ဗောဓိမြိုင်ဓမ္မရသစာစု(၂)-လူလိုနေ လူလိုသေဖို့
လူ့ပြည်သို့သက် ရည်ရွယ်ချက် အမြတ်ထွက်ဖို့ကို။
ကောင်းချိန်တစ်ဝက် မြတ်မထွက် ရှေ့ဆက်အရှုံးပို။
ကိုယ့်ဖို့မရှာ သူ့ဖို့ရှာ ရှုံးရာ ကြွေးလိုက်သလို။
ကိုယ့်ဖို့ရှာရင်း သူပါပင်း လက်ငင်းစွန်းထွက်ပို။
ကိုယ်ကောင်းလည်းသိ သူကောင်းကြည့် ပေါင်းမိကြစေလို။
*** ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး***
လူလိုနေ လူလိုသေဖို့
ခွဲခြမ်းသိ သိစေတတ်သော ဥာဏ်သည် လူသဏ္ဍာန်မှာသာ တည်ရှိလေရာ ထိုအသိ ထိထိမိမိ အသုံးချတတ်ဖို့လိုသည်။ ငါးသည် မြှံးလည်း မရက်တတ်၊ မြှံးမှလည်းမထွက်တတ်၊ လူသည်ကား မြှံးလည်းရက်၊ မြှံးမှလည်း ထွက်တတ်၏။ ထိုမျှ လူနှင့်တိရိစ္ဆာန် အသိဥာဏ်ချင်း ကွာခြားနေချေရာ လူသည်ကြိုက်လျှင်လိုက်၊ မကြိုက်လျှင်တိုက်၊ မသိခိုက်ဖြင့် မလုံလောက်၊ သဘောကျလျှင် အကောင်း၊ သဘောမကျ အဆိုး၊ ထိုအသိမျိုးဖြင့်လည်း မလုံလောက်။
-နွားလှည်းသွားရာ ဦးစီးပါမှ အရာရောက်ပမာ၊
-ကိုယ်ခန္ဓာသွားရာ အသိပါမှ အရာရောက်မည်ကိုဆင်ခြင်၍
-ငါးထားရာအရှိ ငါးသွားရာကြည့်မှ မိသည်ပမာ
-ခန္ဓာအရှိ ခန္ဓာလှုပ်ရှားဆဲကြည့်မှ မိမည်ကိုဆင်ခြင်၍
သွားသွား၊စားစား၊နားနားနေနေ ကိုယ့်ခန္ဓာတွင် ကိုယ့်စိတ်သွင်း ကိုယ့်အဖြစ် ကိုယ့်သနစ် စစ်ဆေးရင်းဖြင့် သွားလာနေထိုင်တတ်ကြရာ၏။ ထိုသို့သာ နေထိုင်တတ်လာသော်- မသေခင် ကံအကျိုးပေး ခံစားနေရာ၌ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြမ်း သိ-သိ သိနေတော့ပြီ၊ အကျိုးမဲ့ အပြစ်ရှိကို လက်လွှတ်၍ အကျိုးရှိ အပြစ်မဲ့ကိုချည်း ရွေးချယ်ပြုကျင့်နေရော့မည်။ သေခါကာလ၌လည်း လက်တွင်းမိ သတိအသိများက စိတ်ကို ရှေ့ရောက်နောက်ပြန်လည်း မခံ၊ သူတကာထံ၌လည်း အလည်သွားခွင့်မပြု၊ ပစ္စုပ္ပန်တည့်တည့်ရှိ မိမိခန္ဓာ၌သာ ရှုသိခွင့်ပေးထားရကား တွေးမှဖြစ်သော ကိလေသာ၊ ပြေးမှလိုက်သော ကိလေသာတို့ မ၀င်လာဘဲဖြစ်ပျက်မြင် လူစိတ်သက်သက်ဖြင့်သာ အသေဆုံးပေရော့မည်။ ထိုနေခြင်းသည်သာ အကြွေးကင်းသော နေနည်းတည်း။ ထိုသေခြင်းသည်သာ ကိုယ်ပိုင်ဘ၀ မဆုံးရှုံးစေသော သေနည်းတည်း။ ။

0 comments:
Post a Comment