* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

နှလုံးလှဖို့ အလှဆုံးသို့(၁)

ကျွန်တော့်မေးလ်ထဲကိုရောက်ရှိလာတဲ့ မှတ်သားဖွယ်ရာ ဘုရားရှင်ရဲ့ ဆုံးမစကားတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ လိုက်နာနိုင်ရင် လိုက်နာနိုင်သလောက် လောကီလောကုတ္တရာ နှစ်ဖြာလုံးမှာ ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်တဲ့ အဆုံးအမတွေပါ။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံရင်း တဆင့်ထက် တဆင့်မြင့်သထက်မြင့်၍ နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။

(၁) ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူးဆိုရင်တော့ မြတ်စွာဘုရားရဲ့ တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာ ဖြစ်မယ်။

ရဟန်းတွေရဲ့ ဝိနည်းတော်ထဲမှာ သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ဝိနည်းသိက္ခာပုဒ်တွေဟာ အင်မတန် များပါတယ်။ တစ်ကိုယ်လုံး သန့်ရှင်းနေဖို့၊ ခြေသည်း၊ လက်သည်း၊ ဆံပင်ကအစ ပါတယ်။ သွားတွေကို တံပူနဲ့ တိုက်ဖို့ ဆိုတာတွေ ပါတယ်။

အစားအသောက် အနေအထိုင် သန့်ရှင်းဖို့ ဆိုတာကို မြတ်စွာဘုရားက အများကြီး ဟောခဲ့တယ်။ သင်္ကန်း လျှော်တာနဲ့ ပတ်သက်လို့ သန့်ရှင်းဖို့ ဆိုတာတွေ ပါတယ်။ သပိတ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းဖို့ အတိအကျပါတယ်။ မပြောင်ရင် အပြစ်ရှိတယ်။

နေတဲ့ထိုင်တဲ့ ကျောင်းမှာ မသန့်ရှင်းရင် အပြစ်ရှိတယ်။ သေနာသနဝတ်ကို မလုပ်မနေရ။ သေနာသန ဆိုတာ နေထိုင်တဲ့ နေရာကို ပြောတာ။ ဝတ် ဆိုတာ ဝတ္တရား။ သေနာသနဝတ်ကို မပြုရင် အပြစ်ရှိတယ်။ အဲသလိုရဟန်း တရားအားထုတ်ရင် တရားထူး မရဘူးတဲ့။

အဲဒီတော့ တရားအားထုတ်တဲ့နေရာမှာ အဆင်ပြေချင်ရင် လုပ်ရမယ့် စည်းကမ်းထဲမှာ သန့်ရှင်းရေး ဆိုတာ ပါနေတယ်။ နောက်ဆုံး ဘယ်လောက်အထိတောင် ပါသလဲ သိလား။ ဝမ်းချုပ်နေရင် အထဲမှာ မသန့်ရှင်းဘူး၊ ဝမ်းနှုတ်ဆေးစားတဲ့။ အဲဒီလောက်အထိတောင် ပါတယ်။

မြတ်စွာဘုရားဟာ တပည့်တွေအားလုံးကို အဆင့်အတန်းမြင့်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့် ရုပ်ပိုင်းသန့်ရှင်းဖို့ စိတ်ပိုင်းသန့်ရှင်းဖို့ကို အသေးစိပ်ဟောခဲ့တယ်။

ဘုန်းကြီးကတွေးကြည့်တယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးတော့ သန့်သန့်ရှင်းရှင်း မနေတတ်သေးဘူး ဆိုရင်တော့ မြတ်စွာဘုရားရဲ့တပည့်ကောင်း သိပ်မပီသသေးဘူး။ နာမည်ပဲ ခံထားတာဖြစ်မယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) - အလှတရားမှအမှန်တရားသို့(ပထမအကြိမ်) (စာ- ၁၄-၁၅)


(၂) ရဟန်း သာမဏေများဟာ ကုဋီတက်တာတောင် သတိလက်လွတ် ပေါ့ပေါ့ဆဆ မတက်ရဘူး၊ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေ ရှိတယ်။

ပထမဆုံး ကုဋီတက်ချင်စိတ် ပေါ်လာတယ်ဆိုလျှင် “သြော် ငါ့မှာစားရခြင်း ဒုက္ခရှိသလို စွန့်ရခြင်းဒုက္ခကိုလည်း ရှောင်ကွင်းလို့ မရပါလား”လို့ ဆင်ခြင်ပြီး မနှေးမမြန် လျော်ကန်သော ဣနြေ္ဒနဲ့ ကုဋီရှိရာကို သွားရမယ်တဲ့၊ အရေးတကြီး ဒရောသောပါး မသွားရဘူး၊ အစားတစ်ခုခုကို စားလျက်လည်းမဝင်ရဘူး။

ကုဋီတံခါးဝသို့ ရောက်တဲ့အခါ အတွင်း၌ တစ်စုံတစ်ယောက်ရှိနေမှာလားလို့ ချောင်းဟန့်ပြီး အသံပေးရတယ်။ ရှိရှိ - မရှိရှိ ကုဋီတံခါးကို ဖြုန်းခနဲ ဆွဲမဖွင့်ရဘူး။

ကုဋီထဲမှာ လူမရှိဘူးလို့ သိတဲ့အခါကျမှ အတွင်းသို့ဝင်၊ တံခါးကို သေသေချာချာ ပိတ်ပြီးတော့ ကိုယ်ဝတ်ဧကသီကို သင်္ကန်းတန်းမှာ လျှောမကျ ပြုတ်မကျအောင် သပ်သပ်ရပ်ရပ် တင်ရတယ်။ တစ်ချို့ ကျောင်းကြီးတွေမှာ ကုဋီအဆောက်အအုံကျယ်လို့ တံခါးအပြင်မှာ သင်္ကန်းတန်းများ ရှိတတ်တယ်။ အတွင်းရောက်လျှင် နင်းခုံကို နင်းပြီးမှ သင်းပိုင်ကိုပင့်၍ ဖြည်းဖြည်းသာသာ ထိုင်ရတယ်။ ထိုင်ပြီးတော့လည်း အည်းခနဲ အဲခနဲ ညည်းတွား အောင့်အည်းခြင်း အသံမထွက်အောင် သဘာဝအလျောက် သက်စေရတယ်။ အဲသည့်သက်တဲ့ အညစ်အကြေးကိုလည်း မြင်အောင်ကြည့်ရတယ်။ ကြည့်ပြီး ငါ့ခန္ဓာကိုယ်ဟာ “ညှီစော်နံလှောင်း မကောင်းသော ဘင်ပုပ်တို့၏ တည်ရာကြီးပါလား”လို့ ပစ္စဝေက္ခဏာ တင်ရတယ်။

ပထမ ကနုတံနဲ့ အကြမ်း သုတ်သင်ပြီးတော့ လက်ဝဲလက်နဲ့ ကနုတံအဖျားကိုကိုင်၊ နင်းခုံမှာကန့်လန့်တိုက်၊ လက်ယာလက်နဲ့ ရေလောင်းသန့်စင်ပြီး ကနုတံကို ထားမယ့်နေရာမှာထား၊ ဒုတိယ ကနုတံကို နောက်ထပ်သုံး၊ အခုနလိုပဲရေလောင်းသန့်စင် အဲသည့်အခါကျတော့ စင်ကြယ်သွားပြီဖြစ်တဲ့ ဒွါရအပြင်ကို လက်ယာလက်နဲ့ရေလောင်း၊ လက်ဝဲလက်နဲ့ ပွတ်သပ်သန့်စင်။ နောက်ဆုံးကနုတံကိုယူသုတ်သင်၊ အလျင်က ဆေးကြောသလို ဆေးကြော၊ ကနုတံကို နေရာတကျထား၊ အားလုံးပြီးတော့မှ ရေစိုနေတဲ့လက်ကို ကုဋီထဲမှာထားတဲ့ အဝတ်နဲ့ စင်ကြယ်အောင်သုတ်၊ နောက်ဆုံး သန့်သက်ရေ တစ်ခွက်လောင်း၊ ကိုယ်ဝတ်ကို လက်ကတော့တင်၊ မနှေးမမြန် ကုဋီတွင်းမှထွက်။ မိမိ၏ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး၊ ချွဲခန်းတို့ကို လုံးဝပေကျံခြင်းမရှိအောင် သတိထားရတယ်။

ဆရာကြီးဘဘဦးသုခ၏ မေတ္တသုတ်အဖွင့်(နဝမအကြိမ်)၊ စာ(၃၁-၃၆) မှ ထုတ်နုတ်ကူးယူပါသည်


(၃) လမ်းလျှောက်တာက အစ ဣနြေ္ဒ၊ သိက္ခာရှိတဲ့ လမ်းလျှောက်နည်းဆိုတာ ရှိတယ်။

အဲဒီလိုပဲ လမ်းလျှောက်တဲ့နေရာမှာလည်းပဲ ဘုရားက လမ်းလျှောက်ပုံ လမ်းလျှောက်နည်းတွေကို ရဟန်းတွေကို သင်ပေးခဲ့တာရှိတယ်။ ဘုရားကိုယ်တိုင် ဘယ်လိုလမ်းလျှောက်တယ် စင်္ကြံ ဘယ်လို ကြွတယ်ဆိုတာကို စာပေထဲမှာ တွေ့ဖူးတယ်။ ခြေလှမ်းကို မစိပ်မကျဲလှမ်းတယ်၊ ခုန်ကြွခုန်ကြွလှမ်းလေ့ မရှိဘူး။ ခန္ဓာကိုယ် အထက်ပိုင်းက ငြိမ်နေတယ်၊ အထက်မြင့်လိုက် အောက်နိမ့်လိုက်မဖြစ်ဘူး။ ခြေထောက်ကသာ ရှေ့ ကို လှမ်းသွားနေတာ ခန္ဓာကိုယ်အထက်ပိုင်းက မြင့်လိုက် နိမ့်လိုက် မဖြစ်ဘူး။ ခြေဖျားလေးထောက်ပြီး ကြွကြွ ကြွကြွနဲ့ လျှောက်လေ့မရှိဘူး။ ခြေဖဝါးကို ချလိုက်တဲ့အခါမှာ ညီညီညာညာပဲ ချလိုက်တယ်။ ခြေလှမ်းကိုလည်း မစိပ်မကျဲ လှမ်းလေ့ရှိတယ်၊ မြန်မြန်ကြီးလည်း လျှောက်လေ့မရှိဘူး၊ နှေးနှေးလည်း လျှောက်လေ့မရှိဘူး။

ကျက်သရေရှိရှိ ဂုဏ်သိက္ခာ ရှိရှိ လှလှပပ လမ်းလျှောက်ဖို့လိုတယ်… နော်။ ဘုရားဟော ဝိနည်းထဲမှာ ရဟန်းတွေကို လမ်းလျှောက်တာကို သင်ထားတာ ရှိတယ်။ ခြေဖျားကို ထောင်ပြီး ဖနောင့်နဲ့ထောက်ပြီးတော့ လမ်းမလျှောက်ရဘူး။ ခြေဖျားထောက်ပြီးတော့လည်း မလျှောက်ရဘူး။ ပြေပြေပြစ်ပြစ်လေး ခြေဖဝါးကို ချရမယ်။ မစိပ်မကျဲ ခြေလှမ်းကို လှမ်းရမယ်။ စိပ်လွန်းရင်လည်း ကြည့်လို့ မကောင်းဘူး။ ဣနြေ္ဒ မရဘူး။ သိက္ခာမရှိဘူး။ ကျဲလွန်းရင်လည်း ဣနြေ္ဒမရဘူး။ သိက္ခာမရှိဘူး။ ကြည့်လို့ မကောင်းဘူး။ မနှေးမမြန် လျှောက်ရမယ်။ ခုန်စွခုန်စွ မလျှောက်ရဘူး။

မြတ်စွာဘုရား လမ်းလျှောက်တဲ့အခါမှာ ဘယ်လိုလျှောက်သလဲဆိုတာကို ပါဠိစာပေထဲမှာ တွေ့ရတယ်။ အဲဒါကို ဘုန်းကြီးတို့ အတုယူတယ်။ ရဟန်းဆိုတာ ဒီလို လျှောက်ရတယ်။ မြောက်ကြွ၊ မြောက်ကြွ မလျှောက်ရဘူး။ ခန္ဓာကိုယ်ကို ဟိုယိမ်း၊ ဒီယိမ်းနဲ့ မလျှောက်ရဘူး။ လမ်းလျှောက်ရင် ဖုန်တွေ သဲတွေလည်း မကန်မိရဘူး၊ ကျောက်ခဲတွေလည်း မကန်မိရဘူး။ အဲဒီလို လမ်းလျှောက်တာက အစ ဣနြေ္ဒ၊ သိက္ခာရှိတဲ့ လမ်းလျှောက်နည်းဆိုတာ ရှိတယ်။

ဣနြေ္ဒ သိကာမဲ့တဲ့ လမ်းလျှောက်နည်း ဆိုတာလည်း ရှိတယ်။ အကယ်၍ လမ်းလျှောက်တဲ့အခါ ရှပ်တိုက်ပြီး လျှောက်တယ် ဆိုပါတော့။ ဒရွတ်တိုက်၊ ဒရွတ်တိုက် လျှောက်တယ်ဆိုပါတော့။ အဲဒီလို လျှောက်တာမြင်ရင် မြင်ရတဲ့သူစိတ်ထဲမှာ ဘယ်လိုနေမလဲ။ ဟာ- လမ်းလျှောက်တာတောင်မှ သတိမပါ၊ ဉာဏ်မပါ၊ ဣနြေ္ဒမရ၊ သိက္ခာမဲ့လိုက်တာ၊ ကြည်ညိုစရာ မကောင်းဘူးလို့ တွေးမယ်။ အဲဒါကြောင့် လမ်းလျှောက်တာကအစ လှလှပပလေး လျှောက်တတ်ဖို့ လိုပါတယ်။

(အလှတရားမှ အမှန်တရားသို့ - ဆရာတော် ဦးဇောတိက) မှ

ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားအဆုံးအမကိုလိုက်နာသူဆိုတဲ့ အဓိပ္ပါယ်ပါ။ ဗုဒ္ဓဘာသာမှန်ရင်တော့ ရဟန်းဖြစ်စေ လူဖြစ်စေ ဘုရားရှင်ဆုံးမတဲ့အတိုင်း လိုက်နာကျင့်ကြံမှ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်မှာပါ။ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှင်အဆုံးအမကို လိုက်နာကျင့်ကြံနိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP