* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 12, 2009

တည်ငြိမ်မှ အေးချမ်မှာ...

ကြိုဆိုခြင်း ဆိုတဲ့ စကားနဲ့ နှုတ်ဆက်ခြင်း ဆိုတဲ့ စကားနှစ်လုံးဟာ ဆန့်ကျင်ဘက် သဘောကို ဆောင်နေတာ တွေ့ရပါတယ်။ အရာရာတိုင်း နီးပါးမှာ ကြိုဆိုခြင်း ရှိသလို နှုတ်ဆက်ခြင်းကလည်း ကပ်လျက်သား တွဲပါနေတတ်ပါတယ်။
ဥပမာ - မြို့တစ်မြို့ကို ၀င်တော့မယ် ဆိုရင် မြို့အ၀င်မှာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကို ရေးထားတတ်တာကို တွေ့ရပါလိမ့်မယ်။ အဲဒီ ဆိုင်းဘုတ်ရဲ့ ကျောဘက်မှာလည်း နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ စာတန်းလေးကိုပါ တွေ့ရပါလိမ့်ဦးမယ်။ ပြီးတော့လည်း သတင်းစာတွေမှာ တစ်ဘက်က မွေးနေ့ ဆုမွန်ကောင်းတွေ၊ မင်္ဂလာဆောင် သတင်းတွေ နဲ့ အတူ တစ်ဘက်မှာလည်း နာရေးသတင်းတွေနဲ့ ကွာရှင်းပြတ်ဆဲကြတဲ့ သတင်းတွေဟာ တွဲလျက် ဖြစ်နေကြပါတယ်။
သားဖွားဆောင် ဆေးရုံတွေကို ရောက်ဖူးတုန်းက မွေးကင်းစ ကလေးငယ်လေးတွေကို ကြည့်ပြီးတော့ ကျွန်ုပ် အတွေးတွေ ၀င်လာတယ်။ မီးဖွားသည်က မီးဖွားနေတဲ့ အချိန်မှာ အပြင်က စောင့်နေကြတဲ့ ဆွေမျိုးတွေဟာ ရင်တမ မ နဲ့ပါပဲ။ မိခင်ရော ကလေးပါ အသက် လုနေရတဲ့ အချိန်ကိုး။ ကလေးရဲ့ အူဝဲ ဆိုတဲ့ အသံကို ကြားလိုက်ရမှပဲ အားလုံး ၀မ်းသာနိုင်ကြတယ်။
မွေးမိခင် အပါအ၀င် ဆွေမျိုးသားချင်းတွေ အားလုံးက ပျော်ရွင်စွာနဲ့ မွေးဖွားလာတဲ့ ကလေးငယ်ကို ကြိုဆိုကြတယ်။ လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေ၊ ရထားဘူတာတွေ စသည်ဖြင့်ပေါ့ အဲဒီ နေရာတွေမှာလည်း မိမိတို့ ကြိုဆိုနေကြတဲ့ လူပုဂ္ဂိုလ်၊ ဧည့်သည်တွေကို တွေ့တဲ့အခါ၊ ရောက်လာတဲ့ အခါကျရင် ၀မ်းပန်း တသာနဲ့ ကြိုဆိုကြတာပဲ။ အားလုံးဟာ အပြုံးကိုယ်စီနဲ့ပေါ့။
လူ့လောကထဲကို မွေးဖွားရောက်ရှိလာခဲ့တဲ့ ကလေးငယ်ဟာ အသက် ကြီးပြင်းလာပြီး အချိန်တန်တော့ သဘာဝတရား အတိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေကြရမှာပဲလေ။ အဲဒီ အခါကျရင် မွေးဖွားစဉ်က ပြုံးပျော် နေခဲ့ကြတဲ့ ဖြစ်စဉ်တွေဟာ ပြောင်းပြန် ပြောင်းလဲ ကုန်ကြပြီပဲ။
လာတုန်းကတော့ လူတွေဟာ အပြုံးနဲ့ ကြိုဆိုခဲ့ကြပေမယ့် နှုတ်ဆက်ထွက်ခွာ သွားတဲ့ အခါမှာ လွမ်းဆွတ် ပူဆွေးမှုတွေ၊ သောက ပရိဒေ၀ မီးတွေနဲ့ အသုဘ အဖြစ် သုဿန် သင်္ချိုင်းကို လိုက်ပို့နေကြပြီလေ။ လေဆိပ်၊ သင်္ဘောဆိပ်တွေ မှာလည်း မိမိ ချစ်ခင် နှစ်သက်ရသော သူများကို လိုက်လံပို့ဆောင် နှုတ်ဆက်စဉ်မှာလည်း တစ်ယောက်ကို တစ်ယောက် မခွဲချင်ဘဲ ခွဲရကာ ၀မ်းသာ ပျော်ရွင်မှုတွေ အစား ငိုကြွေးဝမ်းနည်းမှုတွေနဲ့ ရင်ထဲမှာ ခံစားနေကြရတယ်လေ။ အေးချမ်းမှု မရှိနိုင်ကြဘူးပေါ့။
ပျော်ရွင်ခြင်းနဲ့ ငိုကြွေးခြင်း ဆိုတာ တစ်ဖက်စွန်းကို ထွက်နေတယ်လေ။ ပျော်ရွင်ခြင်းဟာ ထပ်ပြီးတာ့ အစွန်းရောက်သွားရင် ၀မ်းသာမြူးတူးခြင်း ဆိုတာကို ဖြစ်သွားလိမ့်မယ်။ ဒီထက် ပိုပြီးတာ့ ဖြစ်သွားမယ် ဆိုရင် ပျော်ရွင်ခြင်းဟာ အသက်အန္တရာယ် ကိုတောင် ဒုက္ခ ပေးပါလိမ့်မယ်။ အပျော်လွန်ပြီးတော့ အသက်သေသွားတဲ့ လူတွေလည်း တော်တော်များများ ကြားဖူးပါတယ်။
မိမိ မထင်မှတ်ခဲ့တဲ့ သိန်းထောင်ပေါင်းများစွာ ထီပေါက်သွားရင် ၀မ်းသာလုံး ဆို့ပြီး အသက် သေစေနိုင်တယ်။ တစ်နေရာရာ၊ တစ်စုံတစ်ယောက်စီက ၀မ်းသာစရာ သတင်းတွေ ကြားမိရင်လည်း စိတ်ပျော်ရွင်မှုကို မထိန်းနိုင်ဘဲ အသက်သေဆုံး တတ်ပါတယ်။
ငိုကြွေးခြင်း ဆိုတာလည်း တစ်ဖက်စွန်းကို ရောက်သွားမယ် ဆိုရင် သတိလစ် မေ့မျော သွားတတ်ပါတယ်။ ဒီထက် ပိုဆိုးသွားရင် အသက်ပါ ထွက်သွားတတ်တယ်လေ။ မိမိရဲ့ စည်းစိမ်ဥစ္စာတွေကို ရန်သူမျိုး ငါးပါးက နှိပ်စက်လို့ ဆုံးပါးသွားတဲ့ အခါမှာ ပူဆွေးဝမ်းနည်းမှု တွေကြောင့် အသက်ကို ဒုက္ခပေးတော့တာပဲ။
ပျော်ရွင်လို့ပဲ ဖြစ်ဖြစ်၊ ပူဆွေးလို့ပဲ ဖြစ်ဖြစ် အစွန်း အထွက် များသွားရင် အသက်ကို သေစေနိုင်တာကတော့ အတူတူ ဖြစ်နေပါတယ်။ ပုထုဇဉ်တွေမှာ အသိဉာဏ်ပညာ အားနည်းနေသ၍ ပျော်ရွင်မှုနဲ့ ၀မ်းနည်းမှု တွေကို ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့ရာ မလွယ်ကူလှပါဘူး။ အသိဉာဏ်ပညာ အားကောင်းလာရင်တော့ အစွန်းရောက်နေတဲ့ အရာတွေကို ထိန်းညှိလာနိုင် ပါလိမ့်မယ်။
အရိယာ သူတော်စင်တွေဟာ အဲဒီ အစွန်းထွက်တွေကို တဖြည်းဖြည်းနဲ့ ထိန်းနိုင်လာပါပြီ။ သတိ အားကောင်းနေကြပြီလေ။ ကိလေသာတွေ ကင်းစင် နေပြီး ရဟန္တာ အဆင့် ဖြစ်သွားပြီ ဆိုရင်တော့ အစွန်းထွက်တာ လုံးဝ မရှိတော့ဘဲ ဟန်ချက်ညီသွားပါပြီ။ ဟန်ချက်ညီမှသာ နိဗ္ဗာန်ကို အလွယ်တကူ ရောက်မှာလေ။ ဟန်ချက်မညီ သေးဘဲ အစွန်းထွက်နေသေး သ၍ကတော့ စိတ်ဆင်းရဲမှုတွေနဲ့ပဲ ကြုံတွေ့နေရဦးမယ်လေ။
ဟန်ချက်ညီသွားတဲ့ သူတွေဟာ ပျော်ရွင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ မရှိတော့ပါဘူး။ တည်တည် ငြိမ်ငြိမ်နဲ့ပဲ လောကကြီးကို ရင်ဆိုင်သွားကြပါတယ်။ တည်ငြိမ်ခြင်းဟာ အေးချမ်းခြင်းပါပဲ။ မတည်ငြိမ်သေး သ၍ကတော့ အေးချမ်းမှုတွေကို ဘယ်လိုနည်းနဲ့မှ ရနိုင်မှာ မဟုတ်ဘူး။
အဲဒါကြောင့် လောကကြီးထဲမှာ တွေ့ကြုံလာမယ့် လောကဓံတွေကို အစွန်းမထွက်စေဘဲ တည်ငြိမ်ခြင်းနဲ့ ရင်ဆိုင်သွားမယ် ဆိုရင် အေးချမ်းမှုတွေကို မလွဲမသွေ ရမှာပါ။ ဒါကြောင့် တည်ငြိမ်မှ အေးချမ်းမှာ ဆိုတာကို အာမခံ ပေးစရာ လိုမည် မထင်တော့ပါ…..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP