှာခေါင်းက လေမထွက်အောင်၊ ပါးစပ်ကလဲ လေမထွက်အောင်ပိတ်ပြီး ကြိုးစားလိုက်တာ နားထဲကလေတွေ ထွက်လာပြန်ပါတယ်။ ဒီတော့ နားကလေမထွက်အောင် ထပ်ကျင့်ပြန်တယ်.. ထပ်ကျင့်ပြန်တော့ နားကလေမထွက်တော့ပဲ ဗိုက်ထဲမှာ နွားသတ်သမားက နွားကို အတင်းလှီးဖြတ်သလို တပင်တပန်းကြီး ဖြစ်သွားပါတယ်။ ဒီလိုကျင့်ရင်း အစာတွေလျော့စားလာပြန်ပါတယ်။ အစာတွေ လျော့ရင်း လျော့ရင်းနဲ့ အသားအရေတော်တွေ ခြောက်ကပ်ပြီး အရိုးအရည်သာ ကျန်သွားပါတော့တယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီအကျင့်ဟာ မကောင်းတဲ့ အကျင့်.. ခန္ဓာကိုယ်ကို နှိတ်စက်တဲ့ အကျင့်လို့သိပြီး စွန့်ပယ်ခဲ့ရတဲ့အထိပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ပြီး ဒီလိုမျိုး ခန္ဓာကို မလှုပ်မယှက်ပင်ပန်းအောင်ထားပြီး ကျင့်တဲ့ အကျင့်ဟာ မကောင်းပါဘူးဆိုတာကို.. သူတို့က အရည်အချင်းပါဆိုတော့.. စာဖတ်သူ ကိုယ်တိုင် စဉ်းစားကြည့်စေချင်ပါတယ်။


နောက်ဆုံးအချက်ကတော့ တရားထိုင်တာကို ဆုပေးတဲ့ အချက်ပါပဲ။ ဆိုးဝါးလွန်းတဲ့ အချက်ပါ။ တရားထိုင်တယ်ဆိုတာ ဘာအတွက်ထိုင်တာလဲ ဆိုတာလေး အရင်ဆုံး ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုပါတယ်။ တရားထိုင်တယ်.. တရားအားထုတ်တယ်ဆိုတာ တကယ်တော့ လောဘ၊ ဒေါသ၊ မောဟတွေကုန်အောင် အားထုတ်ကျင့်ကြံတာပါ။ ဒါကို ဆုကြေးသတ်မှတ်ပြီး ပထမဆုက ဘယ်လောက်.. ဒုတိယဆုကဘယ်လောက်.. ဆိုတော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ လုပ်ပေးသလို ဖြစ်နေပါတယ်။ တရားထိုင်တာကို ပြိုင်စရာအဖြစ် ဘယ်သူတော်ကောင်းမှ မသတ်မှတ်ဖူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ယှဉ်ပြိုင်ပြီဆိုကတည်းက လောဘဆိုတာ ပါလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ထိုင်ရင်း တစ်ယောက်က ထိုင်နိုင်လို့ ကိုယ်ကမထိုင်နိုင်ဘူးဆိုရင် ဒေါသက ဖြစ်ပြန်ပါတယ်။ ထိုင်နေရင်းနဲ့ အချိန်ကြာလိုက်တာ.. မပြီးသေးဘူးလားဆိုပြီး ဒေါသနဲ့ လောဘကြားမှာ မောဟက ၀င်မွှေပြန်ပါတယ်။ အင်မတန် ဆိုးဝါးပါတယ်နော်။ တရားထိုင်တာ မဟုတ်တော့ပါဘူး.. လောဘ၊ ဒေါသ၊ နဲ့ မောဟတွေကို ရန်သတ်ခိုင်းသလိုတောင် ဖြစ်နေပါတယ်။


မထိုင်နဲ့လို့ ကျွန်တော်မပြောလိုဘူးနော်။ ထိုင်ပါ.. ထိုင်လို့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်တရားတွေနည်းလား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ နည်းတယ်ဆိုရင်တော့ အဲ့တရားကို ဆက်လက်အားထုတ်ဖို့ အကြံပြုပါတယ်။ ဒီလိုမှမဟုတ်ပဲ ကြာကြာထိုင်မှ တရားအားထုတ်တယ်.. ကြာကြာထိုင်မှ တရားရမယ်.. ကြာကြာထိုင်မှ တရားကျင့်တာအစစ်လို့ ထင်နေရင်တော့ ဘုရားအဆုံးအမနဲ့ လွဲနေတာပါပဲ။ ကျွန်တော်တို့လည်း အရင်ကဆို ဒီလိုတရားထိုင်နေတာကြီးကိုပဲ တရားအားထုတ်တာပဲဟ လို့ ထင်သွားမှာပါ။ ဒါပေမယ့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ တရားတွေကို သေချာနားထောင်ကြည့်မှ ထိုင်မှတရားမဟုတ်ဘူး။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ လေးမျိုးလုံးနဲ့ တရားကျင့်လို့ ရတယ်ဆိုတာ သိလာရပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ ဘယ်အလုပ်ပဲလုပ်လုပ် လောဘ၊ ဒေါသ၊ မောဟတွေ မပါအောင်လုပ်ရင် တရားကျင့်တယ်ဆိုတာ သိလာရတယ်။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတဲ့ ဆုံးမစကားတွေဟာလည်း ဘုရားရှင်ရဲ့ မှတ်သားဖွယ်ရာ အဆုံးအမတွေပဲဆိုတာ သိလာရတာပါ။


ဒီအချက်တွေကို ဘာလို့ ပြောရတာလည်းဆိုတော့ ကိုယ်သိကိုယ်တတ်သဘောမျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အဲ့ရိပ်သာလည်း ဘာမှ ရန်ညှိုးလည်း မရှိပါဘူး။ ရိပ်သာနာမည်တောင် မကြားဖူးပါဘူး။ ဒါပေမယ့်.. အခုကြည့်လိုက်တဲ့ ပုံထဲမှာ ကျွန်တော်တို့တွေရဲ့ အမေ၊ အဖွား၊ အဒေါ်၊ အမအရွယ် အသက်အရွယ်မျိုးတွေ အများကြီး ပါပါတယ်။ တကယ်မကြည့်ရက်ပါဘူး။ တရားထိုင်လို့ ရူးတယ်ဆိုတာတွေဟာ ဒီကစတာပါ။ တရားရိပ်သာဝင်ပြီး နောက်တစ်ခါရိပ်သာကို ထပ်မ၀င်ရဲအောင် လုပ်တာဟာ ဒီနည်းလမ်း အမှားတွေက လုပ်ပြစ်တာပါ။ တရားထိုင်နေတုန်း.. လှုပ်ရင် အပ်နဲ့ထိုးဖို့ ဘေးကနေ ထိုင်စောင့်နေတဲ့ ရိပ်သာမျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ တရားရိပ်သာဝင်ရင် တရားစာအုပ်မဖတ်ရဘူး.. တရားမနာရဘူးဆိုတဲ့ ရိပ်သာတွေလည်း ရှိပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ မှားယွင်းစွာလုပ်ဆောင်ကြပြီး ဓမ္မကနေ အဓမ္မဖြစ်နေကြတာပါ။


ဒီပို့စ်ကို ရေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ မိဘအရွယ်တွေ အခြားသော အရွယ်တွေအားလုံး တရားကို စိတ်ဝင်တစား ၀ါသနာပါလို့ အားထုတ်လာကြတဲ့သူတွေ တွေ့ကြ ဆုံကြရမှာပါ။ ဒီတော့ ကိုယ့်အနေနဲ့ သူတို့ လမ်းလွှဲရောက်နေရင်တောင် လမ်းလွှဲမသွားဖို့၊ ပြောဆို အကြံပေးဖို့၊ ဆရာကောင်း သမားကောင်းဆီမှာ နည်းနာခံပြီး တရားကျင့်ကြံဖို့၊ ရိပ်သာစွဲ ဆရာစွဲမထားပဲ တရားကျင့်ကြံနိုင်ဖို့၊ နည်းမှန်လမ်းမှန်နဲ့ ဘုရားရှင်ဆုံးမထားတဲ့ အဆုံးအမတွေကို အတိအကျ လိုက်နာကျင့်ကြံနိုင်ဖို့အတွက် ပြောဆိုအကြံပေးဖို့ တာဝန်ရှိပါတယ်။ ဒီလိုမှမဟုတ်ပဲ အသိမှား အယူမှား အကျင့်မှားပြီး ကျင့်ကြံမယ်.. ဆရာမှားမယ်ဆိုရင် သံသယာတစ်လျောက်လုံး ခန္ဓာနဲ့ အဆမတန်အောင် ပြန်ပေးဆပ်ကြရမှာပါ။

ဒါ့ကြောင့် ဒီစာလေးကို ဖတ်ပြီးရင် မှားနေတဲ့သူတွေတွေ့ရင် ပြုပြင်ပြောဆို အကြံပေးကြပါလို့ အထူးအလေးအနက် မှာလိုပါတယ်။ ကျွန်တော်ပြောနေတာတွေ မှဘယ်သူပြောတာမှ ခေါင်းမညိမ့်ပါနဲ့.. ဘုရားအဆုံးအမနဲ့ မကိုက်ရင် ပယ်ပြစ်လိုက်ပါ။ ဘုရားအဆုံးအမနဲ့ သေချာတိုက်ပြီး စီစစ်ရွေးချယ်နိုင်ဖို့အတွက် မိမိကိုယ်တိုင်လည်း ဘုရားရှင်ရဲ့ အဆုံးအမကို သေချာနားလည်အောင် လိုက်နာကျင့်ကြံပါ။ မိမိကိုယ်တိုင် မှန်ကန်စွာလိုက်နာကျင့်ကြံပြီး အများသူငါ မှားနေတာတွေ့ခဲ့ရင်လည်း ပြင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ ဒီလိုမျိုး အမှတ်မှား အသိမှား အယူမှား အကျင့်မှားစေတဲ့ အကျင့်မျိုး မကျင့်မိဖို့အတွက် အများသူငါ သိရှိအောင် ဖြန့်ဝေပေးဖို့လည်း အလေးအနက် မှာလိုပါတယ်။ ဒီအကြောင်းရာလေးနဲ့ ပတ်သက်လို့ ဆွေးနွေးအကြံပြုလိုမှုများကိုလည်း လက်ခံကြိုဆိုနေပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ။


မှီငြမ်းကိုးကားသောစာအုပ်များ- ဓမ္မစကြာတရားတော်(အရှင်ဇနကာဘိဝံသ)

ဗုဒ္ဓဟောမြက် တရားဦး ဓမ္မစက်စာအုပ်(အရှင်ဇနက(တိသရဏ၀ိဟာရ))
သညာသိနှင့်ပညာသိ(အရှင်ဇ၀န(မေတ္တာရှင်))

ကြာကြာထိုင်မှတရားရတာလား? တရားအားထုတ်တယ်ဆိုတာဘယ်လိုမျိုးလဲ? ဆိုတာ သိလိုသူများအတွက် ဆရာတော်အရှင်ဆေကိန္ဒ၏ နေစဉ်အလုပ်နေ့စဉ်လုပ်တရားတော်ကို ဒေါင်းလုပ်ချ၍ နာယူနိုင်ပါသည်။


http://dhammadutaonline.com/index.php?option=com_rokdownloads&view=folder&Itemid=135&id=537:----

ဆက်လက်ဖတ်ရှုရန်.....



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP