သင်္ခါရ ဒုက္ခ၊ မုချ သိဖို့လို
ဒုက္ခ သဘောကို စောကြောကြည့်ရာတွင် အများစုမှာ သိလွယ်မြင်လွယ်သော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကြုံမှသာ ဒုက္ခပါတကားဟု ပြောလေ့ရှိကြသည်။ ကိုယ်ချမ်းသာ စိတ်ချမ်းသာနှင့် နေရခိုက်လည်း ဒုက္ခပါပဲဟု ပြောဆိုလျှင် တော်ရုံ လက်မခံချင်ကြပါ။
သတ္တ၀ါမှန်သမျှတို့တွင် ဒုက္ခ ၃ မျိုးရှိပါသည်။
(၁) ဒုက္ခ ဒုက္ခ။ သိလွယ်မြင်လွယ်သော ကိုယ်ဆင်းရဲခြင်း စိတ်ဆင်ရဲခြင်း ကာယိကဒုက္ခ စေတသိကဒုက္ခ
(၂) ၀ိပရိဏာမ ဒုက္ခ။ ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းဟူသော သုခဝေဒနာများသည် ထာဝရမတည်မြဲပါ။ တချိန်တွင် ပျက်စီးကုန်ဆုံးပြီး ဒုက္ခက အစားထိုးသွားပါသည်။ ယင်သို့ ဖောက်ပြန်ပျက်စီးခြင်း သဘောဆောင်သောကြောင့် သုခဝေဒနာတို့သည်လည်း ဒုက္ခအမျိုးအစားပင်ဖြစ်ပါသည်။ ယင်းတို့ကို ၀ိပရဏာမ ဒုက္ခဟု ခေါ်ပါသည်။
(၃) သင်္ခါရဒုက္ခ။ သိလွယ်ခံစားလွယ်သော ဒုက္ခဝေဒနာ သုခဝေဒနာမျိုး မဟုတ်သော ဥပက္ခာဝေဒနာများသည်လည်း ဖြစ်လိုက်ပျက်လိုက်သဘောဆောင်ပါသည်။ ခန္ဓာကိုယ်ရှိ Cell လေးများသည် စက္ကန့်မလပ် ပျက်စီးနေပြီး ၄င်းနေရာတွင် အသစ်အသစ်များ အစားထိုးသွားသည်။ ထို့အတူ နာမ်ခန္ဓာလေးများသည်လည်း ထိုနည်းလည်ကောင်း ချုပ်ပျောက်သွားလိုက် အသစ်အစားထိုးလိုက်ဖြစ်နေပါသည်။ ထိုရုပ်နာမ်အစုလေးတွေ ဖြစ်ပျက်မှု အစုစုသည် ဥပေက္ခာဝေဒနာနှင့်ယှဉ်သည်။ ၀ိပဿနာရှုနေသူမှ လွဲ၍ သာမန်လူတို့ မမြင်နိုင် မသိနိုင်။ ၄င်းတို့ ဖြစ်မှုပျက်မှုတို့ကြောင့် အကောင်းအဆိုး မည်သို့မျှ မခံစားရ၊ သူ့ဘဘာဝအတိုင်းသာ ဖြစ်နေခြင်း မဟုတ်ပါလား။ ထိုဖြစ်မှု ပျက်မှု အစုစုတို့သည် အကြောင်းမဲ့ ဖြစ်နေခြင်းမဟုတ်။ ပြုပြင်စီရင်မှုဟူသော အကြောင်းကြောင့် အကျိုးဖြစ်ထွန်းရသည်။ ထိုသို့ ပြုပြင်ပြောင်းလည်းမှုကြောင့် ဖြစ်မှုပျက်မှု အစုစုကို သင်္ခါရဒုက္ခဟုခေါ်သည်။ ဒုက္ခ ၃ မျိုးတွင် သင်္ခါရဒုက္ခသည် ၃ မျိုးလုံးကို ကိုယ်စားပြုသည်။
သက်ရှိလောက၌ ပြုပြင်စီရင်တတ်သောသဘောကို မည်သူမျှ စောဒက မတက်ကြသော်လည်း သက်ရှိတို့ ပြပြင်မှု မပါပဲ သက်မဲ့လောက ရုပ်တရားအချင်းချင်း ပြုပြင်စီရင်မှုကိုမူ မသိမြင်သော လူသားများအဖို့ တန်ခိုးရှင်များက ဖန်တီးနေသည်ဟု ယူဆလာကြသည်။ အလွယ်ဆုံး ဥပမာ ရေသံသရာလည်ပုံ ထုတ်နုတ်ဖော်ပြပါမည်။ ၄င်းဖြစ်စဉ်ကို မည်သူ ပြပြင်ပြောင်းလဲလို့ ဖြစ်လာပါသနည်း။ မိုးနတ်မင်းကြီး ရွာချခြင်း မဟုတ်သလို ထာဝရဘုရားသခင် ဖန်ဆင်းလိုက်ခြင်းလည်း မဟုတ်။ မည်သည့် သက်ရှိမှ မပါပေ။ ဓါတ်ကြီးလေးပါးပြပြင်စီမံမှုကြောင့် ဖြစ်ပါသည်။ နေရောင်ခြည်မှာပါလာသော တေဇောဓါတ်များ ချုပ်ပျောက်ခြင်းက အကြောင်း၊ ပင်လယ်ထဲရှိ ရေကလါပ်စည်းများတွင်ပါသော တေဇောဓါတ်များတိုး၍ ဖြစ်ပေါ်လာခြင်းသည်အအကျိုး။ ထိုတေဇောဓါတ်တိုးလာခြင်အကြောင်းကြောင့် ရေတွင် ပထ၀ီဓါတ်(မာ၊လေး)၊ ၀ါယောဓါတ်(ထောက်ကန်)၊ အာပေါဓါတ်(ဖွဲ့စည်း)လျော့နည်းခြင်း အကျိုးဖြစ်လာသည်။ ထိုဓါတ်ကြီး ၄ ပါး ပြောင်းလဲမှုကြောင့် အ၇ည်ဘ၀မှ အငွေ့ဘ၀ပြောင်းသွားပြီး အထက်သို့တက်သွားသည်။ တိုးလာသော တေဇောဓါတ်တို့ အထက်ရောက်သည်နှင့် ချုပ်ပျောက်မှု အကြောင်းကြောင့် ပထ၀ီဓါတ်၊ ၀ါယောဓါတ်၊ အာပေါဓါတ်တွေတိုးလာကာ အရည်ဘ၀ဖြင့် အောက်သို့ ပြန်ဆင်းလာရပြန်သည်။ သမုတိသစ္စာနယ်တွင် အရည် အငွေ့ဟု ခွဲခြားပြောဆိုကြသော်လည်း ပရမတ်နယ်တွင် အရည်ကော အငွေ့ကော ဓါတ်ကြီးလေးပါး အပေါင်းအစု၊ ပေါင်းစပ်ပါဝင်မှု မတူညီခြင်းသာကွာပါသည်။ အစိုင်အခဲ အရည် အငွေ့ဟု သိပ္ပံပညာတွင် ခွဲခြားသတ်မှတ်ကြသော်လည်း ဗုဒ္ဓ၏ fundamental or elementary theory အရ မည်သည့် ရုပ်ကလပ်စည်းမဆို အတူတူပင်၊ ဓါတ်ကြီးလေးပါး ပေါင်းစပ်ပါဝင်မှု ကွဲပြားခြင်းသာရှိသည်ဟု ဆိုသည်။ ရေငွေ့မှ ရေခဲ ရုပ်ကလပ်ပြောင်းမှု ဖြစ်စဉ်တွင် ပထ၀ီဓါတ်(မာ၊ လေး) ပိုများလာသည်။ အာပေါဓါတ်(ဖွဲစည်း) ပိုများလာသည်သည်။ ၀ါယောဓါတ်(ထောက်ကန်) ပိုများလာသည်။ ထိုသို့ဖြစ်ပေါ်ရန် အကြောင်းတရားမှ တေဇောဓါတ်(အပူ) လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်။ တစ်နေရာတွင် တေဇောဓါတ်တိုး၍ ဖြစ်ပေါ်လာလျှင် အခြားတစ်နေရာတွင် ချုပ်ပျောက်သွားမှုက အကြောင်းဖြစ်မည်။ ဆိုလိုသည်မှာ တစ်ခုသောရုပ်ကလပ်တွင် ဓါတ်ကြီး ၄ ပါး အပြောင်းအလဲသည် အခြားရုပ်ကလပ်အတွက် ဓါတ်ကြီး ၄ပါး ပြောင်းလဲဖို့ရန် အကြာင်းတရားဖြစ်နေတတ်သည်။
ယင်းသို့ပြောင်းလဲမှုတွင် အရည်မှ အငွေ့သို့ပြောင်းလဲသလိုချည်း သတ်မှတ်လို့ မရ။ ဥပမာ လူတစ်ယောက်က ခဲတစ်လုံးကိုကိုင်၍ အဝေးသို့လွင့်ပစ်လိုက်သော ဖြစ်စဉ်တွင် လူ၏ စိတ္တဇ၀ါယောရုပ်များတိုးလာ၍ လက်လှုပ်ရှားမှု ဖြစ်လာသည်။ ဤဖြစ်စဉ်သည် နာမ်စွမ်းအင်မှ ရုပ်စွမ်းအင် ပြောင်လဲမှုဖြစ်စဉ်ဖြစ်သည်။ လက်လှုပ်ရှားမှုရပ်သွားပြီး ၀ါယောဓါတ်များချုပ်ပျောက်သွားမှုက ခဲရုပ်ကလပ်များတွင် တိုး၍ ဖြစ်ပေါ်လာသည်။ ဤဖြစ်စဉ်တွင် ၀ါယောဓါတ်(တွန်းကန်)တိုးမှုက ခဲကိုေ၇ခဲမှ ရေငွေ့ ပြောင်းသလို မပြောင်းသွားသော်လည်း ခဲသည် လေထဲတွင် ရွှေ့နေသည်ကို မြင်ရမည်။ ထိုခဲသည် မြေကြီးပေါ်ကျလာသောအခါ မြေမှုန့်များလှုပ်ရှားသွားသည်။ ခဲတွင်ချုပ်ပျောက်သွားသော ၀ါယောဓါတ်သည် ပွတ်တိုက်သွားသော လေမှုန် မြေမှုန်တို့တွင် တိုး၍ ဖြစ်ပေါ်သွားသည်။ အကယ်၍ မြေကြီးပေါ်မကျပဲ ပြူတင်ပေါက်မှန်ကို သွားထိသည်ဆိုပါစို့။ မှန်ကွဲသွားမည်။ ခဲတွင်ချုပ်ပျောက်သော ၀ါယောဓါတ်တို့သည် မှန်တွင်တိုး၍ ဖြစ်ပေါ်လာသည်။ မှန်ရုပ်ကလပ်စည်းတွင်မူလက ရုပ်ကလပ်စည်းချင်းတွဲကပ်စေသော အာပေါဓါတ်သည် တိုးလာသော ၀ါယောဓါတ်ကြောင့် မှန်ကလပ်စည်းချင်း ဖွဲ့စည်းမထားနိုင်တော့။ ဤတွင် ပုံသဏ္ဍန်ပြောင်းလည်းမှု ဖြစ်ပေါ်လာတော့ဥည်။ တစ်စစီ ကွဲထွက်သွားတော့သည်။
ဤသည်မှာ ရုပ်ဓါတ်အချင်းချင်း အပြန်အလှန် ကြောင်းကျိုးပြုနေကြောင်း၊ နာမ်ဓါတ်နှင့် ရုပ်ဓါတ်တို့ အချင်းချင်း ပြန်လှန်ကြောင်းကျိုးပြု ဖြစ်ပျက်နေကြောင်း မြင်သာထင်သာစေရန် အကျဉ်းမျှ ထုတ်နုတ်ပြခြင်း ဖြစ်ပါသည်။ သဘာဝလောကြီး၏ သက်ရှိ သက်မဲ့တို့ ပြောင်းလဲမှု ဖြစ်စဉ်တိုင်းကို ဓါတ်ကြီးလေးပါး မည်သည်ကတိုး မည်သည်ကလျော့ ညီမျှခြင်းချပြနိုင်ခြင်းငှာ မစွမ်းပြီ။ ရေမြေတောတောင် စကြာဝဋ္ဌာကြီးအတွင်းရှိ ရုပ်တရားများ၊ ၃၁ ဘုံသား သတ္တ၀ါများရှိ နာမ်တရားအားလုံးတို့ သည်လည်း အကြောင်းအကျိုးချိတ်ဆက် ဖြစ်ပျက်နေမှုမှ မလွတ်ကင်းကြပေ။ ထို သင်္ခါရ ဒုက္ခကို ပရမတ်ဆိုက်အောင် ဉာဏ်နှင့် ရှုမြင်သည့်အခါ ဘယ်အရာကြည့်လိုက်ကြည့်လိုက် ဖြစ်မှုပျက်မှု အစုဟုသာ တွေ့ရတော့မည်။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ခင်မင်စရာ တွယ်တာစရာများ မရှိတော့ ရုပ်ဓါတ်ကြီးလေးပါး နာမ်ဓါတ်လေးပါးမှလွဲ၍ ဘာတစ်ခုမျှ မတွ့ရတော့။ မူလက ထင်မှားမူပျောက်ပြီး စွဲလမ်းမှု တဏှာချုပ်ကာ သံသရာ တစ်လျောက် ဒလစပ်ဖြစ်ပျက်လာသော (လောကီ)နာမ်ခန္ဓာစဉ် ချုပ်ပျောက်ရပါတော့သည်။ နာမ်နှင့်ရုပ် သဟဇာတသဘောဆောင်သဖြင့် နာမ်ချုပ်သည်နှင့် ရုပ်ပါချုပ်ပျောက်ရပါတော့သည်။ ဤသို့ တစ်ကြိမ်ဖြစ်ပေါ်ရုံဖြင့် နာမ်ခန္ဓာစဉ် အပြီးတိုင်မချုပ်သေးပါ။ တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် ပြေးနေသော လော်လီကားကြီးကို ဘရိတ်တချက်ဆွဲလိုက်သည်နှင့် နေရာမှာပင် တုံ့ကနဲ မရပ်ပါ။ အနည်းဆုံး ပေ လေး ငါးဆယ် ရောက်မှ ရပ်သွားလိမ့်မည်။ ထို့အတူ သံသရာတစ်လျောက် မမောနိုင် မပန်းနိုင် စုန်ဆန်နေသော နာမ်ခန္ဓာစဉ် ရထားကြီးသည် တဏှာတစ်ကြိမ်ချုပ်ရုံဖြင့် နေရာမှာ တုံ့ကနဲ မရပ်နိုင်။ သို့သော် အရှိန်ကား လျော့သွားပြီ။ နောက် ၃ကြိမ် ချုပ်သောအခါ ဆက်မသွားနိုင်တော့။ လောကီလောကုတ်နာမ်ခန္ဓာစဉ်ဟူသရွှေ့ အကုန်ချုပ်တော့သည်။ အကျိုးရုပ်တရားတို့လည်း ဘယ်သောအခါမျှ ပြန်ဖြစ်စရာ မရှိပြီ။
ယင်းသဘောတရားကို ဆရာမကူ ကိုယ်တော်တိုင်ထွင်းဖောက်သိမြင်ပြီး သတ္တ၀ါတို့ကို သင်္ခါရဒုက္ခများမှ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့သော မြတ်ဗုဒ္ဓ၏ ဉာဏ်တော် ကျေးဇူးတော်တို့သည်ကား အဖိုးမဖြတ်နိုင်လောက်အောက် ကြီးမားပေစွတကား။ ထိုအတူ ရတနာတမျှ အဖိုးထိုက်သော လွတ်မြောက်ရာလမ်းကို သိစေအပ်သော ဗုဒ္ဓ၏တရားတော်တို့ကို နှစ်ပေါင်း ၂၅၀၀ တိုင် မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ပေးကြသော သံဃာတော် အရှင်မြတ်များ၊ ဤရတနာ ၃ ပါး ၏ အဆုံးအမအောက်မှာ ကြီးပြင်းခွင့်ရစေဖို့ လူလားမြောက်အောင် ကျွှေးမွေးစောင့်ရှောက်ခဲ့သော မိဘ၂ ပါး၊ အသိဉာဏ်ပညာတိုးပွါးစေဖို့ သွန်သင်ဆုံးမခဲသော့ ဆရာသမားတို့၏ ဂုဏ်ကျေဇူးတို့သည်လည်း အဖိုးမဖြတ်နိုင်ပေ။ ထို အနန္တော အန န္တငါးပါးကို ဦးထိပ်ပန်ဆင်ရင်း အသိအမြင်မှန်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းရင်း ဤဆောင်ပါးကို နိဂုံးချုပ်အပ်ပါသည်။
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ
ပြေဇော်
၁၀-၇-၂၀၀၉

0 comments:
Post a Comment