* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

မခက်တာပဲ ကောင်းပါတယ်

လူမိုက်ကြီးတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။

တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါးက ဆွမ်းဘုဉ်းခါနီး မေတ္တာပို့သလိုက်တာလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မောင်မင်းကြီးသားတို့ မကြောက်မရွံ့အကုသိုလ်တွေပြုနေလို့သာ တို့များအသားစားနေရတယ်လေတဲ့။ သို့သော် ဒီအသား ဟင်းလျာက သန့်ပါတယ်။ ဘယ်သူ့အတွက်ကိုမှ ရည်ရွယ်ပြီးသတ်တာမဟုတ်တဲ့အတွက်ကြောင့်ရော၊ ကိုယ်ကသဘောတူ လို့သတ်တာမျိုးမဟုတ်တာကြောင့်ရော၊ ဒီအကုသိုလ်အမှုအပေါ် ၀မ်းမြောက်ဝမ်းသာ မဖြစ်တဲ့အတွက်ကြောင့်ရော၊ အကျိုး ပြပြီးကျူးလွန်းတာ မဟုတ်တဲ့အတွက်ကြောင့်ရော သန့်ပါတယ်။ တစ်ချို့ကလည်း ပြောကြတယ်။ ဘယ်သူမှ အသားမစား ရင် ဘယ်သူမှ မသတ်တော့ဘူးပေါ့တဲ့။ ဟုတ်သလိုလိုပဲ။ သို့သော် ဘယ်သူမှမစားပဲ သတ်နေကြတာတွေလည်း အများကြီး ပဲလေ။ သတ်ခြင်းတရားသည် စားခြင်းမစားခြင်းနှင့် မဆိုင်တော့ပြန်ပါဘူး။ သတ်သောသူ၏ အလိုရမ္မက်ကြီးမှု၊ ဒေါသတရားကြီးမှုနဲ့ မိုက်မဲမှုသက်သက်ကြောင့်သာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတစ်ပါးက မေးလျှောက်ဖူးပါတယ်။ ဘုန်းတော်ကြီးမြတ် တော်မူသော မြတ်စွာဘုရား …. ငရဲပြည်ရဲ့ဆင်းရဲဆိုတာဟာ ဘယ်လိုပုံစံမျိုးလဲခံစားရပါသလဲဘုရားတဲ့။ (စာထဲကပုံစံကို ကျွန်တော်နားလည်သလို ပြန်ပြောပြတာပါ)။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ချစ်သား…… ငရဲပြည်ရဲ့ဆင်းရဲဆိုတာကို ပြောမယ်ဆို နှိုင်းစရာဥပမာတောင်မရှိဘူးကွာတဲ့။ နီးစပ်မယ်ထင်တဲ့ ဥပမာလေးတစ်ခုပြရရင် … ရှေးအခါက မင်းပြစ်မင်း ဒဏ်သင့်နေသူတစ်ဦးကို မင်းချင်းတို့က မနက်မှာ လှံအချောင်းတစ်ရာ၊ နေ့မှာ လှံအချောင်းတစ်ရာ၊ ညမှာ လှံချောင်းတစ်ရာနဲ့ ထိုးစေဦးတော့။ ထိုသူခံစားရတာက သက်သာလှပါတယ်ကွာတဲ့။ အဆပေါင်းဘယ်လောက်များ ကွာခြားသလဲဆိုရင်လ ….. ကျောက်စရစ်ခဲသေးသေး တစ်လုံးကို ဟိမ၀န္တာတောင်းတန်းကြီးဘေးနားချပြရသလိုပါပဲ။ မထင်ရှားလှပါဘူးတဲ့။ ငရဲပြည်မှာ ခံစားရတာဟာ ဟိမ၀န္တာတောင်တန်းလောက်ရှိပြီး လှံအချက်သုံးရာ အထိုးခံရသူ ခံစားရတဲ့ဝေဒနာက ကျောက် စရစ်ခဲ တစ်လုံးစာလောက်ပဲ ရှိပါတယ်ကွာတဲ့။

မဟာကရုဏာတော်ရှင် မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့တာပါ။ ဒီအကြောင်းတွေကို နာကြားဖူးထားတော့ ငရဲဆိုတာ ကို အကြားလေးနဲ့တင် ကြောက်စရာကောင်းလှပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတာမို့ မယုံစရာလဲ အကြောင်း မရှိပါဘူး။ တစ်ကယ်အရှိတရားမို့ ဟောကြားတော်မူတာပါ။ တစ်ချို့သူတွေကလည်း ငရုတ်သီးထဲကပိုး အပူ မကြောက် .. ဆိုသလိုပဲ မိုက်မဲတဲ့သူတွေကတော့ ပျက်ရယ်ပြုကြပါတယ်။ ယုံတမ်းတွေပါတဲ့။ ကိုယ်လုပ်တဲ့အမှုကို ကိုယ် ခံရမယ်ဆိုတာ မယုံတဲ့သူတွေအတွက်တော့ ငါးပါးသီလကို လွယ်လင့်တကူ ချိုးဖောက်ကြပါတယ်။ အကုသိုလ်ကို ဈေးဆစ် တဲ့လူတွေနဲ့လည်း တွေ့ဖူးပါတယ်။ ငါက …… အရက်ကို မူးအောင်သောက်တာ မဟုတ်ပါဘူး။ မူးလည်းမမူးပါဘူး။ နဲနဲလေး ပဲသောက်တာပါ။ ဒါဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူးနော်တဲ့။ ကျွန်တော်ဘယ်လိုပြောရပါ့။ ခက်တယ်ကွယ်။ သေနှင့် အရက် စီးပွားပျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့် အဆိပ်ရည် …. လို့ ငယ်ငယ်က သင်ခဲ့ရတာလေးကိုပြေးလို့ သတိရမိပြန်ပါတယ်။

မြတ်စွာဘုရားရှင်မိန့်တော်မူတာက ချစ်သားတို့ …… လောကမှာ လူတစ်ယောက်ဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလှတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ တောင်ရောက်၊ မြောက်ရောက် မြောနေတဲ့ ၀ါးလုံးကြီးတစ်လုံးရှိတယ်။ ပင်လယ်ကြမ်းပြင်မှာလည်း လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲ့ဒိလိပ်ကြီးက နှစ် ၁၀၀ ကြာမှ တစ်ခါရေမျက်နှာပြင်ပေါ်ကို ပေါ်တယ်။ ထိုလိပ်ကန်း ကြီးရဲ့ ခေါင်းနဲ့ မြောချင်တိုင်းမြောနေတဲ့ ၀ါးလုံးခေါင်းတို့ စွပ်မိဖို့က ဖြစ်နိုင်ချေရှိပါသေးတယ်။ လူ့ပြည်မှာ လူတစ်ယောက် ပြန်ဖြစ်ဖို့ဆိုတာက အလွန်ခက်လှတယ်ကွာ……တဲ့။ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ နေ့စဉ်နဲ့အမျှ ကြားနေရတာက ဟိုက လေးက ဘယ်သူဝင်စားတာ။ ဒီကလေးက ဘယ်သူဝင်စားတာနဲ့ ……. အသံဗလံတွေ ဆူလို့ညံလို့။ လူဖြစ်ဖို့ ခဲယဉ်းတယ် ဆို။ အဲ့ဒိလိုများပြောခဲ့ရင်လေ … တို့ဗုဒ္ဓဘာသာမှာ လူဝင်စားခြင်းမရှိဘူး။ ဒီဘ၀ ဒီခန္ဓာသည် ဒီဘ၀သေရင် ပြီးပြီ။ နောက် ဘ၀နောက်ခန္ဓာဆိုတာ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးခန္ဓာသာဖြစ်ပါတယ်။ ဟိုဘက် ဘ၀က လူ၊ ဒီဘက် ဘ၀ ရောက်လာတာမဟုတ်ဘူး။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဆိုတာတွေက ဘ၀သစ်ဖြစ်အောင်လုပ်ပေးလိုက်တာ။ ကုသိုလ်ကံ အကြောင်းတွေရှိနေသေးသမျှ သုဂတိဘ၀ဆို တာတော့ရနေမှာပဲ။

ပုရွက်ဆိပ်ကျင်းမှာရှိတဲ့ အကောင်းအရေအတွက်က ယနေ့ကမ္ဘာ့လူဦးရေထက် များနိုင်တယ်။ ခြတောင်ပို့က ခြတွေက ယနေ့လူဦးရေထက်များနိုင်တယ်။ အပါယ်(၄) ဘုံမှာရှိတဲ့သူ အရေအတွက်က ကျန် ၂၇ ဘုံမှာရှိတဲ့သူအရေအတွက်ထက် ပိုပြီး များတယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် ရှင်းလောက်ပါပြီ။ လူတစ်ဦးဖြစ်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာပေါ့။ လူဖြစ်ဖို့ဘာကြောင့် ခဲယဉ်းနေရတာလဲဆိုတာ စဉ်းစားကြည့်မိပါတယ်။ ဘာကြောင့် ဒီလောက်ခဲယဉ်းနေရတာလဲ။ အဖြေက တစ်ခုပဲထွက်တယ်။ အဲ့ဒါကတော့ ကောင်းတဲ့အလုပ်တွေကို လုပ်ရမှာ ခက်နေကြလို့ပဲ။ ကောင်းတာတွေကို ခဲခဲယဉ်းယဉ်း ဖြစ်ညှစ်လုပ်နေရလို့ပဲ။ ဒါကြောင့်ပဲလို့ ထင်မိပါတယ်။ အရက်တစ်ခွက်ကို လွယ်လွယ်ကူကူသောက်နိုင်ဖို့ အများကြီး မကြိုးစားရပါဘူး။ လွယ်ပါတယ်။ နောက်တစ်ခွက် ထပ်မသောက်မိဖို့ကိုတော့ ကြိုးစားရတာ အလွန်ခက်သွား ပါပြီ။ ခက်ခက်ခဲခဲ ရယူထားရတဲ့ လူ့ဘ၀ခဏတာကို လွယ်လွယ်ကူကူ သုံးဖြုန်းမပစ်သင့်ဘူး ထင်ပါတယ်။

စီးပွားတွေရှာကြတယ်။ ကောင်းတာတွေရော။ မကောင်းတွေနဲ့ရော။ အကုန်ရှာတယ်။ သားငါးတွေ ရောင်းချစားသောက် ရတယ်။ သားသတ်တဲ့လိုင်စင်တွေယူပြီး အသက်မွေးကြတယ်။ သူများပစ္စည်းကို မရကုတ်က ခိုးတယ်။ သူ့စီးပွားကို အချောင်လိုချင်တော့ အလုပ်လုပ်တဲ့အခါ အချိန်ကိုတောင် ခိုးလုပ်တယ်။ ခိုလုပ်တယ်။ ညာစရာရှိရင် ၀န်မလေးဘူး။ နဲနဲလေးဖြစ်ဖြစ် ညာလိုက်တာပဲ။ သတိပြုမိကြဖို့ပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ အကုသိုလ်တွေနဲ့ အချိန်မကုန်ပါစေနဲ့။ ကုသိုလ်လုပ်ရင်း အချိန်ကုန်ပါစေ။

စီးပွားရေး သမားတစ်ယောက်က သူရှေ့မှာမြင်နေရတဲ့ အရာတစ်ခုကို ဘယ်လိုစီးပွား ဖြစ်အောင်လုပ်မလဲလို့တွေးတယ်။ ပန်းချီးဆရာတစ်ယောက်က ဒီမြင်ကွင်းကို စက္ကူပေါ်မှာ လှပအောင်ဘယ်လိုပုံဖော်ရမလဲ စဉ်းစာတယ်။ ကလေးတွေက တော့ ကစားကွင်းလုပ်ကြမယ်လို့ တိုင်းပင်ကြမယ်ထင်တယ်။ စာချရဟန်းတစ်ပါးကတော့ စာသင်တိုက်ကြီးထူထောင်ပြီး စာချလိုက်မယ်ဟလို့ တွေးချင်တွေးနေမိပါပဲ။ အားလုံးက သူ့အမြင်နဲ့ သူ အသုံးချဖို့ စဉ်းစားနေကြတာချည်းပါပဲ။ ဟုတ်ပါပြီ။ တို့ လူ့ဘ၀ကြီးကို ရလာပြီ။ ဘယ်လိုမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ဘယ်လိုတွေ အသုံးချကြမလဲ။ နိမ့်တဲ့သူက တော့ နိမ့်နိမ့်ပဲမြင်မယ်။ နိမ့်နိမ့်ပဲ လုပ်မယ်။ နိမ့်နိမ့်မှာပဲ သူနေရမယ်။ မြင့်တဲ့သူက မြင့်မြင့်မြင်မယ်။ မြင့်မြင့်လုပ်မယ်။ မြင့် မြင့်မှာနေရမယ်။ ကိုယ်ကရော ဘယ်လိုမြင်ပြီး ဘာတွေလုပ်မှာလဲ။

ဒီတော့ ကောင်းတာတွေကို လုပ်ရမှာ ခက်နေသ၍ ကောင်းတာတွေ ကြုံတွေရဖို့ ခက်နေဦးမယ်။ ကောင်းတာတွေကို လုပ်ရတာ လွယ်သ၍တော့ ကောင်းတာတွေ တွေ့ဖို့က လွယ်နေမှာပါပဲ။ ကောင်းတာတွေလုပ်ဖို့ မခက်ခဲစေချင်ပါဘူး။ မခက်တာပဲ ကောင်းပါတယ်။ တို့တွေ အားလုံးရဲ့ နောက်ဆုံးရည်ရွယ်ချက်ကတော့ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဆိုတာကို အမတ .. လို့လည်း ဆိုတယ်။ အမတ …. ဆိုတာ မသေခြင်းပဲ။ မသေတဲ့နေရာကို ရောက်ဖို့အတွက် မသေဖို့ လိုအပ်တယ်။ ဘယ်လိုမသေရမှာလဲဆိုတော့ ကုသိုလ်တွေ မသေရမှာပါ။

အကုသိုလ်ယူ …. အသက်ရှု ထိုသူ သေ၍နေတော့သည်။
ကုသိုလ်မယူ အသက်ရှု သူလည်း သေ၍ နေတော့သည်။
ကုသိုလ်ပဲယူ အသက်ရှု ထိုသူမသေ ရှင်တော့သည်။

အမတ မှာနေဖို့ အမတ ဖြစ်အောင်လုပ်မှ ဖြစ်ပါမယ်။ အမတ တွေနေတဲ့အရပ်မို့ အမတ လို့ခေါ်တယ်ထင်ပါတယ်။ ဒါကြောင့် မမေ့မလျော့မပေါ့ဆသော သတိတရားဖြင့် ကုသိုလ်တရား နေစဉ်တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ကောင်းမြတ်သည့်စေတနာဖြင့် ဆွေးနွေးလိုက်ရပါသည်။

အားလုံးသော သတ္တ၀ါတွေ သတိထား အသိပွားနိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP