* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 21, 2009

အနှစ်သာရမဲ့ဲ့စွာ . . . . .

ကမ်းခြေကျောက်ဆောင်ကို ပင်လယ်လှိုင်းတို့ ထိခိုက်ရာမှဖြစ်ပေါ်လာသော ရေမြှုပ်တို့ကို မြင်လေတိုင်း။

ရေမျက်နှာပြင်ပေါ်သို့ မိုးရေစက်တွေကျရာမှ ဖြစ်ပေါ်လာသော ရေပွက်တို့ကို မြင်လေတိုင်း၊


နွေနေ့လယ် အပူရှိန်ကြောင့် လမ်းမပေါ်၌တွေ့ ရတတ်သော အပူလှိုင်း တံလျှပ်တို့ကို မြင်လေတိုင်း၊


ငှက်ပျောပင်၊ ငှက်ပျောတုံးကို တစ်ဆင့်ပြီး တစ်ဆင့်၊ တစ်ရစ်ပြီးတစ်ရစ် အခွံနွှာကြည့်သည့်အခါ အတွင်းသားမရှိခြင်းကို မြင်လေတိုင်း၊


လမ်းဘေးမျက်လှည့်ပွဲများ၌ မျက်လှည့်အတတပညာရှင်တို့၏ လှည့်ဖြားတတ်သော အတတ် ပညာကိုမြင်လေတိုင်း၊

ဘုရားရှင်ဟောကြားတော်မူသည့် ခန္ဓာငါးပါး၏ သဘောသရုပ်ကို ကွင်းကွင်းကွက်ကွက် သတိရမိသည်။


ဖောက်ပြန်ပျက်စီး တတ်သော သဘောအစု ဖြစ်ပျက်မှုသည် ရေမြှုပ်နှင့်တူသည့် ရူပက္ခန္ဓာ။


ခံစားတတ်သော သဘောအစု ဖြစ်ပျက်မှုသည် ရေပွက်နှင့်တူသည့် ဝေဒနာက္ခန္ဓာ။


မှတ်သားတတ်သော သဘောအစု ဖြစ်ပျက်မှုသည် တံလျှပ်နှင့်တူသည့် သညာက္ခန္ဓာ။


စေ့ဆော်တိုက်တွန်းတတ်သော သဘောအစု ဖြစ်ပျက်မှုသည် ငှက်ပျောတုံးနှင့်တူသည့် သင်္ခါရက္ခန္ဓာ။


သိတတ်သော သဘောအစုဖြစ်ပျက်မှုသည် မျက်လှည့်နှင့်တူသည့် ၀ိညာဏက္ခန္ဓာ။


အားလုံးသည် သဘောအစုမျှသာ။ ဖြစ်ပျက်မှု သဘောတွေသာ။ အပေါင်းအစု၊ အဖွဲ့အစည်းတွေသာဖြစ်သည်။ ပေါင်းစုဖွဲ့စည်းနေသောအခါ အား ဆိုသည့် သဘောတစ်ခုဖြစ်ပေါ်လာ၏။ တစ်စစီဖြုတ်ကြည့်လိုက် သောအခါတွင်မူ အားတို့ ပျက်ပြယ်ပြီတည်း။ တစ်ခု ချင်း၊တစ်စချင်း၌ ပင်ကိုယ်သတ္တိတစ်ခုစီ ရှိနေသော်လည်း စုဖွဲ့၍မထားပါက ဘာမျှစွမ်းပကား မရှိတော့။ တစ်ခုချင်း၊ တစ်စချင်းစီ၏ လှုပ်ရှားသက်ဝင် ဖြစ်ပေါ်ပြောင်းလဲမှုတကား အား ဟူ၍ပင် မဆိုနိုင်၊ စွမ်းပကားဟူ၍ မပြနိုင်။ သတ္တိဟူ၍ပင် မထင်ရှား။ ပေါင်းစပ်စုဖွဲ့လေမှပင် သတ္တိတို့၊ စွမ်းပကားတို့၊ အားတို့ဟူသည် ဖြစ်ပေါ်လာစမြဲ။ ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာအိမ်အပေါင်းအစပ် အစုအဖွဲ့ကြီးကို တစ်စစီ၊ တစ်ခုစီ ခွဲခြမ်းစိတ်ဖြာကြည့်၊ ပေါင်းစပ်စုဖွဲ့နေသော သဘောကို တစ်စစီစိတ်ဖြာရင်းမှ မြင်အောင်ကြည့်။ နောက်ဆုံး အမှုန်အမွှားအဆင့်အထိ မြင်အောင်ကြည့်။ ခန္ဓာငါးပါးကိုပင်လျှင် ရုပ်နာမ်နှစ်ပါး အဆင့်အထိ မြင်အောင်ကြည့်။ ရုပ်နာမ်နှစ်ပါးကိုပင် ဖြစ်ပျက်အဆင့်အထိ မြင်အောင်ကြည့်။ ရုပ်ဖြစ်စေ၊ နာမ်ဖြစ်စေ အကြောင်းတိုက်ဆိုင်မှဖြစ်လာ။ ပြီးတော့ ပျက်သွား။ ဖြစ်ပျက်-ဖြစ်ပျက်နှင့်ကြာတော့ အနှစ်အရသာမရှိ ပါလားဆိုတာ ရိပ်မိလာမည်။ ထိုအခါ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမဟူသော ကနဦးက သဏ္ဌာန်ကွဲသည်ဟူသော အထင်သည် လုံးဝပျောက်သွားတော့မည်။ တစ်ဖန် ဖြစ်ပျက်သဘာဝ ပင်လျှင် ကြည့်ရင်းမှ ကြာတော့ အဖြစ်ကိုပင် မတွေ့နိုင်တော့။ အပျက်တွေချည်းပဲ တွေ့တော့မည်။ အနှစ်သာရမရှိသည့် သဘောသည် ပိုမိုပေါ်လွင်လာပြီ။ ထိုအခါ ဘာကိုတွယ်တာ၍ နေတော့မှာလဲဟူသော ဉာဏ်သည် ထင်ရှားလာသည်။ ဘ၀သံသရာမှာ ခန္ဓာအမျိုးမျိုးလဲ၍ ရခဲ့သမျှ ဤအနှစ်သာရမရှိသည့် သဘော သဘာဝကိုပဲ ရခဲ့တာပါလားဟု ထင်ရှားသိမြင်လာလျှင် .....။ သို့သော် ထိုနေရာအရောက်တွင် အပ္ပမာဒ သတိတရားကို အရှိန်မြှင့်၍ ဆက်ကြည့်ရန်လည်း မမေ့လိုက်ပါနှင့်ဦး။

၅-၅-၂၀၀၁

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။
(ကျွန်တော်ကိုယ်တိုင်မရေးပေမယ့် ကျွန်တော့်သွေးထဲက စီးသွားတဲ့စာတစ်စောင်လို ကြိုက်တဲ့အတွက် ဆရာမြသန်းစံ၏ ဆောင်းပါးကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP