အရေးကြီးသောတရားနှစ်ပါး
လောကတွင်ရှိသင့်သောတရားနှင့် သိသင့်သောတရား (၂)ပါးရှိပါသည်။ ရှိသင့်သောတရားက ဟီရိသြတ္တပ္ပတရားဖြစ်ပြီး၊သိသင့်သောတရားက မဂ္ဂင်ရှစ်ပါးတရားဖြစ်ပါသည်။
ဟီရိသြတ္တပ္ပဆိုသည်မှာမကောင်းမှုဒုစရိုက်ကိုပြုရမည်မှရှက်ခြင်းသဘောသည်ဟီရိဖြစ်၍ကြောက်လန့်ခြင်းသဘောကားသြတ္တပ္ပဖြစ်သည်။ထိုကြောင့်“ဒုစရိုက်ကို-ဟီရိရှက်စွာ၊လန့်သြတ္တနှင့်”ဟုဆိုခဲ့ပါသည်။ဟီရိသြတ္တပ္ပတရား(၂)ပါးတို့တွင်မိမိ၏ဂုဏ်သိက္ခာစောင့်ရှောက်လေ့ရှိသူတို့၌ဟီရိတရားထင်ရှားသကဲ့သို့ဆရာမိဘဆွေမျိုးစသူနှင့်အခြားလူများကိုလေးစားသူ၌သြတ္တပ္ပတရားထင်ရှားပေသည်။အမျိုးကောင်းသူကလည်းမကောင်းမှုပြုနေလျှင်ရှက်စရာဖြစ်နေမည်ဟုမိမိအမျိုးဂုဏ်ကိုစောင့်ထိန်းသောအားဖြင့်မကောင်းမှုပြုရမည်ကိုရှက်ကြောက်သောအားဖြင့်လည်းကောင်း၊ပညာတတ်သူကလည်းအောက်ကျသောမကောင်းမှုပြုရမည်ကိုရှက်ကြောက်သောအားဖြင့်လည်းကောင်း၊အသက်ကြီးသူကလည်းမကောင်းမှုပြုနေလျှင်ရှက်စရာကြီးဖြစ်နေမည်ဟုရှက်ကြောက်သောအားဖြင့်လည်ကောင်းစသည်ဖြင့်မိမိမှာရှိသောဂုဏ်တခုခုကိုလေးစားသောသူ၌ဟီရိတရားထင်ရှားလေသည်။ကိုယ်မကောင်းမှုပြုလုပ်လျှင်ကိုယ့်မိဘဆွေမျိုးဆရာသမားများသူတပါးအကဲ့ရဲ့ခံရ၍“တံတွေးခွက်ပက်လက်မျော” ကာ“ငါးခုံးမတစ်ကောင်ကြောင့်တလှေလုံးပုပ်”ရလိမ့်မည်ဟုငဲ့ညှာတွေးတောတတ်သူ၌ဒုစ၇ိုက်မှကြောက်လန့်တတ်သောသြတ္တပ္ပတရားဖြစ်ပါသည်။ထို့ကြောင့်ဟီရိနှင့်သြတ္တပ္ပတရား(၂)ပါးသည်ကမ္ဘာပေါ်ရှိလူသားအားလုံးအတွက်သားနှင့်အမိ၊မောင်နှင့်နှမစသည်ခြားနားအောင်စောင့်ရှောက်တတ်သောကြောင့်“လောကပါလ=ကမ္ဘာစောင့်တရား” ဟုလည်းကောင်း၊ဖြူစင်သန့်ရှင်းအပြစ်ကင်းအောင်ပြုတတ်သောကြောင့် “သုက္ကဓမ္မ=ဖြူစင်သောတရား”ဟုလည်းကောင်းနာမည်ခေါ်တွင်ပါသည်။လူ့လောကတွင်ဤတရားနှစ်ပါးသာမရှိပါမူတိရိစ္ဆာန်တို့နှင့်မထူးခြားဘဲမှားချင်တိုင်းမှား၍မကြားကောင်းမနာသာတွေဖြစ်ကုန်ပါမည်။ယခုအခါတွင်ဟီရိသြတ္တပ္ပကင်းသူတို့နှင့်ပေါင်းသင်းဆက်ဆံ၍နေကြရသဖြင့်အ၀တ်အစားအနေအထိုင်အသွားအလာမှစ၍အမြင်မတော်စရာတွေဖြစ်ပေါ်လာသဖြင့်ဤအတိုင်းသာဆက်သွားနေပါကမတွေးဝံစရာတွေဖြစ်ပေါ်လာမည်ဖြစ်ပါသည်။
နှိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလမ်းမှန်တရား၊လောကတွင်သိသင့်သောတရားကမဂ္ဂင်ရှစ်ပါးတရားဖြစ်ပါသည်။မဂ္ဂရှစ်ပါးတရားမှာ-
၁။ သမ္မာဒိဋ္ဌိ= ကောင်းသော အလိမ္မာဥာဏ်ပညာ။
၂။ သမ္မာသင်္ကပ္ပ=ကောင်းသော အကြံအစည်။
၃။သမ္မာဝါစာ= ကောင်းသောစကားဆိုခြင်း။
၎။ သမ္မာကမ္မန္တ= ကောင်းသော အမှုကိုပြုခြင်း။
၅။ သမ္မာအာဇီဝ= ကောင်းသော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမ= ကောင်းသောအားထုတ်ခြင်း။
၇။ သမ္မာသတိ= ကောင်းသော အမှတ်ရခြင်း။
၈။ သမ္မာသမာဓိ= ကောင်းသော တည်ကြည်ခြင်း။ တို့ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်ကသစ္စာလေးပါးတရားကိုကိုယ်တော်တိုင်သိတော်မှုပြီးနောက်ဘုံသုံးပါးတွင်ရှိ သောသတ္တ၀ါ တို့ကိုလည်းကိုယ်တော်ကဲ့သို့သိတော်မူရန်ဟောကြားတော်မူခဲ့ပါသည်။သံသရာဒုက္ခမှလွတ်မြောက်ရန်အတွက်လောဘတဏှာများကိုဖယ်ရှားပြီးမဂ္ဂင်ရှစ်ပါးတည်းဟူသောလမ်းကောင်းကြီးကိုသာသတိတရားကောင်း

စွာထား၍ကျင့်ကြံအားထုတ်သွားလျှင်နိဗ္ဗာန်ချမ်းသာကိုမလွဲမသွေရောက်ရှိခံစားရမည်ဖြစ်ပါသည်။

0 comments:
Post a Comment