*မွေးနေ့ရှင် သုံးဦးအတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံ စည်းချက်များ*
ဓမ္မ မောင်နှမတို့ရေ…
အခုလာမယ့် မေ-၂၇၊ မေ-၂၈ နဲ့ မေ-၃၀ ရက်နေ့ တွေမှာ ကျရောက်မယ့် မွေးနေ့ရှင် သုံးဦး (ဆရာတော် ၂-ပါး၊ လူပုဂ္ဂိုလ် တစ်ဦး)တို့ အတွက် ရည်ရွယ်လို့ ကျွန်တော်က ကျွန်တော် ခံစားမိတဲ့ ရင်ခုန်သံ စည်းချက်လေး တွေနဲ့ ကဗျာလေးတွေ ဖွဲ့သီထား ပါတယ်။
အရှင်တိက္ခာဉာဏာလင်္ကာရ
ပထမဆုံး မေ-၂၇ ရက်နေ့မှာ ကျရောက်မယ့် ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်)ရဲ့ ၃၁-နှစ်ပြည့် မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေနဲ့ ခံစား ရေးဖွဲ့ ပူဇော်မိတဲ့ ကဗျာလေးက… “နိဒါန်းမရှိသော နိဂုံးဆီသို့”၊ တစ်နည်းအားဖြင့် “အစမရှိသော အဆုံး ဆီသို့” ပေါ့။ ကဲ… ဖတ်ရှုဆင်ခြင် ဉာဏ်သက်ဝင် ကြည့်ရအောင်…။
*နိဒါန်းမရှိသော နိဂုံးဆီသို့*
ငွေစက်ငွေပေါက်၊ ငွေရည်သောက်လို့
မိုးပေါက်ကြွေကျ၊ နယုန်လမှာ
လောကကမ္ဘာ၊ ဤမြေရွာကို
ချစ်မေတ္တာလွှမ်း၊ ချစ်သဒ္ဓါဆမ်း၍
ချစ်ပန်းကိုပျိုး၊ ချစ်စိုးမိုးလေ
စိုးပါစေဟု၊ ရည်ရွယ်ပြုလျက်
“ချစ်စိုး” ဟုတွင်၊ ငါသည်ပင်လျှင်
မွေးမိခင်၏၊ ရွှေရင်မှဖွား
လူ့ပြည်လားပြီ
ဤသို့နိဒါန်း ချီခဲ့သည်။
ဤနိဒါန်းဖြင့်၊ သက်တမ်းမြင့်၍
ဆယ်ဆင့်ကျော်သော်၊ ငါလူမော်သည်
တော်တော်တန်တန်၊ လူသာမန်တို့
ရံဖန်ရကြ၊ မြင့်မြတ်လှသော
သာသနာ့နွယ်ဝင်၊ ကိုရင်ဘဝ
“တိက္ခဉာဏ”၊ ဘွဲ့တော်ခလျက်
ဘုရာ့ရှင်ချစ်၊ သားစင်စစ်သို့
ဖြစ်ဖြစ်မြောက်မြောက်၊
ဆိုက်ရောက်ခဲ့ပြီ၊ ဆိုက်ရောက်ပြီတည့်။
ထိုဘ၀ဖြင့်၊ အနေရင့်၍
နေမြင့်ဖန်များ၊ နေဖန်များသော်
ချိန်ကားကုန်ပြန်၊ ရဟန်းခံသည်
ငါသည် ဤသို့ စာကိုယ်စီ။
အေးချမ်းသပ်ရပ်၊ ရဟန်းဝတ်ဖြင့်
မချွတ်ဝိနည်း၊ ထိန်းစောင့်စည်းရင်း
စာပေကျမ်းဂန်၊ လေ့လာအံရင်း
သာသနာ့တာဝန်၊ ထမ်းကျေပွန်ရင်း
ချိန်လွန်ကုန်ခမ်း၊ စာကိုယ်လမ်းကို
လျှောက်လှမ်းညီညီ၊ လှမ်းခဲ့သည်မှာ
ဒီနေ့ဒီခါ၊ ဒီချိန်ခါဝယ်
သုံးဆယ်လွန်မြောက်၊
သုံးဆယ့်တစ်သို့ ရောက်ချေပြီ။
လှပမြင့်မြတ်၊ ဤနေ့ရက်ဝယ်
အတွေးကြွယ်ပွား၊ ငါစဉ်းစားမိ
စဉ်စားကြည့်သော်၊
သက်ရှိငါသည်၊ နိဒါန်းကိုချီ
စာကိုယ်စီလျက်၊ မညီလမ်းထက်
လမ်းလျှောက်ထွက်၍၊ ခရီးဆက်ခါ
လှမ်းနေပါသည်၊
ထိုသို့လှမ်းရင်း၊ ဖြတ်သန်းရင်းပင်
တစ်ချိန် နိဂုံးဆုံးချေမည်။
ထပ်လောင်းစဉ်းစား၊ အတွေးပွားသော်
ထိုနိဂုံး၏၊ အဆုံးသတ်မျဉ်း
ဖြောင့်ဖြောင့်စင်းအောင်၊ စွမ်းဆောင်နိုင်သူ
ကျင့်နိုင်သူမှာ၊ ငါကိုယ်တိုင်သာ
ဖြစ်တည်ပါ၍၊ ပျက်စီးခန္ဓာ
စဉ်အလာကို၊ ကောင်းစွာနှလုံး
ငါမွေ့ထုံးလျက်၊ မပျက်သုဉ်းခင်
အဆုံးဖြစ်ပျက်၊ မြင်တွေ့အပ်အောင်
ကျင့်ဆောင်ပွားများ၊ ငါကြိုးစားမည်
အစနိဒါန်း ဆုံးဖို့ရည်။
အဆုံးနိဂုံး လှစေမည်။ ။
27.05.2009 -ရက်နေ့တွင် ကျရောက်သော ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ၏ ၃၁-နှစ်မြောက် မွေးနေ့ မင်္ဂလာအတွက် စပ်ဆို သီကုံး ပူဇော်ပါသည်။ ဘုန်းဘုန်း ကျန်းမာစွာဖြင့် သာသနာ့ တာဝန်တွေ စိတ်ရှိသ၍ ဆောင်ရွက်နိုင်ပါစေ ဘုရား။
လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား
**************************************************
နောက်ထပ် ဆရာတော် တစ်ပါးက ဘုန်းဘုန်း ဦးနာယကာ လင်္ကာရ ပါ။ ဘုန်းဘုန်းကတော့ ခုလာမယ့် မေ-၂၈ ရက်နေ့ဆို သက်တော် ၃၂-နှစ် ပြည့်ပါပြီ။
အရှင်နာယကာလင်္ကာရ
ဘုန်းဘုန်းရဲ့ မွေးနေ့ မင်္ဂလာ အတွက် ကျွန်တော် ရင်ခုန် ခံစားပြီး ရေးစပ် ပူဇော်ထားတဲ့ ကဗျာလေးက “သစ္စာရှာဖို့ မြင်းစီးသူ” တဲ့။ ဒီကဗျာလေးက ကျွန်တော် ရေးပြီးသားပါ။ ဘလော့မှာလည်း တစ်ကြိမ် ဖော်ပြ ပြီးသားပါ။ ဘုန်းဘုန်းရဲ့ မွေးနေ့မှာ ဘာလို့ အသစ်ထပ် မရေးတာလဲ ဆိုတော့ နောက်ထပ် အသစ် ထပ်ရေးလည်း ဒီကဗျာလေးရဲ့ အရသာကို မှီနိုင်စွမ်း ရှိမယ်လို့ ကျွန်တော့် အနေနဲ့ မထင်လို့ပါ။ ဘုန်းဘုန်းရဲ့ ဦးနာယက ဆိုတဲ့ ဘွဲ့တော် လေးကိုပဲ အခြေတည်လို့ ရေးဖွဲ့ထားတဲ့ ကဗျာလေးက ဒီလို…။
*သစ္စာရှာဖို့ မြင်းစီးသူ*
အလိုဗျာ အရှည်တွေးလိုက်တော့
အို ‘နာ’ သေ ဘေး မကြိုက်တော့တာမို့
စရိုက်ကိုပြင်

အကြိုက်ကို နှင်ပြီ
အလျင်သာသော့လော့ ကဏ္ဍက
ရင်မှာတော့ မချိပါဘူးလေ…။
အို…
ခန်းတွင်း ကုတင်မှာ
မွေ့ပျော်နေပါသော
‘ယ’သော်ဓရာရေ..
တော်ရာမှာ
ပျော်သလိုသာ နေတော့ကွယ်။
ခင်နှမအပေါ်လေ..
မောင်တော်ဘုရား
မတရားပြုရက်တယ်လို့တော့
မစွပ်စွဲလိုက်ပါနဲ့
မုန်းရက်လေတာတော့
မဟုတ်ပါဘူး
သို့ပေမယ့်ကွာ
သစ္စာကိုရှာချင်တာမို့
အတိတ်ကပုံရိပ်တွေကိုခ၀ါချ
အကြင်နာတွေကိုစွန့်လွှတ်
အချစ်တွေကို သင်ပုန်းချေ
သွားပြီ ယသော်ဓရာရေ…။
အော်…
ရင်မှဖြစ်သော
ချစ်စရာ့ ‘က’လေးငယ်
လူမမယ်စာမမြောက်
သားတော်ရာဟုလာရယ်
သားငယ်လေးကိုလည်း
ဖခမည်းတော်လေ
ရက်စက်လေတာ
မဟုတ်ပါဘူးကွာ
အသက်တမျှချစ်ပေမယ့်
လောကအကျိုးရှေးရှု
လောကလူသားတွေ
လွတ်မြောက်ရေးအတွက်
ငဲ့ကွက်ကာပင်
ချစ်ခြင်းကိုစတေးလို့
ခရီးအဝေးနှင်လိုက်ရပါပြီ
ကျန်ရစ်လေဦး သားတော်…။
ငါကိုယ်တော်လေ
ရင်တွင်းမှာပူနေပေမယ့်
သူသူငါငါ အကျိုးအတွက်
မှန်းလို့သာတွေးကြည့်တော့
နန်းကိုကျောခိုင်း
စိတ်ပိုင်းလိုက်ပြီ
လှမ်းပေတော့ ကဏ္ဍက။
မြတ်ဘုရားနှင့် ဘုန်းဘုန်းအား လေးစားကြည်ညို ရိုရိုသေသေ ရှိခိုးကန်တော့လျက်
ဖိုးသား
*************************************************************
ကဲ ဓမ္မမိတ်ဆွေတို့ မေ-၃၀ မှာ ကျရောက်မယ့် နောက်ဆုံး မွေးနေ့ရှင် လူပုဂ္ဂိုလ်က ဘယ်သူများလို့ ထင်ပါသလဲ။ အတွေးနယ် မချဲ့ပါနဲ့ မိတ်ဆွေတို့။ အဲဒီ မွေးနေ့ရှင်က ကျွန်တော် ကိုယ်တိုင်ပါပဲ။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ မသိခြင်းတွေကို အဖော်ပြုရင်း ခန္ဓာငါးပါး ၀န်တာကို ထမ်းဆောင်ခဲ့တာ အခု မေ-၃၀ ဆိုရင် ၂၄-နှစ် ပြည့်ပါပြီ။
ဒီနေရာကပဲ ရတနာ ၃-ပါး၊ ကျွန်တော့်ကို မွေးကျွေးခဲ့တဲ့ မိဘ ၂-ပါးနဲ့ စာတစ်လုံး စကား တစ်ခွန်းမှအစ အစစ အရာရာ သွန်သင်လမ်းပြ ဆုံးမခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ကို တရိုတသေ ဦးတိုက်လိုက် ပါရစေ။ အခွင့် မသင့်လို့ လူကိုယ်တိုင် လာရောက် မကန်တော့နိုင်ဘဲ အွန်လိုင်း စာမျက်နှာ ကနေ ဦးခိုက်ရှိခိုး ရခြင်းအတွက်လည်း တောင်းပန်ပါရစေ။
ဒီအွန်လိုင်း စာမျက်နှာကနေပဲ သွန်သင်သူတွေရဲ့ စကားကို ခံယူရင်း၊ ဘာသာရေး စာမျက်နှာ လေးတွေကို ဖတ်ရှုရင်းနဲ့ အနည်းငယ်သော ဘာသာရေး အသိလေးတွေ ကျွန်တော် ရခဲ့တယ်လို့ပဲ ဆိုရမပေါ့လေ။ အဲဒီ ဘာသာရေး အသိလေးတွေနဲ့ ကျွန်တော့်ရဲ့ မွေးနေ့အတွက် ဆင်ခြင် စဉ်းစားလို့ ရေးဖွဲ့မိတဲ့ ကဗျာလေးက နှစ်ပုဒ်ပါ။ ကဲ.. ဓမ္မ မောင်နှမတို့.. ကျွန်တော့်ရဲ့ ရင်ခုန်သံ စည်းချက် ကဗျာနှစ်ပုဒ်ကို ဖတ်ရှုစဉ်းစား အတွေးပွားလို့ အသိလေးတွေ တိုးအောင် ရွက်ဆောင် လိုက်ပါဦး…။
*ဘတ်ဒေးမှ ထွက်ပြေးပါရစေ*
ငါ့မွေးနေ့…
ဘာရေးရမလဲ
စဉ်းစားလေ မသိလေ။
မိုး…
မင်းရွာနေလား
ဖွဲဖွဲလေးလား
သည်းသည်းလေးလား
ဒါလည်း မသိဘူး။
ဘယ်သိပါ့မလဲ
ငါရောက်နေတာက
မင်းနဲ့ အဝေးမှာ။
ဒါပေမယ့်
နှစ်ဆယ့်သုံးကြိမ်တိုင်တိုင်
မင်းနဲ့အတူ
ဘ၀လှေကို
လှော်ခတ်ခဲ့ပြီးပြီ၊
ဘတ်ဒေးကနေ
ထွက်ပြေးခဲ့ပြီးပြီ
မရဏဆီကို ဦးတည်လျက်။
ဒီ…
နှစ်ဆယ့်လေးကြိမ်မှာတော့
မင်းးးး
တဖြောက်ဖြောက်တောင်
ကျနိုင်စွမ်းပါ့မလား…
ဒါလည်းပဲ
ငါကြို၍မသိ။
မိုးးးး
အခု သိလား
ငါ့ကိုယ်ငါ မေးမိတယ်
မွေးနေ့တွေ တရွေ့ရွေ့ကွယ်ပျောက်
ဘာလို့များ
သေမင်းဆီအရောက်လှမ်းနေရပါလိမ့်။
……
……
အော် ငါသိပြီ
ခန္ဓာ…
ဟုတ်တယ် ဒီခန္ဓာ…
ဒီကောင်ကြီး ရှိနေလို့
ဟုတ်တယ် မှတ်လား… မိုး။
ဒီခန္ဓာ ရှိနေသ၍
ဒီကိုယ်ကောင် တည်နေသ၍
အော်…
ဘတ်ဒေးရောက်တိုင်း
မိုးရယ်…
ငါ့ကို သူ
လက်ခမောင်းခတ် ဆီးကြိုနေတယ်
သေမင်းလေ။
တစ်နှစ်မှ တစ်နှစ်ကူး
၂၃-က ၂၄-ပြောင်း
အတိတ် ဘတ်ဒေးတွေ
ဟောင်းပြီးကျန်
အနာဂတ် ဘတ်ဒေးတွေကလည်း
သူ့ဆီပဲ ဦးတည်နေပါလား… မိုး။
ကြောက်တယ် မိုး
ခန္ဓာ နောက်ထပ်တည်ရမှာ။
ခုလည်း
ဆုတောင်း နေမိတယ်
ဘ၀အဆက်ဆက်ကနေ
ဒီနေ့အထိပြုခဲ့တဲ့
ကုသိုလ်တွေ သက်သေထူလို့
ဘတ်ဒေးမှ
ထွက်ပြေးပါရစေ
သေမင်းဆီမဟုတ်၊
တုနှိုင်းမမှီသော ငြိမ်းအေးမှုဆီ
မွေးနေ့တွေကနေ
လွန်မြောက်ပါရစေ
တစ်ခုတည်းသော လွတ်မြောက်မှုဆီ။
မိုး…
မင်းမကြားမှာ စိုးလို့
ထပ်ပြောလိုက်တယ်
ဘတ်ဒေးမှ ထွက်ပြေးရပါလို၏။
ဖျတ်ခနဲ ငဲ့ကြည့်မိ
အော်…
စင်မြင့်ထက်မှာ
ငြိမ်းအေးမှုသခင်
ဘုရားရှင်ပါလား…။ ။
ဤသံဝေဂ ကဗျာ၊ သံဝေဂ ဉာဏ်သည် နိဗ္ဗာန် ရောက်ကြောင်း၊ ဘတ်ဒေး ကနေ ထွက်ပြေး လွန်မြောက်ကြောင်း အထောက် အပံ့ကောင်း ဖြစ်ရပါလို၏ အရှင်ဘုရား။
(30.05.2009) စနေနေ့တွင် ကျရောက်သော ၂၄-နှစ်ပြည့် အမှတ်တရ သံဝေဂ။
လေးစားစွာဖြင့်
ဖိုးသား
===============================
နောက်တစ်ပုဒ်က...
*မွေးနေ့ရှင်ရဲ့ ဆင်ခြင်ခဏ်း*
ဘာလေးတွေလဲ
ဖြူလွလွငွေရောင်တန်းလေးတွေ
ကြယ်ကြွေတာလား… မနက်ခင်းကြီး
ငါမြင်ဘူးပါတယ်
အော်…
မသိခြင်းတွေနဲ့ မေ့လျော့နေလိုက်တာ
ချစ်စရာ့မိုးပွင့်လေးတွေပါလား
သံသရာ တစ်ကြော့
ပြန်လည်လို့ခေါင်းမော့လာပြန်ပြီ။
ဟော…
စိမ့်ကနဲ စိမ့်ကနဲနဲ့
အေးချမ်းမှုအရသာလေးတွေ
လာပြီးတို့ထိ ဆော့ကစား
ငါ့ကိုကြည်စားနေပြန်ပြီ။
အဲ…
ဘာလိုလိုနဲ့
ငါနဲ့မိုး
မိုးနဲ့ငါ
မခွဲမခွါ ပျော်ပါး
သစ္စာတွေထား
မေတ္တာတွေပွား
ကြည်နူး ပျော်ပါး
ရန်ဖြစ်
ပြန်ချစ်
… … …
… … …
နှစ်ဆယ့်လေးနှစ် ပြည့်ပြီ။
ငါ.. ဘာဖတ်နေတာပါလိမ့်
အော်.. မသိခြင်းငါးမျိုး
ဘယ်အရွယ်မှာ သေမှာလဲ…?
ဘာရောဂါနဲ့ သေမှာလဲ…?
ဘယ်အချိန်မှာ သေမလဲ…?
ဘယ်သုဿာန်မှာ စွန့်ပစ်ခံရမလဲ…?
ဘယ်ဘ၀ ရောက်မလဲ…?
မသိ
မသိ
ငါ.. လုံးဝမသိ။
ထား…
ငါဘာသိလဲ
မိုးပွင့်ကြွေကျ
အေးမြမှု အရသာ
အချိန်တန်ရင် ပျက်စီး
ဒါ.. ငါသိပြီးသား။
နောက်
ဘ၀ရေလှိုင်းထဲ
ငါကူးခတ်ခဲ့
စုန်ချည် ဆန်ချည်
မြင့်ချည် နိမ့်ချည်
ကွေ့ချည် ကောက်ချည်
ငါရောက်ခဲ့ဘူးပြီ။
စဉ်းစားစမ်း
မိုးကျေနပ်အောင်
ငါဘာလုပ်ဖို့ ကျန်သေးလဲ
ဆက်ဖတ်လိုက်တယ်
အနေတတ်ခဲ့
သေတတ်ရန်သာ ကျန်၏။ ။
ဒီကဗျာလေးက ၂၀၀၈ ခုနှစ် ၁၂ လပိုင်းအတွင်း ကျရောက်ခဲ့တဲ့ ကိုလွမ်းဝေ (အလှတရား)နဲ့ ကိုဝင်းမြင့် (သစ္စာတရား)တို့ရဲ့ မွေးနေ့ပွဲအတွက် ကျွန်တော် ရေးစပ်ပေးခဲ့တဲ့ *မေတ္တာဖြင့် စီရင်အပ်သော (သို့) မင်္ဂလာရှိသောနေ့* အမည်ရ ကဗျာလေးကို အနည်းငယ် ပြုပြင်လို့ ပြန်လည် ရေးသား ဆင်ခြင် လိုက်ခြင်းပါ။ ဤသို့ ကျွန်တော် ပြန်လည် ဆင်ခြင်မိသော သံဝေဂဉာဏ်သည် နိဗ္ဗာန် ရောက်ကြောင်း အထောက် အပံ့ကောင်း ဖြစ်ပါစေသား…။
(30.05.2009) စနေနေ့တွင် ကျရောက်သော ၂၄-နှစ်ပြည့် မွေးနေ့အတွက် ထပ်ဆင့် ဆင်ခြင်ခြင်း။
=========================================
အားလုံးသော ဓမ္မ မောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။
လေးစားစွာဖြင့်
ဖိုးသား
5/20/2009, WED:, 6:26:37 PM

0 comments:
Post a Comment