* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 21, 2009

အိပ်မက်ပြဿနာ ရှင်းတမ်း

အခုရက်ပိုင်းအတွင်း ထူးထူးဆန်းဆန်း အိပ်မက် မြင်မက်ကြသူတွေက မေးခွန်းတွေ မေးခဲ့ကြပါတယ်၊ သူတို့တတွေရဲ့ မေးခွန်းတွေကို အဖြေပေးရင်း စိတ်ဝင်စားစရာ ကောင်းတာမို့ ဘုရားရှင်ဟောကြားတော်မူတဲ့ ပါဠိတော်နဲ့ အဋ္ဌကထာဆရာများရဲ့ စာပေတွေကို လေ့လာဖတ်ရှုဖြစ်ပါတယ်၊

ဝိပလ္လာသ (၁၂ ) ပါးကို မပယ်သတ်ရသေးတဲ့ ပုထုဇဉ်နဲ့ သေက္ခပုဂ္ဂိုလ်များဟာ အိပ်မက် မက်ကြပြီး ရဟန္တာပုဂ္ဂိုလ်ကတော့ အိပ်မက် မမက်တော့ဘူးလို့်လို့ဆိုပါတယ်၊ အိပ်မက် မက်ရခြင်း အကြောင်းကို ပြဆိုရမှာတော့..

ဓာတုက္ခောဘ - သည်းခြေစသည်တို့ တုန်လှုပ်ခြောက်ခြားတဲ့အတွက်၊
အနုဘူတ ပုဗ္ဗ- ရှေးကခံစားခဲ့ဖူးတဲ့ အာရုံဖြစ်တဲ့အတွက်၊
ဒေ၀တောပသံဟာရ - နတ်တို့ရဲ့ တန်ခိုးနဲ့ ကောင်းကျိုး ဆိုးကျိုးကို သိစေလိုတဲ့အတွက်၊
ပုဗ္ဗနိမိတ္တ - ကိုယ်ပြုလုပ်ထားတဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို
ကို ကြိုတင် သိရှိစေတဲ့ ပုဗ္ဗနိမိတ်ကြောင့်…အိပ်မက် မြင်မက်တယ်လို့ စာပေတွေမှာ ဖော်ပြထားပါတယ်၊ ( အံ.ပဉ္စက.ပါ၊ ဋ္ဌ ) မိလိန္ဒပဥှ ပါဠိတော်မှာတော့ အိပ်မက် မက်ခြင်း အကြောင်းကို (၆) မျိုးခွဲခြားပြပါတယ်၊

အဲဒီအထဲမှာ ပုဗ္ဗနိမိတ်လို့ခေါ်တဲ့ ကိုယ်လုပ်ခဲ့တဲ့ ကောင်းကံ ဆိုးကံရဲ့ အစွမ်းနဲ့ ကောင်းကျိုး ဆိုးကျိုးကို ကြိုတင်သိရှိစေတဲ့ အိပ်မက် မျိုးဟာ မှန်ကန်တယ်လို့ ဆိုပါတယ်၊ ပြီးတော့ အချိန်ကာလအနေနဲ့ မနက်ပိုင်း မက်တဲ့ အိပ်မက်က ပိုမှန်တယ်လို့ စာပေတွေမှာ ဖော်ပြပါတယ်၊ ဥပမာပြောရရင် မှန်ထဲမှာ အရိပ်ပေါ်လာတာဟာ အဲဒီအရိပ်ကိုယ်တိုင်က မှန်ရှေ့ကို ရောက်လာလို့ မှန်ထဲမှာ ပေါ်လာသလို ကိုယ်လုပ်တဲ့ကံတွေက ကိုယ့်စိတ်ထဲမှာ အရိပ်လို လာပေါ်တာကို ပုဗ္ဗနိမိတ်ကြောင့် အိပ်မက် မြင်မက်တယ်လို့ ဆိုရပါတယ်၊ အိပ်မက် မက်ချိန်ဟာ နိုးတ၀က် ပျော်တ၀က် ကာလလေးမှာ မြင်မက်တတ်ပါတယ်၊

ဘုရားလောင်းကိုယ်တော်တိုင် ဘုရားမဖြစ်ခင်မှာ အိပ်မက်ကြီး ငါးမျိုးကို မြင်မက်တော်မူခဲ့ပါတယ်
( အံ.ပဉ္စက ပါဠိ ).
သဗ္ဗညုတ ဥာဏ်တော်မြတ်ကို ထိုးထွင်းသိခြင်းရဲ့ ကြိုတင်နိမိတ် အဖြစ်နဲ့ ဘုရားလောင်း မြင်မက်ခဲ့တာက ဒီမြေကြီးကို အိပ်ယာလုပ် ဟိမ၀န္တာတောင်ကို ခေါင်းအုံးလုပ်ကာ အရှေ့ အနောက် သမုဒ္ဒရာမှ လက်နှစ်ဖက်ကို ထားပြီး တောင်သမုဒ္ဒ၇ာမှာ ခြေတောက် နှစ်ဖက်ကို ထားရတယ်လို့ မြင်မက်ခဲ့ပါတယ်၊

မဂ္ဂင် ရှစ်ပါးကို ထိုးထွင်းသိပြီး လူ နတ် ဗြဟ္မာတွေကို တရား ဟောပြရမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ တိဏ မြက်က ဘုရားလောင်းရဲ့ ချက်တော်ကနေ ထိုးထွက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်လို့ မြက်မက်ခဲ့ပါတယ်။

လူနတ်ဗြဟ္မာတွေ သရဏဂုံတည်ပြီး ရတနာသုံးပါးကို ဆည်းကပ်လာကြမယ်ဆိုတဲ့ ကြိုတင် နိမိတ်အနေနဲ့ ဦးခေါင်းမှာ အမည်းရောင်ရှိတဲ့ ပိုးကောင်လေးတွေဟာ ဘုရားလောင်းရဲ့ ပုဆစ် ဒူးဝန်းတခုလုံးကို ဖုံးလွှမ်းပြီး တက်တယ်လို့ မြင်မက်ပါတယ်၊

အမျိုးလေးပါးက လူတွေ ဘုရားရှင် သာသနာတော်မှာ ရဟန်းပြုကြမယ်ဆိုတဲ့ ကြိုတင်နိမိတ်အနေနဲ့ အရပ်လေးမျက်နှာက အရောင်သွေးစုံတဲ့ ငှက်တွေဟာ ဘုရားလောင်းရဲ့ ခြေတော်ရင်းမှာ တကိုယ်လုံး အဖြူရောင် ဖြစ်သွားကြတယ်လို့ အိပ်မက်ထဲမှာ မြင်တော်မူတယ်

ပစ္စည်း လေးပါး အပေါ်မှာ ကပ်ငြိခြင်းမရှိဘဲ သုံးစွဲတော်မူမည့် အကြိုနိမိတ်အနေနဲ့ ဘုရားလောင်းမြင်မက်တာက မစင်ပုံကြီးအပေါ်မှာ မစင်တွေမလူးဘဲ လမ်းလျှောက်နေရတယ်လို့ မြင်မက်တော်မူပါတယ်…ဒါကတော့ ဘုရားလောင်း ဘ၀က ကြိုတင်နိမိတ်အနေနဲ့ မြက်မက်ခဲ့သလို တကယ်လည်း ဘုရားဖြစ်လာတဲ့အခါမှာ တကယ့်ကို ကွက်တိမှန်ကန်နေတာကို တွေ့မြင် ကြည်ညိုနိုင်ပါတယ်။
ပြီးတော့ ကောသလ အိပ်မက် ဟာလည်း ယနေ့ခေတ်မှာ မှန်ကန်နေတာကို ထောက်ချင့်သိနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်.

ဘယ်လိုပဲ ဖြစ်ဖြစ်.. မလွန်ဆန်နိုင်တဲ့ သဘာဝလောကကြီးထဲမှာ ရှင်သန်နေရသူများမို့ အိပ်မက်တွေ မြင်မက်တိုင်း ဒီတရားတော်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အကောင်း အဆိုး ကံအမျိုးမျိုးအတွက် ပြင်ဆင်နိုင်ကြပါလိမ့်မယ်၊

ကောင်းကောင်း ဆိုးဆိုး အိပ်မက်မျိုးစုံကို တွေ့ကြုံ မြင်မက်ရတိုင်း ကိုယ့်ကံတွေကို မြှင့်တင်နိုင်အောင် သို့မဟုတ် အိပ်မက်က ပြောတဲ့ သံဝေဂတွေနဲ့ ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြပါစို့လို့သာ စေတနာစကားနဲ့ တိုက်တွန်းပရစေလား၊။


ကျမ်းညွှန်း၊ ၊အဘိ-၂ ဋ္ဌ-၃၈၉
အံ ပဉ္စက ပါဠိ-၂၀၉
မဟာနိ ပါ-၂၉၇


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP