* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

*တရားစခန်း အတွေ့အကြုံ (သို့) လျှပ်စီးပမာ လင်းလက်ခဲ့သော ရက်စွဲများ-၂*

မင်္ဂလာပါ ဓမ္မမောင်နှမတို့…


တရားစခန်း အတွေ့အကြုံ ဒုတိယပိုင်းလေးကို ဆက်လက် ဖော်ပြပါ့မယ် နော…။

ကျွန်တော်တို့ရဲ့ မနက်စာ စားသုံးမှုဟာ တိတ်ဆိတ် အေးချမ်းမှု၊ ဆင်ခြင် သုံးသပ်မှုတွေနဲ့ အတူ ပြီးဆုံးသွားခဲ့ ပါတယ်…။ အချိုပွဲ လာရောက် လှူဒါန်းမှု ကိုလည်း ဣနြေ္ဒရရ လိုအပ် သလောက်သာ သုံးဆောင်ပြီး ကျွန်တော်တို့ ကိုယ့် အမှတ်လေးနဲ့ ကိုယ် ဘုရားခန်းကို မနက်ပိုင်း တရားနာယူဖို့ ပြန်လာခဲ့ကြ ပါတယ်…။ မနက်ပိုင်း တရားနာယူမှု ကိုတော့ ၈-နာရီ သတ်မှတ်ထား ပါတယ်…။

ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ ကာလနဲ့ နောက်ဆုံး ရေစက်ချ တရားနာယူမှု အထိ ကျွန်တော်တို့ကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အင်တာနက် လိုင်း အခြေအနေပေါ် မူတည်ပြီး အွန်လိုင်းကနေ တိုက်ရိုက် သီလပေး၊ နောက် တရားရေစင် တိုက်ကျွေးခဲ့တဲ့ ဆရာတော်များ ကတော့ စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့်များ ဖြစ်ကြပါတယ်…။ ဘွဲ့တော်တို့ကို ကြည်ညိုသမှုနဲ့ ဖော်ပြရရင်

(၁) အရှင် ဣန္ဒာစရိယ (ဓမ္မာစရိယ ၊အိန္ဒိယ)
(၂) အရှင် ဒေဝိန္ဒာဘိဝံသ (သကျသီဟ ဓမ္မာစရိယ ၊သီရိလင်္ကာ)
(၃) အရှင် တေဇိန္ဒ (ဓမ္မာစရိယ ၊ အိန္ဒိယ)
တို့ဖြစ်ပါတယ်။

ဒီ ဆရာတော်တွေ ဆိုရင် ကိုယ်ပိုင် အချိန်ထဲက ဖဲ့ပြီး ကျွန်တော်တို့ တရားစခန်းဝင် ယောဂီတွေကို တရားအသိတွေ တိုးတက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေ့စဉ်ရက်ဆက် တရားဟောပြ ပေးခဲ့တာ ဖြစ်ပါတယ်…။ ကျွန်တော်တို့ အပေါ် တကယ့်ကို ကျေးဇူးများခဲ့ တာပါ…။ (ဘုန်းဘုန်းတို့ ဘုရား… ဒီနေရာကနေပဲ ဘုန်းဘုန်းတို့ရဲ့ ဂုဏ်ကို ရည်မှန်းလို့ ခြေတော်စုံကို ဦးတိုက် အကြိမ်ကြိမ် ဦးခိုက်လိုက် ပါရစေ…။)

ဆရာတော်တို့ အသီးသီး ဟောကြားခဲ့တဲ့ တရားခေါင်းစဉ် များကို ကြည်ညိုရရင်တော့…

ဆရာတော် အရှင်တေဇိန္ဒမှ

၁။ ကာလေန ဓမ္မဿဝနံတရားတော်
၂။ ဘုန်းကံကြီးသူတို့အတွက် သာသနာ တရားနဲ့
၃။ သြဂုတ်လ ၂-ရက်နေ့မှာ ကျွန်တော်တို့ပြုခဲ့မျှ ကုသိုလ် အစုစုနဲ့ လှူဒါန်းခဲ့မှုတွေအတွက် ရေစက်ချတရားတို့ကို ဟောကြားပေးခဲ့ပါတယ်…။

နောက် ဆရာတော် အရှင် ဣန္ဒာစရိယ ဟောကြားခဲ့တဲ့ တရားတော်တွေကတော့

၁။ သဒ္ဓါတန်ဖိုး တရားတော်
၂။ အမြင်မှန်ခြင်း တရားတော် နဲ့
၃။ ကောင်းသောည တရားတော်တို့ ဖြစ်ပါတယ်…။ ဆရာတော်ဟာ ဒီတရား သုံးပုဒ်ကို စိတ်ရှည်လက်ရှည်နဲ့ တစ်ပုဒ်ချင်းကို နှစ်ရက်စီခွဲပြီး ဟောကြားသွားခဲ့ပါတယ်…။

နောက်ဆုံး ဆရာတော် အရှင် ဒေ၀ိန္ဒာဘိဝံသ ဟောကြားခဲ့တဲ့ တရားတော်တွေကတော့

၁။ ဘာဝနာဆိုတာ ဘာလဲ တရားတော်
၂။ စကားလေးခွန်း တရားတော်
၃။ ဘ၀နေနည်း ငါးပါး တရားတော်
၎။ အကောင်းဆုံးတရား လေးပါး တရားတော်
၅။ လမ်းမှန်ညွှန်ပြ မြတ်ဗုဒ္ဓ တရားတော်နဲ့
၆။ ရှေးသူတော်ကောင်းတို့၏ ဆုတောင်း တရားတော်တို့ ဖြစ်ပါတယ်…။

ဆရာတော် အရှင်တေဇိန္ဒ အနေနဲ့ကတော့ ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ အတွင်း ကွန်ပျူတာ ချွတ်ယွင်းသွားတဲ့ အတွက်ကြောင့် တရားတော် သုံးပုဒ်သာ ဟောကြားနိုင်ခဲ့ တာပါ…။

ကျွန်တော်လေ တကယ်ပါ.. ဆရာတော်တွေကို တကယ့်ကို ကျေးဇူး တင်မိပါတယ်…။ ကျွန်တော်တို့လို ဒကာ၊ ဒကာမတွေ အပေါ် ထားတဲ့ စေတနာကိုလည်း လေးစားလို့ မဆုံးပါဘူး…။ ဒီ ၇-ရက်တာ ကာလမှာဆိုရင် ကျွန်တော့် အနေနဲ့ ဆရာတော်တွေ ဟောကြားခဲ့တဲ့ တရားတော်တွေ ကနေ အသိဉာဏ်တွေ၊ လိုက်နာ စရာတွေ၊ ကျင့်သုံး စရာတွေ အများကြီး ရရှိခဲ့ပါတယ်…။

အဲဒီလို တရားနာယူမှု ပြီးတော့ ခဏ တဖြုတ်နား… စင်္ကြံလျှောက် ချိန်ပေါ့…။ အဲဒီလို အချိန်မှာလည်း ကျွန်တော်တို့ ယောဂီတွေ ကြိုးစားပြီး လိုက်နာ ကြပါတယ်…။ အစ်ကိုတွေကော၊ ညီငယ်တွေကော အားရစရာပါ။ ၄၉ က ညီလေးတွေ ဆိုလည်း အခုမှ စလုပ်ဖူးပေမယ့် တကယ့်ကို စိတ်ပါလက်ပါ လိုက်လုပ်ကြ တာပါ…။ ချီးကျူးစရာ ပါပဲ..။ တစ်ခါတစ်လေတော့ လူငယ်သဘာဝ စကားပြောတာ လေးတွေ ရှိပေမယ့် (ကျွန်တော်လည်း လူငယ်ဆိုတော့ ပြောတာပေါ့နော) သူတို့ရဲ့ ကြိုးစားမှု လေးတွေ ကြည့်ပြီး ကျွန်တော် တကယ့်ကို ၀မ်းသာ ပီတိ ဖြစ်ခဲ့ရပါတယ်…။

အဲသလို စင်္ကြံလျှောက်ချိန် အပြီးမှာတော့ တရားထိုင်ချိန်ပါ။ တရား ထိုင်ချိန်ကို ပထမတော့ ၉ နာရီက စပြီး အနည်းဆုံး တစ်နာရီထိုင်ဖို့ (ပိုထိုင်နိုင်တဲ့သူလည်း ထိုင်ပေါ့) လိုသတ်မှတ် ထားကြပါတယ်…။ ဒါပေမယ့်လည်း တစ်ခါတစ်လေ ၈-နာရီ စဟောတဲ့ တရားက ၉-နာရီမှာ မပြီးဘဲ ဆက်သွားခဲ့ ရင်တော့ အဲဒီတရားပြီးမှ စင်္ကြံလျှောက်ချိန်နဲ့ တရားထိုင်ချိန်ကို ပြုလုပ်ကြပါတယ်…။

အစပိုင်း နှစ်ရက်မှာ ကျွန်တော်တို့ ဆရာတော် ဦးဃောသိတ ရဲ့ အလုပ်ပေး တရားကို ဖွင့်ပြီး တရားထိုင်ကြ ပါတယ်…။ နောက်ပိုင်း ရက်တွေမှာတော့ ညီလေး တစ်ယောက်က တရားထိန်း သဘောမျိုး လုပ်ပေးပါတယ်…။ အဓိကကတော့ တရားထိုင် နေတုန်း အိပ်ငိုက်တော့မယ့် အသွင် သဏ္ဍာန်လေးတွေ တွေ့ရင် သတိပေးတဲ့ သဘောနဲ့ တရားထိုင်သူ တွေရဲ့ နောက်နားကနေ အထိန်း သဘော လုပ်ပေးတာပါ…။

ဒီလို တရားထိုင်တဲ့ နေရာမှာ တရားမထိုင်ဖူး သူတွေ၊ ဒါမှမဟုတ် တစ်နာရီလောက် မထိုင်ဖူးသူတွေ စတင် ကြုံတွေ့ရတာက ခြေထောက်တွေ နာကျင် ကိုက်ခဲတဲ့ ဝေဒနာပါ..။ ဒါ တော်တော် များများမှာ တွေ့ရတာပါ..။ တစ်ချို့ ညီငယ်လေးတွေဆို အခုမှ စထိုင်ကာစ ဆိုတော့ တစ်နာရီ ထိုင်ဖို့ ဆိုတာ သူတို့အတွက် အခက်အခဲ ဖြစ်တာပေါ့..။ ဝေဒနာက နှိပ်စက်တာကိုး..။ အဲဒီတော့ တစ်နာရီ မပြည့်ခင် ဖြုတ်သွားကြသူ တွေလည်း ရှိပါတယ်..။ ဒီနေရာမှာ ကျွန်တော်က တရားထိုင်တာကို နာရီနဲ့ သတ်မှတ်နေလို့ နာရီများများ ထိုင်နိုင်ရင် တရား ရပြီလားလို့ မေးစရာ ရှိပါတယ်…။ ဒီလိုတော့ မဟုတ်ပါဘူး.. အဓိကကတော့ တရားထိုင်တယ် ဆိုတာ နာရီ သတ်မှတ်ချက်နဲ့တော့ မဆိုင်ပါဘူး…။ တရားသာ ကြာကြာ ထိုင်နေပြီး ကိုယ့်သန္တာန်က ဝေဒနာနဲ့ နှစ်ပါးသွားနေမယ်.. စိတ်ပျံ့လွင့်နေမယ်၊ ကိလေသာနဲ့ နပန်းလုံးနေမယ်၊ တွေးချင်တာ တွေးနေမယ် ဆိုရင်တော့ မကောင်းဘူးပေါ့..။

ဒါပေမယ့်လည်း တရား မထိုင်ဘူးသူနဲ့ ထိုင်ဘူးတဲ့ သူကတော့ ကွာသွားပါတယ်…။ နည်းနည်း ထိုင်ဖူးတဲ့သူက မိမိ စိတ်အကြောင်းကို နည်းနည်း သိလာသလို၊ များများ ထိုင်ဖူးတဲ့ သူကလည်း များများ သိလာပါတယ်…။ စိတ်ဆိုတဲ့ အမျိုးကလည်း တကယ့်ကို ထိန်းရခက်တဲ့ အမျိုးပါ..။ အဲဒါကို တရား ထိုင်ကြည့်တဲ့ အချိန်၊ တရား ရှုကြည်တဲ့ အချိန်ကျမှ တဖြေးဖြေး သိလာတာပါ…။ တစ်ခါတစ်လေ စစထိုင်တုန်း ရှိသေး အတွေးတွေက ဘယ်ရောက်လို့ ရောက်သွားမှန်း မသိ…၊ တစ်ခါတစ်လေများ ကျတော့လည်း အတွေးလှိုင်းထဲမှာ ငြိမ့်လို့… စီးမျော နေလိုက်တာ..၊ ဟော တစ်ခါတစ်လေ စိတ်ထဲကနေ တစ်နာရီ ကလည်း မပြည့်သေး ပါလား၊ ခုလောက်ဆို နာရီဝက်တော့ ကျော်လောက်ပြီ၊ အခုဆိုရင်တော့ ၄၅-မိနစ်လောက် ရှိပြီ စသဖြင့်လည်း တရားထဲ အာရုံ မရောက်ဘဲ နာရီကို တွက်ချင်ရင် တွက်နေတတ် ပါသေးတယ်..။

အစုံပါပဲ… တစ်ခါတစ်လေများ ကျတော့လည်း အတိတ်က ကျက်စားခဲ့တဲ့ ပုံရိပ်တွေက တန်းစီပြီးတော့ကို ပေါ်လာတာ.. ကောင်းတာ တွေကော၊ မကောင်းတာ တွေကော..၊ အတိတ်ကို တွေးရုံ မကသေး.. ငါ အခု တရား ထိုင်ပြီးရင်တော့ နေ့လည်စာ စားမယ်.. ပြီးရင် တရား နာရဦးမယ်.. ညနေကျ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် စသဖြင့်လည်း အနာဂတ်ကို ပုံဖော်နေတတ် ပါသေးတယ်..။ ဒီလို စိတ်အခြေ အနေတွေကို တရား အားထုတ်ဖူးတဲ့ သူတိုင်း သိကြမှာပါ…။ စိတ်ရဲ့ သဘောတွေ၊ စိတ်ရဲ့ မကောင်းတဲ့ အပိုင်းမှာ မွေ့ပျော်ပုံတွေ အစုံကို သိလာရတာပါ..။ တစ်ခါတစ်လေ တော့လည်း ကိုယ့်စိတ်ထဲက သိလိုက်တာ လေးကို စကားနဲ့ပြောဖို့ စကားလုံး ရှာမရတဲ့ အဖြစ်မျိုးလည်း ကြုံတွေ့တတ် ပါသေးတယ်..။ ဘာပဲပြောပြော ဒီတရားစခန်း ၀င်ခဲ့မှုကတော့ ကျွန်တော့အတွက် အများကြီးကို ကျေးဇူး များခဲ့ပါတယ်..။

အဲသလို ကျွန်တော်တို့ တရားထိုင် အပြီးမှာတော့ နေ့လည်စာ စားကြပါတယ်..။ နေ့လည်စာ သုံးဆောင်ကြ တော့လည်း မနက်ပိုင်းကလိုပါပဲ..။ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေကို မေတ္တာပို့၊ အမျှဝေ၊ နောက် ဆွမ်းဆင်ခြင်ပြီး သုံးဆောင်ကြ ပါတယ်…။ အငယ်က အကြီးကို ဦးချ၊ အမှတ် ကလေးတွေလည်း ကိုယ်စီထားလို့ တကယ့်ကို မေတ္တာဓါတ်၊ သစ္စာဓါတ်တွေ လွှမ်းခြုံခဲ့တဲ့ အချိန်လေးတွေပါ…။

နေ့လည်စာ သုံးဆောင်အပြီး မှာတော့ ကျွန်တော်တို့ ဆရာတော် ဦးဃောသိတ ရဲ့ ကြိုးခွေ တရားကို နာကြားကြပါတယ်…။ ဒီတရားဟာ ဆိုလို့ရှိရင် ဆရာတော်ကြီးက ၇-ရက် တရားစခန်း တစ်ခုမှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဟောကြားခဲ့တဲ့ တရားတွေပါ…။ အဓိကကတော့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းထားတာပါ…။ ဒီ ၇-ရက်တာအတွင်း ကျွန်တော် အဲဒီတရားတွေ နာခွင့် ရလိုက်တာ နဂို သိထားတာလေး တွေကို အစပြန်ဖော် မှတ်မိစေ သလို၊ မသိသေးတာ တွေလည်း အများကြီး သိခွင့် ရခဲ့ပါတယ်…။

တရားနာယူ အပြီးမှာတော့ နေ့လည် ၁-နာရီနား ကပ်သွားပါပြီ…။ ဒီ နေ့လည် တစ်နာရီကနေ လေးနာရီ အထိကိုတော့ ယောဂီတွေကို နားချိန်အဖြစ် သတ်မှတ်ပေးထား ပါတယ်..။ တရားရှုချင်တဲ့ သူလည်းရှု၊ နားချင်တဲ့ သူလည်းနား..။ တစ်ချို့ကျ တော့လည်း တရား စာအုပ်တွေဖတ် စသဖြင့် ကိုယ်နှစ်သက်ရာ လုပ်ပေါ့..။

ညနေ လေးနာရီကနေ ငါးနာရီ ခွဲအထိကိုတော့ ယောဂီများ ဖျော်ရည် အအေးသောက်ရင်း တရားဆွေးနွေးချိန် အဖြစ်ကျွန်တော်တို့ သတ်မှတ်ထား ပါတယ်…။ ဒီလို ဖျော်ရည် အအေးတွေ ကိုလည်း ဒီတရားစခန်းကို ဦးဆောင်လုပ်တဲ့ ညီလေးတွေ ကပဲ တာဝန်ယူ လှူဒါန်းတာပါ..။ ဒီကြားထဲ မှာလည်း ယောဂီတွေ ထဲက လှူဒါန်းသူ တွေလည်း ရှိပါတယ်…။ တရား ဆွေးနွေးကြတာ ကလည်း မသိတဲ့သူ မေးတာကို သိတဲ့သူက ဖြေပေး၊ တရားထိုင်စဉ် ကြုံတွေ့ရတာ လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် နှီးနှော ဆွေးနွေးကြ၊ နောက် ကိုယ်သိထားတဲ့ ဘာသာရေး ဗဟုသုတတွေကို မျှဝေ ပြောပြပေး အဲဒီလိုလေး တွေပါ…။

အဲသလို တရားဆွေးနွေး အပြီး ညနေ ငါးနာရီခွဲ ကနေ ခြောက်နာရီခွဲ ကိုတော့ တရားနာချိန် အဖြစ် သတ်မှတ်ထား ပါတယ်…။ ဆရာတော် ဦးဃောသိတရဲ့ တရားတော် တွေကို နာကြားကြ တာပါ…။ စိတ်ဝင်တစား နာကြားသူတွေ ရှိသလို… စိတ်ဝင်စားလွန်း အားကြီးလို့ ဈာဉ်ဝင်ပြီး ငိုက်သွားသူ တွေလည်း ရှိကြတာပေါ့…။ ငိုက်သူတွေ အများစု ကတော့ အငယ်တွေလေ… ကြီးတဲ့သူ တွေလည်း မငိုက်ဘူးလား ဆိုတော့ မဟုတ်ပါဘူး… တစ်ချက်တစ်ချက် ငိုက်ကြတာ ပါပဲ…။ ဒါပေမယ့်လည်း အကြီးဆိုတော့ သိတဲ့ အတိုင်း ဟန်ဆောင် ဣနြေ္ဒတွေ ထိန်းနေရ တာပေါ့…။

ဆရာတော် ဦးဃောသိတရဲ့ တရားတော်ကို နာကြား အပြီး ညနေ ခြောက်ခွဲကနေ ခုနစ်နာရီက စင်္ကြံလျှောက်ချိန်ပါ…။ ဒီလို စင်္ကြံလျှောက်ကြ ရာမှာလည်း ကျွန်တော်တို့ ယောဂီတွေ ကိုယ်သိထားတာ လေးတွေနဲ့ တတ်စွမ်းသလောက် ကြိုးစားကြပါတယ်…။ ကျွန်တော်လည်း ရသလောက်တော့ ကြိုးစားပြီး လုပ်ပါတယ်..။ အဲသလို လုပ်ရင်းကမှ လျှောက်ရတာ နည်းနည်း ငြီးငွေ့လာရင် မေတ္တာပို့ရင်ပို့ ဒါမှမဟုတ် ဘုရား ဂုဏ်တော်ကို ရွတ်နေလိုက် ပါတယ်…။ ကျွန်တော်တို့ ယောဂီတွေ အတွက် လှူဒါန်းကြသူ တွေနဲ့ အချက်အပြုတ် ဝေယျာဝစ္စ လုပ်ပေးသူ တွေကို အကျိုးများစေချင် လို့ပါ…။

ဒီလို ၇-ရက်တာ အတွင်းမှာ ကျွန်တော် မနက် အရုဏ်ဆွမ်း စားချိန်နဲ့ နေ့လည်စာ စားချိန်တွေဆို တကယ့်ကို အားနာပါတယ်…။ ဝေယျာဝစ္စ လုပ်ပေးတဲ့ ညီငယ်တွေကို…။ ညီငယ်တွေက ယောဂီတွေ အပေါ် တလေးတစား လုပ်လေ ကျွန်တော့်မှာ အားနာလေပါပဲ…။ ဒီ အားနာစိတ်နဲ့ အတူ ငါ့မှာကော သူတို့ လေးစားလောက်တဲ့ အရည်အသွေးတွေ တကယ်ကော ရှိရဲ့လားလို့ ပြန်ပြန် မေးမိပါတယ်..။ အခု စာရိုက်နေတဲ့ အချိန်မှာတောင် ပြန်တွေးပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိနေ သေးတယ်ဗျာ.. တကယ်ပါ..။ ဒီလို ပြန်ပြန် တွေးမိနေတော့ ကိုယ့်ရဲ့ သန္တာန်မှာ မကောင်းတဲ့ အတွေးတွေ၊ အကြံအစည်တွေ အားနည်းသွား တာပေါ့…။ ဒါကလည်း ကျွန်တော် လက်တွေ့ တွေ့ကြုံ ခံစားခဲ့ရတာပါ။

ညပိုင်း ၇-နာရီကလည်း တရားနာချိန် ပါပဲ…။ အလှည့်ကျ တရားဟောကြား ပြသပေးတဲ့ ဆရာတော်များ ကတော့ ကျွန်တော် အထက်မှာ ဖော်ပြပေးခဲ့ပြီး ဖြစ်တဲ့ ဆရာတော် အရှင် ဣန္ဒာစရိယ (ဓမ္မာစရိယ ၊အိန္ဒိယ)၊ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသ (သကျသီဟ ဓမ္မာစရိယ ၊သီရိလင်္ကာ) နဲ့ ဆရာတော် အရှင် တေဇိန္ဒ (ဓမ္မာစရိယ ၊ အိန္ဒိယ) တို့ပါ…။

ဒီလို တရားနာယူမှု အပြီးမှာ ကျွန်တော်တို့ တရားထိုင်၊ တရားရှုမှတ် ကြပါတယ်…။ သတ်မှတ်ထားတာ ကတော့ ည ၈-နာရီကနေ ၉-နာရီ အထိပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဆရာတော်တွေ ဟောကြားတဲ့ တရား ပြီးချိန်ပေါ် မူတည်ပြီး တရား ထိုင်ချိန်ကို နောက်ဆုတ်လို့ တစ်နာရီ တိတိ တရားထိုင်ကြ ပါတယ်…။ တစ်နာရီ ပြည့်မပြည့် ကိုတော့ ဖုန်းနဲ့ပဲ alarm ပေးထားလိုက် ပါတယ်…။

တရားထိုင် အပြီးမှာတော့ ကျွန်တော်တို့ ကိုယ်လက် သန့်စင်ဖို့ နာရီဝက် သတ်မှတ်ထား ပါတယ်…။ ကျွန်တော်တော့ အဲဒီ အချိန်မှာ အခန်းပြန် ရေမချိုးတော့ ပါဘူး…။ ဘာလို့လဲ ဆိုတော့ နေ့လည် နားချိန်ထဲက ရေချိုးထားလိုက် ပါတယ်...။ အဲဒီတော့ အပြင်ဘက် ၀ရန်တာကို ထွက်လို့ ဘုရား ဂုဏ်တော်ပွား၊ မေတ္တာပို့ ဒါလေးတွေကိုပဲ လုပ်ဖြစ်ခဲ့ ပါတယ်…။ ဘုရား ဂုဏ်တော်ကို ပါဠိနဲ့ အနက် တွဲပြီး ပွားပါတယ်…။ မေတ္တာပို့ အနေနဲ့တော့ မေတ္တသုတ်ကို ပထမ ပါဠိလို ရွတ်ပါတယ်…။ နောက် အနက်ကို ဆက်ရွတ်ပါတယ်…။ ဒီလို ပွားများ ရွတ်ဆို ချိန်မှာ ဘုရားပုံတော်ကို အတွေးထဲမှာ အရင် ပုံဖော်ပါတယ်…။ နောက် ရွတ်ဆိုမှု အပိုင်းကို လုပ်ပါတယ်…။ ဒီလို ရွတ်ဆို ပွားများရာ မှာလည်း ဂုဏ်တော်ဆိုလည်း ဂုဏ်တော် အလျောက်၊ မေတ္တသုတ် ရွတ်ရင်လည်း မေတ္တသုတ် အလျောက် အတွေး အာရုံထဲမှာ စကားလုံးတွေကို မြင်အောင် ပုံဖော်ပြီး ရွတ်ပါတယ်…။ အမြဲတမ်းတော့ မမြင်ပါဘူး စကားလုံးတွေကို…။ ဘာလို့လည်း ဆိုတော့ အတွေး အာရုံက တခြား ရောက်ရောက် သွားတာကိုး…။ ဒါကလည်း ကျွန်တော် လေ့ကျင့်အား နည်းသေးလို့ပါ..။ လေ့ကျင့်ဖန် များရင်တော့ ရသွားမယ် ထင်ပါတယ်…။ ဒါက ကျွန်တော် လုပ်တဲ့ အပိုင်းလေးကို ပြောပြတာပါ..။

ည ကိုးနာရီ ခွဲမှာတော့ ကျွန်တော်တို့ ယောဂီတွေ ဘုရားဝတ်ပြုကြ ပါတယ်…။ ဘုရား ၀တ်ပြုအပြီး မှာတော့ ဝေယျာဝစ္စ အဖွဲ့ကနေ အအေး လာကပ်ပါတယ်…။ အဲ လာကပ်တာထက် စာရင် လာလှူတယ်လို့ပဲ သုံးတာ ပိုကောင်းမယ် ထင်ပါတယ်…။ ဖျော်ရည် အအေး လာလှူတယ်ပေါ့…။ ဒီ ဝေယျာဝစ္စ အဖွဲ့က မနက်ပိုင်း မှာလည်း ရံဖန်ရံခါ ဖရဲသီး လာလှူပါ သေးတယ်…။ တကယ့်ကို အကွက်စေ့စေ့ လိုလေးသေး မရှိအောင်…၊ ကျွန်တော်တို့ ယောဂီတွေ တရား အားထုတ်စဉ်မှာ စိတ် အနှောင့်အယှက် မဖြစ်ရအောင် စနစ်တကျ စီစဉ်ထား တာပါ…။ စီစဉ်ကြသူကော ဦးဆောင်တဲ့ သူတွေကော တကယ့်ကို တော်ပါပေတယ်..။

ဘုရားဝတ်ပြု အပြီးမှာတော့ ဆရာတော်ကြီး ဦးဃောသိတရဲ့ ကြိုးခွေတရားကို နာလို့ ကျွန်တော်တို့ရဲ့ တရားစခန်း တစ်ရက်တာဟာ ည ဆယ့်တစ်ခွဲ လောက်မှာ အဆုံးသတ် ပါတယ်…။ ဒီ့နောက်ပိုင်းတော့ ယောဂီတွေ အိပ်စက် အနားယူချိန်ပေါ့…။ ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ ကာလဟာ ဒီနည်းအတိုင်း လည်ပတ်ခဲ့ပါတယ်…။ တရားစခန်း လုပ်ငန်းစဉ် အချိန်ဇယားကို စာရှုသူတို့ ရှင်းရှင်းလင်းလင်း သိအောင် ပြန်လည် ဖော်ပြရရင်..

ဝိပဿနာအလုပ်ပေး (၇) ရက် တရားစခန်း ပွဲကြီးတွင် တရားစခန်း ဝင်သော ယောဂီ သူတော်စင်များ နေ့စဉ်ကျင့်ကြံ အားထုတ်ရမည့် အလုပ်စဉ်များ

(၁) နံနက် ၆း၃၀ နာရီ အိပ်ယာထ ကိုယ်လက်သန့်စင်ရန်

(၂) နံနက် ၇း၀၀ နာရီ ဘုရားဝတ်ပြုရန်

(၃) နံနက် ၇း၃၀ နာရီ အာရုဏ်ဆွမ်းစားရန်

(၄) နံနက် ၈း၀၀ နာရီ ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့် ဓမ္မာစရိယ အရှင်သူမြတ် တို့၏ တရားနာရန်

(၅) နံနက် ၉း၀၀ နာရီ အလုပ်ပေး တရားနှင့် ထိုင်တရား ထိုင်ရန် (ကြာချိန်။ ။ ၁ နာရီ မှ ၁း၃၀ နာရီအထိ)

(၆) နေ့လည် ၁၁း၀၀ နာရီ နေ့ဆွမ်းစားရန်

(၇) နေ့လည် ၁၁း၃၀ နာရီ ကြိုးခွေ တရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး၊ အရှင် ဃောသိတ)

(၈) ညနေ ၄း၀၀ နာရီ ယောဂီ အချင်းချင်း တရား ဆွေးနွေးရန် (ဖျော်ရည် သောက်ချိန်)

(၉) ညနေ ၅း၃၀ နာရီ ကြိုးခွေ တရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး ၊ အရှင် ဃောသိတ)

(၁၀) ညနေ ၆း၃၀ နာရီ စင်္ကြံန်လျှောက် ၊တရားမှတ် (နှစ်သက်သလို)

(၁၁) ည ၇း၀၀ နာရီ ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့် ဓမ္မာစရိယ အရှင်သူမြတ် တို့၏ တရားနာရန်

(၁၂) ည ၈း၀၀ နာရီ အလုပ်ပေး တရားနှင့် ထိုင်တရား ထိုင်ရန် (ကြာချိန်။ ။ ၁ နာရီ မှ ၁း၃၀ နာရီအထိ)

(၁၃) ည ၉း၀၀ နာရီ ကိုယ်လက်သန့်စင်ရန်

(၁၄) ည ၉း၃၀ နာရီ ဘုရားဝတ်ပြုရန်

(၁၅) ည ၁၀း၀၀ နာရီ ကြိုးခွေတရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး ၊ အရှင် ဃောသိတ)

(၁၆) ယောဂီများ ည အိပ်စက် အနားယူရန်။

ဒီ အချိန် ဇယားထဲမှာ မပါဘဲ ထူးထူးခြားခြား လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်လေး ကတော့ ဒေသနာ ကြားတဲ့ အစီအစဉ် လေးပါ...။ မိမိတို့ရဲ့ အပြစ်တွေကို ထုတ်ဖော် ၀န်ခံပြီး တောင်းပန်တဲ့ အစီအစဉ်ပါ...။ ဒီ အစီအစဉ် ကိုတော့ တရားစခန်း လေးရက်မြောက် နေ့နဲ့ ၇-ရက်မြောက် နောက်ဆုံးနေ့ တွေမှာ ပြုလုပ်ခဲ့ ပါတယ်...။ ကျွန်တော့် အတွက်တော့ ဒီအစီအစဉ် လေးဟာ တန်ဖိုး ဖြတ်မရတဲ့ အစီအစဉ် လေးပါ...။ မိမိတို့ရဲ့ အသက်၊ ဂုဏ်၊ ရာထူး တွေကို ဘေးချိတ်ပြီး လူတကာ လုပ်နိုင်ခဲတဲ့ မာနကို ခ၀ါချလို့ တောင်းပန်ကြ တာပါ...။ ဒီနေရာ မှာလည်း ပုံမှန်ကြည့်ရင် အငယ်က အကြီးတွေကို တောင်းပန်တယ် ဆိုတာ မခက်ခဲပါဘူး...။ ဒါပေမယ့်လည်း အကြီးက အငယ်ကို၊ နောက် ရွယ်တူချင်း စိတ်ပါလက်ပါ တောင်းပန်ဖို့ ဆိုတာက တကယ့်ကို မလွယ်တဲ့ အလုပ်ပါ...။ နောက်ပြီး ကိုယ်က အကြီး နေရာက နေပြီး အငယ်ကို ပြစ်မှားခဲ့မိ ရင်လည်း ဒီအပြစ်ကို ထုတ်ဖော် ပြောပြပြီး ၀န်ချ တောင်းပန်ကြတာ ဆိုတော့... စဉ်းစားကြည့်ရင် တကယ် မလွယ်ပါဘူး...

ဒီ ၇-ရက်တာ အတွင်းမှာ ကျွန်တော် အငယ်တွေ ကိုကော အကြီးတွေ ကိုကော စိတ်ထဲကနေ ပြစ်မှားခဲ့ ပါတယ်... ဒါတွေကို ကျွန်တော် ပါးစပ်ကနေ ထုတ်ဖော် ဖွင့်ဟလို့ တောင်းပန်နိုင်ခဲ့ ပါတယ်... ပြောရရင်တော့ ကျွန်တော့်မှာ တွယ်ညိ ကပ်ပါနေတဲ့ မာနကို တွန်းလှန် အောင်မြင်ခဲ့တဲ့ မေ့မရနိုင်တဲ့ ရက်စွဲလေး ပါပဲ...။ ဆိုလိုတာက အတွင်းရန် မာနကို ခဏတဖြုတ်တော့ အောင်နိုင်ခဲ့ တယ်ပေါ့...။ နောက်များလည်း အောင်နိုင်အောင် ကျွန်တော် ကြိုးစားရ ဦးမှာပါ...။ ဒီ အစီအစဉ် လေးကို ထည့်သွင်း ပေးခဲ့တဲ့ ဦးစီးဦးဆောင် ညီငယ်ကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာက နေပဲ ထပ်လောင်း ပြောကြား ပါရစေ...။

စာရှုသူ ဓမ္မမောင်နှမတို့ရေ... ဒီ တရား စခန်း ၇-ရက်တာဟာ ကျွန်တော်တို့ ဘ၀ သံသရာနဲ့ နှိုင်းယှဉ်လိုက် ရင်တော့ အမိုက် အ၀ိဇ္ဇာ မိုးမှောင်ကြားက ဖျတ်ခနဲ လင်းလက်သွားတဲ့ လျှပ်စီးပမာလောက်တောင် မရှိပါဘူး...။ သို့ပေမယ့်လည်း ဒီ လျှပ်စီး တစ်လက် အတွင်းမှာပဲ ကျွန်တော်တို့ အမှန် လမ်းကြောင်း တစ်ခုကို မထင်မှတ်ပဲ တွေ့ရှိလိုက်ပါတယ်...။ ဒီ လမ်းကြောင်းသည် ပင်လျှင် သံသရာမှ လွတ်မြောက်ရာကို ဦးတည်နေမယ် ဆိုရင်တော့...

ထမင်းစားခန်းသို့ အသွား



ဓါတ်ပုံ ဗွီဒီယို မှတ်တမ်းတင် ညီငယ်

ဝေယျာဝစ္စအဖွဲ့က ဒီလို ပြင်ဆင်ကြတယ်



ဆရာတော် အရှင်ဣန္ဒာစရိယ၏ အွန်လိုင်းတရားအား တိုက်ရိုက်နာယူကြစဉ်


နေ့လည်စာ သုံးဆောင်မှု

အအေးသောက်ရင်း တရားဆွေးနွေးခဲ့ကြသည်

သံပုရာရည် သောက်ဦးမလား

သူကတော့ တရားနာချိန်ကော တရားထိုင်ချိန်ကော ဘုရားခန်းထဲ လာအိပ်နေတာပါပဲ


တရားအားထုတ်မှု မှတ်တမ်း



++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

8/11/2009, TUE:, 2:14:14 PM


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP